Sunday, June 28, 2015

အလိုရမ္မက်ကြီးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ


လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရမလို ဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်သေးဘဲ တစ်ခုပြီးတစ်ခု တိုးတိုး တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန် ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာမှန်သမျှ အကုန် တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကို ထောက်ထားငဲ့ညှာပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင် တောင် တချို့တစ်ဝက်တော့ လိုက်လျောမှုတွေ ပြန်ပေးနေတာ တွေ့ရပါတယ်။ဒါပေမယ့် ညှိလို့မရတဲ့အဖြေတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကလည်း ကိုယ်ပိုင်တပ်မတော်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုနေသလို၊ စီးပွားရေးတောင့်တင်း ဖို့နဲ့ လူ၊ လက်နက် အင်အားတွေ တိုးချဲ့နိုင်ဖို့ ထပ်ပြီးကြိုးရှည်ရှည်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရာကြီးကို ဆွဲဆန့်ထား ကြပြန်တယ်။ အခုလည်း ကြည့်လေ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် အသိသက်သေလုပ်ထားတဲ့ NCA မူကြမ်းကို ထပ်တိုးတောင်းဆိုချက်တွေနဲ့ ပြန်ပြင်ဆင်ဦးမတဲ့။

အပစ်အခတ်ရပ်စဲရေးအတွက် အရင်ကလုပ်ဆောင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ဟာ အခုချိန်မှာ အတည်ယူလို့မရဘူးလို့ ဆိုလာပြန်ပါတယ်။ ပျာသလောက် ဖွဲမထွက်မှတော့ နောင်လုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေရဲ့အဆုံးအဖြတ် ဟာ အတည်ဖြစ်နိုင်ပါဦးမလားဆိုတာကို တော်တော်လေးစဉ်းစားရပါတော့မယ်။

အခုလည်း ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ ကချင်လက်နက်ကိုင်တွေက သစ်မှောင်ခိုကားတွေ ပြည်ပကို ခိုးထုတ်၊ တအာင်း လက်နက်ကိုင်တွေက ပြည်ထောင်စုလမ်းမပေါ်အထိတက်ပြီး ဆက်ကြေးကောက် အစရှိ သလိုတွေ လုပ်ဆောင်နေမှတော့ ဒီလိုအဖြစ်အပျက်တွေမဖြစ်အောင် ကာကွယ်ရမယ့် အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပြီပေါ့။ ဒါဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး လူ၊ လက်နက် အင်အား စုဆောင်းနေတာပဲဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် ယခင်က နိုင်ငံတော်ကို ပုန်ကန်ခဲ့တဲ့ လက်နက်ကိုင်သောင်းကျန်းသူ သူပုန်များဟာ ခေတ်ကာလအခြေအနေအရ နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုရောက်ရှိလာပြီး နောက်ပိုင်းမှာ အလိုရမ္မက်ကြီးစွာနဲ့ ၎င်းတို့ကျင်လည်ကျက်စားရာနေရာတွေမှာ လုပ်ပိုင်ခွင့်နဲ့ အာဏာရရှိဖို့ ဒေသတစ်ခုလုံးကို သူတို့စိတ်ထင်တိုင်း ခြယ်လှယ်ကြီးစိုးနိုင်ဖို့ ယခုကဲ့သို့ တစ်ခုပြီးတစ်ခု ထပ်တိုးတောင်းဆိုနေ ပါက စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းနေတဲ့ ငြိမ်းချမ်းရေးဟာ လက်တွေ့ဖြစ်လာဖို့ အလှမ်းဝေးနေဦးမည် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။


မင်းကို
Today Myanmar

0 comments:

Post a Comment