Thursday, February 20, 2014
မိုင်တိုင်(၂၁) . . . . . . .
ဖျော…….ကနဲ  ဝေါ…ကနဲ   နှင့် လေကောမိုးပါ   တိုက်ခတ်ရွာသွန်းလိုက်သည့်  အရှိန်ကြောင့် ဂီယာကို နံပါတ်သရီး ကို    ပြောင်းထိုးလိုက်၏ ။ ကာရှေ့မှန်မှ ၀ိုက်ဘာက တအီအီ   တကျွီကျွီ မြည်းသံပေး၍ သူမနိုင်သည့် မိုးရေစက်များ၏ အားကို အားသွန်ခွန် စိုက် ဖယ်ရှား ရှင်းလင်းနေလေ၏..။
               အိပ်ချင်မူးတူး ဖြစ်နေသော  မျက်လုံးကိုပြူးပြဲးကာ ကားရှေ့မှန်မှတဆင့် လမ်းတူရူကို ကြည့်နေရင်းနှင့် ဗိုက်ထဲ တွင် ဖြစ်   ပေါ်နေသော တဂြီဂြီ ဆာလောင်လာမှုကို သတိပြု မိလိုက်၏..။
                ကားကိုဂရုတစိုက်နှင့် လေးလေးမှန်မှန် မောင်းနှင်လာခဲ့ရင်း….စိတ်တွင်း   မှ  ကိုယ့်အလုပ်ကို  ကိုယ်သေချာစေ့စပ်စွာမ လုပ်တတ်သော  သူငယ်ချင်းဖြစ်သူ   အောင်မျိုးကို ကျိန်ဆဲ နေမိ၏..။ တကယ်ဆိုလျှင် သူသာ သူ့ကားကိုဘားအံပွဲရုံမှ မထွက်ခင်က တည်းက ဂရုတစိုက်စစ်ဆေးခဲ့ပါလျှင် ယခုလို လမ်းတွင် လေးကျိုး၍ သူ့ကားမှ ကုန်များကို ကျွန်တော့်ကားပေါ် သို့ ယခုလို ညကြီး အချိန်မတော်  ပြောင်းရွေ့ သယ်ယူရန် မိုးထဲလေထဲ ကျွန်တော် ခုလို ဒုက္ခခံထွက်လာရစရာ မလိုပေ..။
              အခုတော့  ကိုယ်ကားနားရမည့် အချိန်မှာပင် ရန်ကုန်ဘက်ပွဲရုံသို့  ဖုန်းဆက်ပီး သကောင်းသားက သူ့ကားမှ ကုန်ကိုလွှဲ ယူရန် ကားလှမ်းခေါ်သဖြင့် မလာချင် လာ ချင်နှင့်  ထ လာခဲ့ရပါသည်..။ အမှန်ဆိုလျှင်တော့ ညဦးပိုင်းက သောက်တာများသွားသော အရှိန်နှင့် မိုးအေးအေးမှာ ဆက်သာကွေးနေ ချင်ပါတော့သည်..။
             သို့သော်  မလာလို့ကလဲ မဖြစ်ပါ ။ ပွဲရုံပိုင်ရှင် ဒေါ်လောဘအိုးကြီးက ပွဲရုံတွင် လက်ရှိလွတ်နေသော ကားဆို၍ ကျွန်တော့် ကားတစ်စီးသာ ရှိနေသည်ကိုတွေ့ပြီး ကျွန်တော့်ကို  တစ်ချက်လွှတ်ဗီဒိုအာဏာ သုံး၍ သူ၏ အကျိုးစီးပွားများ တည်မြဲစေခြင်း အလို့ငှာ ယခုကဲ့သို့ မဖြစ်မနေသွားရန် မောင်းထုတ်လိုက်ခြင်း ဖြစ်ပါသည်..။
            မိုးရေတို့ဖြင့် နက်ပြောင်နေသော ကတ္တရာလမ်းမကြီးကို ကားရှေ့မီးကြီး နှစ်လုံး၏ အလင်းရောင်ဖြင့် ဂရုစိုက် ကြည့် ကာ    မောင်းနှင်း   လာခဲ့ရင်း လက်မှ နာရီကို ကြည့်လိုက်တော့  လက်တံများက ည (၁၂) နာရီ တိတိကို ညွှန်းပြနေလေ၏..။
          မိုးက ပွဲရုံက  စထွက်စဉ်ကလောက် သည်းသည်းမည်းမည်း ရွာနေသည် မဟုတ်တော့သဖြင့် ကားကို ပုံမှန်မောင်းနေရာမှ အနည်းငယ် အရှိန်မြှင့်လိုက်သည်..။
         ကျွန်တော်မောင်းနေသော ကားအမျီူးအစားသည် ဆူဇူကီး ဆယ်ဘီးကုန်တင်ကား အမျီုးအစား မို့  ဘရိတ်များက ဆာဗိုဘရိတ်   ဖြစ်ပါသည်..။ ဆာဗိုဘရိတ်ဆိုသည်မှာ ရိုးရိုးကားများတွင်ပါသော အလွန်အန္တရယ် ဖြစ်လွယ်သည့် ၀ါရှာဘွတ်ဘရိတ်များလို မဟုတ်ပေ …. စက်သာနှိုးနေလျှင် ဘရိတ်တစ်ချက်ဖမ်းက တစ်ချက်ဆိုသလို မလွတ်တမ်းမိသော ကားဘရိတ် အမျိုးအစားဖြစ်ပါသည်..။ စက်သေ   နေသော အချိန်တွင်တော့ ဆာဗိုဘရိတ်များသည် လေပေါင်အိုးထဲ လေ လက်ကျန်ရှိသေးလျှင် မိနေနိုင်သော်လည်း ..လေအိုးအ တွင်း လေလျက်ကျန်မရှိပါက မမိနိုင်သော အနေအထား ဖြစ်ပါသည်..။ ယခုလို စက်မောင်းနေသော အချိန်တွင် အဲယားပရက်ရှာပန့် အ လုပ်လုပ်နေသော အချိန်ဖြစ်သဖြင့် ဘရိတ်ပေါက်မှာ ဘရိတ်မမိပဲ ဖြတ်ပြေးသော လမ်းကူးများအား  တိုက်မိမှာကို ပူရန်မလိုပေ….။
        ကားကို တရိပ်ရိပ်မောင်းလာရင်းနှင့်  ပွဲရုံသူဌေးမကို စိတ်ကွက်ကာ ကားအကူ စပယ်ယာ မခေါ်လာခဲ့မိခြင်းကို  နောင်တ ရမိ သွား၏..။ ဘေးအဖော်တစ်ဦးပါလျှင် မိမိလည်းကားမောင်းရသည်မှာ လမ်းအနေအထား ကြည့်ပေးရန်နှင့်  ကားလိုအပ်ရာ များပြုလုပ် ရန်   လိုအပ်လာလျှင် ခိုင်းစေဖို့ ကူဖော်လောင်ဖက် ရပေမည်…။ ယခုတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး  ဟောကြားဆုံးမထားခဲ့သော “အတ္တဟိ အတ္တနော နာထော”  ဟု ဆိုသည့် ဓမ္မအဓိပ္ပါယ်နှင့် အညီ မိမိကိုယ်သာ ကိုးကွယ်ရာ အဖြစ်မှတ်ယူကာ ကားကို မနည်းဂရုစိုက်
မောင်းနှင်းနေရ၏..။
      အမှန်ဆို ကျွန်တော် ထွက်သာ ထွက်လာခဲ့ရသည် …ဤ ဘက်လမ်းကြောကို ကျွန်တော် မကျွမ်းကျင်ပေ….မကျွမ်းဆို ကျွန်တော်
မောင်းနှင်ရာလမ်းကြောသည်… ပြည်-အောင်လံ
ဘက်သာ ဖြစ်ပါသည်..။ ဘားအံ-ရန်ကုန် လမ်းပိုင်းကို ကျွန်တော်တစ်ခါမျှ မမောင်းခဲ့ ဘူးပါ…။ သို့ပေမယ့် အကြောင်းတော့ သိပ်မရှိပါ … အောင်မျိုး၏ ကားသည် စစ်တောင်းတံတားအလွန်တွင် ပျက်နေသည်ဟု သိရ ပါသည် ။ ထို့ကြောင့် ကျွန်တော် သိပ်များများစားစား မောင်းရမည်တော့ မထင်ပါ..။
     ကားက ပဲခူးကနေ ကျိုက်ထိုဘက် သွားသည့် လမ်းထဲသို့ ခွဲဝင်လာချိန်မှာတော့  သိသိသာသာကို လမ်းတလျှောက်တွင် ကားအ သွားအလာကျဲနေသည်ကို ကျွန်တော်သတိထားလိုက်မိပါသည်…။ မိုးများသည်းထန်စွာ ရွာခဲ့ခြင်းကြောင့်   ယခုကဲ့သို့ ကားအသွား အလာ ရှင်းနေခြင်းလည်း   ဖြစ်နိုင်ပေသည်…။
      မိမိပွဲရုံမှ ထွက်စဉ်ကတည်းက ဆာလာသော ဗိုက်သည် အခုမှ အလွန်အမင်း ဆန္ဒပြလာလေတော့၏..။ ညဦးပိုင်းက သောက်ဖို့သာ အာရုံရှိနေသဖြင့် ဘာမျှ စားဖို့စိတ်မရှိခဲ့ပေ.။သောက်ကောင်းကောင်းနှင့် စွတ်သောက်ကာ  အိပ်ပျှော်သွားခဲ့ရာမှ ခုလို မနိုင်မသား    အောင်မျိုး ပြဿနာတက်၍ ထွက်လာခဲ့ရကာ.. ဗိုက်က ဘာမှမရှိသော အနေအထားမို့ အစာလိုအပ်လာကြောင်း  သင်္ကေတများကို တဂွီဂွီအော်၍ မရပ်မနားပဲ ဆန္ဒ ပြနေလေတော့၏…။
       ထို့ကြောင့် ညဘက်ဖွင့်သော စားစရာဆိုင်လေး တစ်ဆိုင်တစ်လေများ လမ်းဘေးတွင်  ရှိလေမလားဟု   ရှာဖွေကာ ကားကို    မောင်းနှင် နေမိပါသည်…။
     ထိုကဲ့သို့  စားစရာ တစ်ဆိုင်တစ်လေများ  တွေ့လိုတွေ့ငြား မောင်းနှင်လာခဲ့ရင်းနှင့်….. စစ်တောင်းစက္ကူ စက် အကျော် လမ်းကွေ့ အား ကားကို မောင်းကွေ့လိုက်ချိန်တွင်တော့ကျွန်တော် အလွန်မျှော်လင့်တောင်းတနေသော ဘက်ထရီမီးရောင် မှိန်မှိန်လေး လင်းနေ သည့် လမ်းဘေးဆိုင်ငယ်လေး တစ်ဆိုင်ကို တွေ့လိုက်ရပါတော့သည်….။
     ကားကို ဆိုင်ရှေ့သို့ ဘီးတစ်ခြမ်းချကာ အရှိန်သတ်ပြီး ရပ်၍ ဆိုင်လေးအား လှမ်းကြည့်လိုက်တော့ ထိုဆိုင်လေးသည် တခမ်းတ နား   ရောင်းချသော စားသောက်ဆိုင်ကြီး ပုံစံ မဟုတ်ပေမယ့် …ဆိုင်အတွင်းမှ လင်းနေသော မီးအလင်းရောင်နှင့် စားကောင်းမည့် စားစရာ တစ်ခုခု ရောင်းချသော ဆိုင်တစ်ဆိုင် ဖြစ်မည်မှန်း ကျွန်တော် သိလိုက်ရပါသည်..။
      ကားတံခါးကို သော့တောင်မခတ်နိုင်အောင်  ဒရောသောပါး ဆင်းကာ တဖွဲဖွဲရွာနေသည့် မိုးစက်များကြားမှ ဆိုင်တွင်းသို့ ပြေးဝင် လိုက်၏..။  ဆိုင်တွင်းသို့ ခြေချမိလိုက်သည်ဆိုလျှင်ပဲ …ထိုဆိုင်တွင်းမှ  အငွေ့တထောင်းထောင်းထနေသော အိုးအတွင်းမှ မုန့်ဟင်းခါး နံ့ကို  ရှုရှိုက်မိလိုက်ရပါတော့သည်….။  မုန့်ဟင်းခါး ဖြစ်ဖြစ် ထမင်းဖြစ်ဖြစ် ခုချိန်မှာ စားလို့ရတာ အကုန် ကျွန်တော်စား မှာ ဖြစ်ပါ သည်…။ ယုတ်စွှအဆုံး လူသားချက်ကြွေးရင်းတောင် ကျွန်တော် စားမိမည် ဖြစ်ပါသည်…။
      “တစ်ပွဲပေးဗျို့ …တစ်ပွဲ…….အကုန်သာထဲ့ စားလို့ရတာ အကုန်ထဲ့…… မြန်မြန်လေးလုပ်…..”
        ပြောလဲပြော ခုံတန်းလေးတွင် ၀င်ထိုင်ရင်း  မျက်လုံးကိုဝေ့ကာ ဆိုင်အတွင်းပိုင်းကို အကဲခတ်လိုက်ကြည့်လိုက်၏..။ ဆိုင်မှ မုန့်ရောင်းနေ သူမှာ အသက် နှစ်ဆယ် အစိတ်ခန့် အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါသည်..။ ဆိုင်လေးမှာ သပ်သပ်ရပ်ရပ်နှင့် ကြည့်ပျှော် ရှုပျှော်  ရှိပါ သည်..။ ဆိုင်ဈေးခုံတန်းနောက်တွင်း ဆင့်ထိုး၍ ၀ါးကြမ်းခင်းလေးများ ခင်းထားပါသည်…။ထို အခင်းပေါ်တွင်  ခြင်ထောင်   တစ်လုံး   ထောင်ထားကာ  အတွင်း၌ လူတစ်ဦး အိပ်နေဟန်ကို တွေ့ရပါသည်..။
                                “အကို..ရပီရှင့်…..”
             ကျွန်တော် ရှည်ရှည်ဝေးဝေး ဆက်ပြီး မကြည့်ရှု့ မလေ့လာ  မသုံးသပ်တော့ပါ….. မျက်စိရှေ့မှာ ရောက်နေသော အငွေ့ တထောင်းထောင်းထနေသည့်  မုန့်ဟင်းခါး ပန်းကန်ကို  ဆွဲယူလိုက်ကာ ခေါင်းမဖော်တမ်းအငမ်းမရစားသောက် လိုက် ပါတော့ ၏..။  ကျွန်တော် ဆာနေပေ၍ပဲလား မသိပါ… တစ်ပွဲကို ခဏလေးနှင့် သုတ်ခနဲနေအောင် ကုန်သွားခဲ့ ပါသည်..။ ဗိုက်ကလဲ တင်းတိမ် သည့် သဘောမရှိတာမို့  ……..
                        “နောက်တစ်ပွဲ လုပ်ဦးဗျ….. ခုနလိုပဲ …အကြော်ထဲ့ …ဘဲဥပါထဲ့ဗျာ….”
     ပြောလဲပြော မုန့်ဟင်းခါး ပန်းကန်ကို လှမ်းယူသော လက်ပိုင်ရှင်ကို ပန်းကန်ပေးရင် မျက်နှာကို လှမ်းပီး မော့ကြည့်မိလိုက်သော အခါ… ကျွန်တော် အလွန် အံ့အားသင့်သွားခဲ့ပါသည်…။ ဆိုင်တွင်း စစချင်း ၀င်ခါစက ဆာလောင်မွတ်သိပ်မှု ဒဏ်နှင့်  သေသေချာချာ သတိ မထားလိုက်ခြင်းကြောင့် ထိုအမျိုးသမီးငယ်လေး၏ ပုံကို ယခုလို ကွက်ကွက်ကွင်းကွင်း မမြင်လိုက်မိပါ…။
     ယခုမှ ဗိုက်ထဲမှ ပိုးများလည်း  မုန့်ဟင်းခါးတစ်ပွဲ၏ တန်ခိုးကြောင့် အနည်းငယ်ငြိမ်သက်သွားပြီ ဖြစ်၍ သူမကို သေချာကြည့်လိုက်မိ
ပါ၏..။
    အသားဖြူဖြူလေးနှင့် ချစ်စဖွယ်မျက်နှာငယ်လေးကို  ပိုင်ဆိုင်ထားသော မိန်းမချောလေး တစ်ဦး ဖြစ်နေပါသည်…။ သို့သော် ထိုလှပ
မှုနှင့် မလိုက်သည့် အရာဝတ္တုအား သူမ ခေါင်းပေါ်တွင် ဆင်မြန်းထားပါသည်… ထိုအရာသည် တခြားမဟုတ်ပါ… ပတ်တီးဖြူဖြူလေး
ဖြစ်ပါသည်.. သူမကို ကြည့်ရသည်မှာ ထိခိုက်မှုတစ်ခုကို လောလောလတ်လတ် ဖြစ်ထားပုံရလေသည်..။
   သူမလှုပ်ရှားပုံကို ကြည့်ရသည်မှာ  အရွယ်နှင့်လိုက်သော သွက်လက်မှုမျိုး မတွေ့ရပါ….။ သူမသည် မုန့်ဟင်းရည်အိုးရှိရာ လမ်းလျှောက်သွားနေရင်းပင်  တစ်ချက်တစ်ချက် ယိုင်လဲမလို ဖြစ်သွားမည်ကို ကျွန်တော် သတိပြုမိလိုက်ပါသည်…။
     ထို့ကြောင့်  ကျွန်တော်မုန့်ဟင်းခါး နောက်တစ်ပွဲ စားနေရင်းနှင့် သူမအား စပ်စုမိပါတော့သည်….။
               “ဟဲ့…..ညီမလေး ….နင့်ခေါင်းက ဘာဖြစ်တာလဲ…..”
  သူမက ကျွန်တော့် အမေးစကားကို ခပ်ယဲ့ယဲ့လေး ပြုံး၍ …….။
            “ဈေးသွားရင်း  ကားပေါ်က ချော်ကျတာပါ…”
             ” ဟဲ့ …ဒါများ နင်က   ညသန်းခေါင်ကြီး အိပ်ရေးပျက်ခံ  ဈေးထွက်နေရသလား ဟဲ့…”  ”ခုပဲ….ည (၁) နာရီကျော်နေပြီ ..အိပ်
လေဟယ်……ဆိုင်ပိတ်တော့ပေါ့….”
            “”ရပါတယ်အကိုရဲ့……. ညီမ ထွက်နေကြပါ…..ညပိုင်းက နေ့ပိုင်းထက် ပိုရောင်းရတယ် အကို….. ခုညက မိုးကောင်းလို့ ကား
အသွားအလာကျဲနေတာမို့ လူပါးနေတာပါ …”"
           “”ဒါတော့ …ဒါပေါ့ဟာ….. ပိုက်ဆံလဲ ရှာတာ ရှာတာပေါ့  …. ကိုယ့်ကျန်းမာရေးကလဲ ရှိသေးတယ်လေ….. နေကောင်းရင် ပိုက်
ဆံ ဆိုတာ ရှာလို့ရတာပဲ… ကျန်းမာရေးမကောင်းခိုက် ခဏ အနားယူရမှာပေါ့…”"
           “”အဟွပ်……..အဟွပ်….. အဟမ်း……….”"
       ကျွန်တော် သူမကို စကားဆိုနေစဉ်မှာပဲ  ဆိုင်အတွင်း ခနော်နီခနောနဲ့ ၀ါးကြမ်းခင်းလေးပေါ်တွင် ထောင်ထားသော  ခြင်ထောင်ခပ်
နွမ်းနွမ်းလေးထဲမှ  အဘွားအို တစ်ဦး၏ ချောင်းဆိုးသံကို ကြားလိုက်ရပါသည်…။  ထိုကဲ့သို့သော ချောင်းဆိုးသံကြောင့်  ကျွန်တော့် အ
ကြည့်က ခြင်ထောင်ဘက်ရောက်သွားခြင်းကို    သူမက မြင်သွားပြီး………..
          “”အမေလေ…..အမေကအဲ့လိုပဲ…… နည်းနည်းအေးတာနဲ့ ပန်းနာရင်ကျပ်က ပြန်ထရော…..အင်းးးးး  ပန်းနာရင်ကျပ်တစ်ခုထဲ
တင် မဟုတ်ပါဘူးလေ….. ရောဂါက အမေ့ဆီမှာများတယ်… “”
          ပြောပြောဆိုဆိုနှင့် သူမက ခြင်ထောင်အနားသွားပြီး ခြင်ထောင်ကို မကာ သူမ၏ မိခင်အား စောင်ကို တယုတယ ခြုံပေးလိုက်၏။
ခြင်ထောင်မ၍ သူမ  သူမ မိခင်ကို စောင်ခြုံပေးခိုက် ဆိုင်တွင်း ထွန်းထားသော မီးအလင်းရောင်နှင့် ကျွန်တော် ရောဂါ၏ ပြင်းပြင်းထန်
ထန် နှိပ်စက်ဖိစီးမှု ဒဏ်ကြောင့်  နွမ်းလျနေသော  အဘွားအို၏ မျက်နှာကို  လှမ်းမြင်လိုက်ရပါသည်…။
          ထို့ကြောင့်…….။
          “” အကြီးက  အတော်နေမကောင်းနေတာနဲ့ တူတယ်…… ညီမလေး အကြီးကို  ဆေးခန်းမပြပေးဘူးလား…”"
         “” အင်း..ပြပေးပါတယ် အကို….. ဒီစစ်တောင်း စက္ကူစက် ဆေးခန်းမှာ ဖွင့်တဲ့ ဆေးခန်းမှာ အမေ့ကို သွားပြပါတယ်               ..ဒါပေမယ့်..”"
          ဒါပေမယ့်  ဆိုသော စကားနောက်တွင် မည်သည့်စကားမျှ ဆက်မလာတော့ပဲ…. သူမ ခေါင်းကို ငုံ့သွားပါသည်.။ သူမကိုကြည့်
ရသည်မှာ ဆက်ပြောရန် စကားလုံးများအတွက် အလွန်အမင် စိတ်ထိခိုက်သွားဟန် ပေါ်ပါသည်…။
       “” ညီမလေး ဆက်ပြောပါ….  အကိုကူညီနိုင်တာကို  အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်….. စိတ်မကောင်း မဖြစ်ပါနဲ့ …အကိုဆို…
အဖေကော..အမေကော မရှိတော့ပါဘူး….. ဒါကြောင့် အကိုသွားရင်းလာရင်း တွေ့သမျှ  အမေအို… အဖေအို အရွယ်တွေကို ကိုယ့်မိဘလို သဘောထားပြီး ကူညီတာပါ…… ပြောပါညီမ…. အကို့ကို  ညီမ အကို အရင်းလို သဘောထားပါ..”"
     ကျွန်တော် ထိုစကားကို ရင်ထဲမှ တကယ်လှိုက်လှိုက်လဲလဲ စိတ်ထားနှင့် ပြောလိုက်ခြင်း ဖြစ်ပါသည်…။ 
       “” ဟုတ်ကဲ့ အကို ကျေးဇူးတင်ပါတယ်….. စက်ရုံဆေးခန်းက ဆရာဝန်က အမေ့ကို ဆေးရုံတင်ရမယ်လို့ ပြောတာပါ….ညီမလဲ
ပိုက်ဆံ စုတာ ပြည့်လဲ ပြည့်နေပါပြီ…စားဝတ်နေရေးတစ်ဖက်နဲ့ဆိုတော့ စုရတာ နည်းနည်းတော့ ကြာသွာတာပေါ့ အကိုရာ…တကယ်
ဆို မနက်ဖြန် အမေ့ကို ဆေးရုံတင်ပေးမလို့ပါ…… ခုတော့… ဟင့်…အဟင့်…ဟင့်..”"
       ကျွန်တော့်စိတ်ထဲတွင် သူမပြောသော စကားကြောင့် တော်တော်လေးကို ထိခိုက်မိသွားပါသည်…။ သို့ပေမယ့်  သူမတွင် သူမအမေအား ဆေးရုံတင်ရန် ငွေကြေးလဲ ရှိနေပါပြီ  ဖြစ်လျှက်နှင့်  အဘယ်သို့ကြောင့် ခုလို ရှိုက်ကြီးတငင် ငိုနေရပါသနည်း…..။
      သူမကို ကျွန်တော် ကြည့်ရသည်မှာ  အလွန်တရာ စိတ်ထိခိုက်စရာ ကိစ္စကြီး တစ်ခုကို ကြုံတွေ့ခံစားနေရသူ တစ်ယောက်လို ဖြစ်နေ
ပါသည်…။ ဘယ်လိုမှလဲ ….အခုလို အနေအထားမျိုး ဖြစ်နေသော သူမကို စိတ်ပြေသွားအောင် ပြောဆို၍ တရားချလို့ ရမည့် ပုံမပေါ်     တော့ပါ…။သို့ကြောင့် စိတ်တွင်းမှ …. ဟိုကောင် အောင်မျိုးကားမှ ကုန်များသွားတိုက်ပြီး အပြန်မှ သူမတို့ သားအမိကို တစ်ခါတည်း ၀င်တင်  ခေါ်ပြီး….. ပဲခူးဆေးရုံကြီးတွင်  သူမ အမေကို  ဆေးကုသရန် ၀င်ရောက်ပို့ပေးမည် ဟု ကျွန်တော် ဆုံးဖြတ်လိုက်ကာ……
          “” ကဲ…..ညီမလေး… အကို ပြန်လာမှပဲ…၀င်ခဲ့မယ်နော်.. ဒီမှာရော့ အကို မုန့်ဟင်းခါးဖိုး…..”" 
     ကျွန်တော် တစ်ထောင်တန်တစ်ရွက်ကို ဈေးခုံပေါ်မှ ရေနွေးအကြမ်းပန်းကန်လုံးနှင့် ဖိကာခုံပေါ်၌ တင်ထားပေးခဲ့ပြီး…. သူမကို နှုတ်မဆက်တော့ဘဲ… ဆိုင်အတွင်းမှ ထွက်၍ ရပ်ထားသော ကားပေါ် တက်ခဲ့ပါတော့သည်…။
     ကားကို စက်နှိုးနှိုးပြီးချင်း မျက်လုံးမှ မရည်ရွယ်ပဲ ထို ဆိုင်ဘက်သို့ အကြည့်အရောက် …. ဆိုင်တွင်းမှ ကျွန်တော့်အား ကြည့်နေ
သော သူမ၏ ရီဝေေ၀ မျက်ဝန်းတစ်စုံနှင့်  သွားရောက်ဆုံမိပါတော့ ၏….။  ထိုအကြည့်နှင့်ဆုံမိသော ခဏတာ ကာလလေးမှာ…ကျွန်
တော့်၏ စိတ်ထဲ၌ အမျိုးအမည် ဖော်ပြလို့ မရလောက်အောင် ခံရခက်သော စို့နင်ကြေကွဲမှု ဝေဒနာကို ခံစားလိုက် ရပါသည်..။
     ရာသီဥတုက အေးစက်စက် ထုံထိုင်းသော အခြေအနေမို့ ဤသို့ ပဲ ခံစားရလေသလား…… သို့တည်းမှမဟုတ် နှလုံးသားဓါတ်ခံ က
အဆွေးဓါတ်ခံ ရှိနေပေမို့ ပဲလား မသိပါ…။  ရင်ထဲမှာ ပြင်းပြင်းထန်ထန်ကို ထိခိုက်ခံစား လိုက်ရပါသည်…။
        သို့သော်လည်း သူတို့သားအမိအပေါ်… မိမိပြုလုပ်ပေးရန်ရှိသော် အမှုကိစ္စတို့ကို  ကုန်သွားတင်ပြီး အပြန်မှသာ ဆောင်ကြဉ်းပေး
နိုင်မည်မို့  ကားစက်ကို နှိုးကာ မောင်းထွက်ရန် အရှေ့မီးကြီးကို ဖွင့်လိုက်ခိုက်…….. ကားရှေ့ အလင်းမီးရောင်နှင့် ရှေ့လမ်းနံဘေးတွင်
မြင်နေရသော လမ်းမိုင်အမှတ်ပြ  တိုင်နံပါတ်သည် (၂၁) ဖြစ်ကြောင်းတွေ့လိုက်ရပါသည်…။
……………………………………………………
   တစ်ဦးတည်း တစ်နာရီသာသာလောက် ကားကို မောင်းလာချိန်မှာတော့ စစ်တောင်းတံတား အလွန်တွင် အောင်မျိုး၏ ညာဘက်နောက်
ခြမ်း တစောင်းကျနေသော ကားကြီးအားတွေ့လိုက်ရပါတော့သည်….။ တွေ့တွေ့ချင်း ဆိုသလို ….စိတ်အချဉ်ပေါက်ပေါက်နှင့် ဒီကောင့်
ကို ကျွန်တော်တွယ်ထဲ့လိုက်ပါ၏..။
      ”’ မင်းကလဲ ….ငါ့—– လိုမှပဲ……ခီးးးးးးးးးးးပဲ…..ကိုယ့်ကားကို ကိုယ်ဂရုမစိုက်ဘူး ….. ငါ့မှာ မိုးရွာထဲ မောင်းလာရတယ်…လမ်း
တစ်လျှောက်လုံးလဲ ညစာက မစားရသေးတော့  ဆာလိုက်တာ တော်သေးတာပေါ့  လမ်းမှာ ဟိုမုန့်ဟင်းခါးဆိုင်လေး တွေ့လို့ …နို့မို့
ဆို  ငါဆာလွန်းလို့  ကားမောင်းရင်းတောင် သေသွားနိုင်တယ်…………”’  ”’ မင်း အလုပ်သမားတွေကော အမြန်လုပ်…. ငါအပြန်ကျ..
လုပ်စရာ ကိစ္စ တစ်ခုရှိသေးတယ်…. မင်းကားကကော ဘယ်လို ဖြစ်တာလဲ…. ပြီးခဲ့တဲ့ လကတင် လေးအကုန် အသစ်လဲထားတာကို….
ကျိုးရသလားဟ… ဘယ်လိုများမောင်းနေသလဲ…..”’
     ”’ အေးကွာ ….. မင်းဘာသာမင်း ပြောချင်ရာပြောတော့  ..ဆဲချင်လဲ ဆဲတော့ကွာ….. အလုပ်သမားတွေတော့  ငါ အနားကရွာက သွားခေါ်ထားပြီးပြီ…. မနက်(၆)နာရီလောက် ဆို ပြီးပါတယ်…… ငါမင်းကားနဲ့ တစ်ခါတည်း ပြန်လိုက်ခဲ့မယ်..ကားမှာတော့ ယဉ်နောက်
လိုက်  နှစ်ကောင်ကို ထားခဲ့မယ်….. ပွဲရုံရောက်မှ ကျိုးတဲ့ လေးအစား ပြန်ထဲ့ဖို့  ၀ယ်ပြီး လေးဆရာခေါ်ပြန်လာလုပ်တော့မယ်….ဒီလို
ကွ  … ကားလေးကျိုးရတဲ့ အကြောင်းအရင်းက…. ညနေလောက်က ငါကျိုက်ထိုက အထွက်မှာ  ငါ့ရှေ့မှာ လိုင်းကားတစ်စီး ရှိတယ်..
အဲ့ကားကလဲ  လူဆင်းလူတက်က များသလား မမေးနဲ့….. တော်ကြာ ငါ့ရှေ့ကပ်ရောက်လိုက်…. တော်ကြာ ပျောက်သွားလိုက်နဲ့ ..
အဲ့ဒါနဲ့ ဒီမရောက်ခင် ပေပင်အကွေ့မှာ……  အဲ့ကားကို ငါ စိတ်မရှည်လို့ အကျော်….ငါ့ကားကတော့ လွတ်သွားပါပြီ…ငါ့ကားနောက်
မှာ ပါလာတဲ့ကားက ငါ ဟိုကားကို ကျော်လို့အလွတ်….နောက်ကနေ ဘရိတ်ပေါက်ပြီး ရှေ့က လူတင်လူချနေတဲ့ လိုင်းကားကို ၀င်
ဆော်တာပဲ ….. အဲ့မှာ တိုက်တဲ့ နောက်ကားက အရှိန်နဲ့ဆိုတော့  ရှေ့အတိုက်ခံရတဲ့ လိုင်းကားက မှောက်သွားရော….. တိုက်တဲ့ကား
က တိုက်ပြီးပြီးချင်း  အရှိန်ပြင်းလွန်းတော့ ဘောဂျိုင်းပါ ပြုတ်ထွက်ပြီး ငါ့ကားညာနောက်ပိုင်းကို  ၀င်ဆော်တော့တာပဲ….အဲ့မှာတင်
လေးက အထိုင်လွဲသွားတယ်နဲ့  တူပါတယ်ကွာ….ငါ လဲ ကိုယ့်ကားက ကားကြီးဆိုတော့ ထိတာလဲ သိပ် မထိဘူးထင်တော့ ဆက်
မောင်းလာခဲ့လိုက်တယ်….. ပွဲရုံကို အချိန်မှီ မရောက်မှာလဲ ပူတယ်လေ…….. အဲ့မှာ မောင်းတာ သိပ်မကြာလိုက်ပါဘူး… ဒီနားလဲရောက်
ရော ….မင်းမြင်တဲ့ အတိုင်းပဲ…. ခုလို မောင်းမရအောင် လေးကျိုးသွားတော့တာပဲ….. ဟေ့ရောင်ရေ…”’
        ”’နေပါဦး မှောက်သွားတဲ့ ကားကလူတွေရော……. သေကုန်လား…”’
        ”’ အေး တော်တော် သေတယ်ပြောတာပဲကွ…. တချို့လဲ ကျိုက်ထိုဆေးရုံရောက်မှ သေကုန်ကြတယ် ပြောတယ်….ငါ နောက်က
တက်လာတဲ့ကားတွေကို ငါ မေးကြည့်တာ….”’
        ကျွန်တော်လဲ စိတ်ဆင်းရဲစရာ အခံကိစ္စကို ကြုံတွေ့လာခဲ့ရသည်မို့  အောင်မျိုးတို့ကားမှောက်သည့်ကိစ္စကို ဆက်မမေးတော့ပါ
ကားကူး ကုန်တင်ကုန်ချနေတာကိုသာ သွားပြီး အနားကနေ လိုအပ်တာပြောနေလိုက်ပါတော့သည်….။
      နံနက် (၅) နာရီသာသာ ခန့်တွင်….. အောင်မျိုးကားပေါ်မှ  ကုန်အားလုံး ကျွန်တော့်ကားပေါ်တင်ပြီး၍ ကျွန်တော်… ကားထွက်ရန်
ဟန်ပြင်နေစဉ်မှာပင် …… ကျိုက်ထို ရဲစခန်း မှ ဂျစ်ကားတစ်စီးက ကျွန်တော့်ကား အနားကို ရပ်လိုက်ပြီး…….
       ”’ ဟိုးးးးးးးးးးး ကားဆရာ….ဟိုးးးးးးးး ကျွန်တော်တို့ နှစ်ယောက် ကားကြုံလိုက်ချင်လို့  ရမလား…စခန်းက ကားက နောက်တာယာ
မလဲရသေးတော့ ဟိုင်းဝေး သိပ်မလှိမ့်နိုင်လို့ဗျာ….”’
    ဟု  ဆိုကာ…. ဒုရဲအုပ်တစ်ယောက်နှင့်  တပ်ကြပ်ကြီးတစ်ဦးက လှမ်းပြောပါသည်..။ ကိုယ်၏ ကားပေါ်တွင်လဲ..လူပို လိုက်နိုင်လောက်
သည့်  အခြေအနေရှိသည်မို့ အထွေအထူး စကား ပြန်ပြောမနေတော့ဘဲ….. ကားတံခါးအား ၄င်းရဲအရာရှိ နှစ်ဦးတက်နိုင်ရန် လှမ်းဖွင့်
ပေးလိုက်ပါသည်…။
……………………………………….
        ကားက ၀ိတ်ပါနေသည်မို့  လမ်းပေါ်တွင် လာတုန်းကလောက်  မသွက်ပဲ တအိအိ ဖြစ်နေသည်….။ ၀ိတ်ကို လမ်းနှင့်မျှအောင်
ထိမ်းမောင်းရင်းနှင့်  စိတ်ထဲတွင် စဉ်းစားနေမိ၏..။  သူမတို့ သားအမိကို တခါတည်း တင်ခေါ်၍  ပဲခူးဆေးရုံကြီးကို လိုက်ပို့ပေးရင်းနှင့်
မိမိတွင် ပါသော ပိုက်ဆံ အကုန်ပေးခဲ့မည် ဟု စဉ်းစား နေ၏..။
ထို့နောက်….
သူမတို့ သားအမိကို တင်ခေါ်လာရန် ကားခေါင်းခန်းအတွင်းသို့ နေရာလွတ် မလွတ်ဖျတ်ကနဲ  ကြည့်လိုက်ရာ…… ကျွန်တော့်ကို ညအ ချိန်မတော် ခေါ် ဒုက္ခပေးသည့် မနိုင်မသား အောင်မျိုးက ယဉ်မောင်း ခုံတန်းနောက်က ယဉ်နောက်လိုက်များ လိုက်ပါသော ခုံတန်း  တွင် တခူးခူး…တခေါခေါ…နှင့် အမြိန့်သား ဆက်တော် ခေါ်နေလေ၏…။
      ကျွန်တော့် နဘေးတွင်လည်း …… ကားကြုံလိုက်လာသည့် ရဲနှစ်ဦးက ထိုင်နေသဖြင့် … နေရာလွတ်ကမရှိ……။ သူမတို့ သားအမိကို  ဘယ်နေရာ၌ ထိုင်လိုက်ခိုင်းရမလဲ ဟု…. အကြပ်ရိုက်နေစဉ်တွင်…….။
       ”’ဆရာ ခုဆုံးသွားတဲ့ ကောင်မလေးက ဘယ်လိုဖြစ်တာတုန်း……. ကျွန်တော် အစက သူဆေးရုံရောက်လာတော့ သူ့ကိုကျွန်တော်
တွေ့လိုက်ပါတယ်…… အကောင်းကြီးပါဗျ… ဘယ်လို ဖြစ်သွားတာလဲဗျာ…. ငယ်ငယ်ပဲရှိသေးတာကို….”’
     ”’ အင်း…ဟုတ်တယ် ဆရာကြီးသူရရေ…… သူက ရှေ့ဆုံးညာဘက်ခုံတန်းမှာ ထိုင်တာ… နောက်ကကား တိုက်လိုက်တဲ့ အရှိန်နဲ့
မှောက်ပြီး ရှေ့နံရံမှာ ထားတဲ့  ဂက်စ်အိုးနဲ့ ခေါင်းနဲ့ ရိုက်မိပြီး  ဒဏ်ရာရသွားတာ…….. ဆေးရုံရောက်တဲ့ အထိ သူ ဘာမှ မဖြစ်သေးဘူး
ဆိုတာ ဒီလိုဗျ……….. သူ့ဦးနှောက်အတွင်းပိုင်းအဲ့အချိန်မှာ အဲ့ထိတဲ့ အရှိန်ကြောင့်  အထဲက သွေးကြောတွေ ကြေနေတုန်း အချိန်မို့
ဗျ….အဲ့ကြေနေတဲ့ ဦးနှောက် အတွင်းပိုင်း သွေးကြောတွေက  ဆေးရုံရောက်မှ ပေါက်ထွက်ကုန်တာလေ….. ဆရာဝန်တွေလဲ  မနည်း
ကြိုးစားကြပါတယ်…. ဒါပေမယ့်  ဦးနှောက်တွင်း သွေးခဲမှုအားက  တအားမြန်လွန်းတော့  ထိမ်းလို့ လုံးဝမရတော့ဘဲ…. ခုလို ဆုံးသွား
ခဲ့တာ….. တော်တော်တော့  ဒီကောင်မလေး ….. ခံလိုက်ရသေးတယ် ဆရာကြီးရ…..”’  ”’ သူဖြစ်တာ (၆)နာရီကျော်ကျော်လောက်က
လေ… သူသေသွားတော့  ည တစ်ချက်ခွဲနေပြီ…. သနားပါတယ်ဗျာ….. မိဘကို သိတတ်နားလည်တဲ့  ဒီလို သားသမီးမျိုးမှ ဒီလိုဖြစ်ရ
တယ်လို့……”’
     ရဲအရာရှိက ပြောလဲပြော အမှန်တကယ်လဲ  စိတ်ထိခိုက်သွားတဲ့ အမူအရာနဲ့  ဟူးးးးးးးးးး ဆိုသော သက်ပြင်းရှည်ကြီးကို ချလိုက်
လေသည်….။
     ကျွန်တော်ကတော့  သူတို့ပြောသော စကားကိုသာ ကြားနေရသည်…. စိတ်ထဲမှာတော့  ဟို သားအမိကို  ဘယ်လို ကားပေါ်တင် လာ ရမလဲ ဆိုတာသာ စဉ်းစားနေမိ၏..။ ယင်းကဲ့သို့ စဉ်းစားရင်း မောင်းလာစဉ်ခဏ၌……..။
         ”’ ဟိုးးးးးး ကားဆရာ ဟိုရှေ့က ခရေပင်ကြီးအောက်မှာ   ဆောက်ထားတဲ့ လမ်းဘေးဆိုင်လေး ရှေ့ရောက်ရင် ရပ်ဗျို့…… ကျွန်
တော် တို့ နှစ်ယောက်ဆင်းမယ်……”’
      စိတ်တွင်းမှ အလွန်အမင်း ၀မ်းသာသွားမိပါ၏..။ ဤပုံဆို  ဟိုသားအမိကို  ကားပေါ်၌ အဆင်ပြေစွာ ချောင်ချောင်ချိချိ ခေါ်တင်သွား
နိုင်ပေပြီ…။
         ရဲအရာရှိ နှစ်ဦးပြသော နေရာကို မရောက်ခင် ၀ါး သုံးရိုက်လောက် အကွာလောက်အရောက်..  လမ်းတစ်ဖက်မှ မိုင်တိုင်ပြ အမှတ်
သင်္ကေတကို ကျွန်တော် မရည်ရွယ်ပဲ ရုတ်တရက် မြင်လိုက် မိသောအခါ……..။
      ”’ ဟိုက် …ဗုဒ္ဓေါ…… မိုင်တိုင်အမှတ်(၂၁)ပါလား……”’ ဒါဆို ဟိုသားအမိလဲ  ဒီနေရာမှ ဆိုင်ဖွင့်တာပေါ့…ကားကို ရဲအရာရှိ နှစ်ဥိး ရပ်
ုခိုင်းသော ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး…..မြင်နေရာသော မြင်ကွင်း အနှံ့အပြားကို မျက်လုံးကစားကာ ရှာဖွေလိုက်ပါသည်…။  ဆိုင်ဆို၍
အနီးအပါးတွင် ကွမ်းယာဆိုင်လေးမျှတောင် မတွေ့ရပေ….။  ထို့ကြောင့် ရဲအရာရှိနှစ်ဦး  ၀င်သွားသော ယင်း လမ်းဘေး တစ်ဖက်ရပ်
ဆိုင်လေးကို လှမ်း ကြည့်လိုက်မိပါသည်….။
       ကျွန်တော် ထိုသို့ ထိုဆိုင်လေးကို ကြည့်လိုက်မိသော အခါ…… ဆိုင်ရှေ့တွင် ချထားသော စဉ့်အိုးလေးဘေးတွင်  တုန်တုန်ရီရီနှင့်
ငုတ်တုပ်လေး ထိုင်ကာ ချောင်းတဟွပ်ဟွပ် ဆိုးလျှက်ရှိသည့်…. ကျွန်တော် ညက မုန့်ဟင်းခါး ၀င်စားစဉ်  ခြင်ထောင်တွင်း အိပ်ပျှော်
နေသာ အမေကြီးကို တွေ့လိုက်ရ၏….။
        ကျွန်တော် တဒင်္ဂ ဆက်ဟပ်မရအောင်  အတွေးတွေ တွေဝေ ရှုပ်ထွေး သွားပါတော့ သည်….။ သေချာသည့် အခြေအနေတစ်ခုကို
စိတ်တွင်း ဝေခွဲလို့ မရတော့သည့် အဆုံးမှာတော့……. ကျွန်တော် ကားတံခါး ဖွင့်ကာ  ကားအောက်သို့ ကမူးရှုးထိုး ဆင်းခဲ့လိုက် ပါတော့သည်.။
        ကျွန်တော် ကားအောက်သို့ ရောက်လျှင်ရောက်ချင်း….. အခြားကမ္ဘာ တစ်ခုသို ရောက်သွားသော လူတစ်ဦးလို ပါတ်ဝန်းကျင်ကို
ယောင်ကန်းကန်းနှင့် လိုက်ကြည့်နေမိပါသည်…။
        ကျွန်တော်ကားကို ဆက်မမောင်းပဲ ကားအောက်သို့ လိုက်ဆင်းလာသောသည်ကို ရဲအရာရှိ နှစ်ဦးက နားမလည်နိုင်သည့် အမူအရာနှင့် ကျွန်တော့်အားပြန်လှည့် ကြည့်နေစဉ်မှာပင်… ကျွန်တော်က……..
            ”’နေပါဦးဗျ…ခုနက ဆရာတို့ပြောနေတဲ့  ဆုံးသွားတဲ့ ကောင်မလေးဆိုတာ….ဒီဆိုင်မှာ မုန့်ဟင်းခါးရောင်းနေတဲ့ ကောင်မ
လေးရဲ့ ညီမလား…..?????????  ”’
        ကျွန်တော့် ၏ အမေးစကားကို  ရဲအရာရှိနှစ်ဦးက အူကြောင်ကြောင်ပုံစံနှင့် နားထောင်နေပြီး…………။
      ”’ ဗျာ…… ကားဆရာ  ခင်ဗျား ဘာပြောတာလဲ…… ဒီဆိုင်မှာ ဒီအမေကြီးနဲ့  ခုဆုံးသွားတဲ့ ကောင်မလေး နှစ်ယောက်တည်းနေပြီး
မုန့်ဟင်းခါးရောင်းနေကြတာလေ….. ဒီအမေကြီးက မျက်လုံးလဲ မကောင်းဘူး… နားလဲ မကြားရဘူး…. သူ့သမီးလေး တစ်ယောက်
တည်း သူ့အမေကို လုပ်ကျွေးနေတာလေ……  ဒီလမ်းမှာ မောင်းသမျှ ကားသမားတွေ အားလုံးကလဲ … ဒီကလေးမလေးနဲ့ သူ့အမေကို ဂရုဏာသက်ကြတော့  ၀ိုင်းဝန်းစောင့်ရှောက်ကြတယ်…. ခင်ဗျားကြည့်ရတာ ဒီလမ်းကြော ကား မမောင်းဖူး ဘူးနဲ့တူတယ်….”’
       ”’ ဆရာ သူရ သူ့ကို ပြလိုက်ပါ….. ဆေးရုံမှာ သေသွားတဲ့ ဒီအဒေါ်ကြီးရဲ့ သမီးကို.. ကျွန်တော်တို့ သေမှုသေခင်း သတင်းယူဖို့
ရိုက်ထားတဲ့ ကောင်မလေးပုံရှိတယ်မှတ်လား …..”’
        ရဲအရာရှိ၏ ပြောစကားကြောင့် တပ်ကြပ်ကြီးက သူ၏ လွယ်အိတ်ထဲမှ ဓါတ်ပုံများကို ဆွဲထုတ်ကာ…. ကျွန်တော့်လက်ထဲသို့ ဓါတ်
ပုံတစ်ပုံကို ထဲ့ပေးလေ၏…။
      ကျွန်တော်သည်…. ထိုတပ်ကြပ်ကြီးထဲ့ပေးသော ဓါတ်ပုံကို ငုံ့ကြည့်လိုက်ချိန်မှာတော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်
တော့် ရင်တစ်ခုလုံး ဟာထွက် သွားပါလေတော့သည်…။
        ဟုတ်ပါသည်…..ညက ကျွန်တော့်ကို မုန့်ဟင်းခါးရောင်းချခဲ့ပြီး   သူမမျက်နှာနှင့်မလိုက်သော ပတ်တီးဖြူဖြူလေးကို သူဦးခေါင်း
မှာ ဆင်မြန်းထားသော  ထိုမိန်းကလေးမှ မိန်းကလေး အစစ်ဖြစ်နေပါသည်….။
       ကျွန်တော်  ရုတ်တရက် ပြင်ပလောကကြီးနှင့်  အဆက်အသွယ်ပြတ်သွားသလို့ ဖြစ်သွားပြီး …အရာရာအပေါ် မယုံနိုင်စွာနှင့်
ဦးခေါင်းကို  သွက်သွက်ခါနေမိပါသည်…။
     မဟုတ်နိုင်ပါ….. မဖြစ်နိုင်ပါ….. ကျွန်တော် လက်ခံလို့မရပါ…ကျွန်တော် မယုံနိုင်ပါ……ကျွန်တော်နှင့် သူမ ညက စကားတွေ ပြော
ခဲ့ကြသည်…။ သူမထဲ့ကြွေးသော မုန့်ဟင်းခါးကို စား၍ ကျွန်တော့်ဆာလောင်ခြင်း ပျောက်ခဲ့ရသည်..။ သူမရှိုက်ကြီးတငင်ငိုနေတာကို
ကျွန်တော် တွေ့ခဲ့ရသည်….။
      ထို့အတူပဲ…. ညက ကျွန်တော် မုန့်ဟင်းခါးဖိုး ပေးခဲ့သော တစ်ထောင်တန်လေး သည်လည်း…. ဆိုင်ရှေ့ ခုံပေါ်တွင် ညက ကျွန်
တော်ပေးခဲ့စဉ်ကလိုပဲ  ရေနွေးအကြမ်းပန်းကန်လုံးအောက်တွင် ဖိလျှက်  ရှိနေဆဲ ဖြစ်ပါသည်…။
       အဖြေမရှိသည့်  အဖြစ်အပျက်များသည်… လောကတွင် ရှိနေသည်ကို ကျွန်တော် သိထားခဲ့သော်လည်း…. ကျွန်တော် ယခုကဲ့သို့ အဖြစ်မျီုး နှင့် မရင်းနှီးလိုသည်မှာ အမှန်ဖြစ်ပါသည်…။
    ကျွန်တော့်၏ တောင်မြောက်လေးပါး ပျံ့လွင့်သွားသော စိတ်များ ခေတ္တ ခန္တာကိုယ်ကို  ပြန်ရောက်လာချိန်မှာတော့  ကျွန်တော် လုပ်သင့်သော … လုပ်ပေးရန်သင့်သော ကျွန်တော် ဆုံးဖြတ်ထားပြီသား ကိစ္စကို  ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပါတော့ သည်…။ထို့ကြောင့်
ကျွန်တော် အနားတွင် ရှိနေသော ရဲအရာရှိ နှစ်ဦး၏ မျက်နှာကို ကြည့်၍…..၊
        “”ဆရာတို့ ခင်ဗျာ….. ကျွန်တော် ဒီအမေကြီးကို  ကျွန်တော် အမေအဖြစ်သေသည် အထိ စောင့်ရှောက်ခွင့်ပြုပါ…ကျွန်တော်
သူ့ကို ပဲခူးဆေးရုံမှာ ဆေးကုသပေးပြီး ဒီအမေကြီးကို ကျွန်တော် မသေသေးခင် အထိ ကျွန်တော့်  အသက်နဲ့ ခန္တာမြဲနေသေးသည်
အထိ ကိုယ့်မိခင် အရင်းလိုသဘောထား ပြုစု ယုယစောင့်ရှောက်ပါမယ်…. ခု တစ်ခါတည်း… ဒီအမေကြီးကို ကျွန်တော်နဲ့ခေါ် သွား ခွင့်ပြုပါ…. ဒါ ကျွန်တော့် မှတ်ပုံတင်နဲ့ ကားလိုက်စင်ပါ….. ဒါ ကျွန်တော် ကားမောင်းတဲ့ ပွဲရုံ လိပ်စာပါ….  “”
      ကျွန်တော် ပြောလိုက်သော  မနားမနေ စကားများကြောင့် ရဲအရာရှိ နှစ်ဦးက ကျွန်တော်အား နားမလည် နိုင်သော အံ့အားသင့်မှု
အမူအရာများနှင့် ကျွန်တော့်၏ အဆိုကို သဘောတူညီကြောင်း  ၄င်းတို့ ၏ ဦးခေါင်းများကို တဆတ်ဆတ် ငြိမ့်ကာ ပြလိုက်ကြပါ၏..။
တွေ လိုက်မမှီနိုင်သော  မမြင်နိုင်သည့် အကြောင်းအရာများသည်…. ဤကမ္ဘာ မြေကြီးပေါ်တွင် အမှန်တကယ်ရှိနေခဲ့ ဖြစ်နေခဲ့သည်
မဟုတ်ပါလော….။
              ကျွန်တော်  စဉ့်အိုးဘေးတွင် ထိုင်နေသော အမေအိုးကြီး၏ လက်ကို ညင်သာစွာ ဆွဲယူပြီး  ကားဆီသို့ ခေါ်လာရာလမ်း
တွင်….ကျွန်တော် တသက်မေ့လို့ ရတော့မည်   မဟုတ်သည့် သိသာထူးခြားလှသောာ မုန့်ဟင်းခါးနံ့ မွေးမွေးလေးသည်  ကျွန်တော့်
နှာသီးဖျားတစ်ဝှိက်တွင်   ယမန်နေ့ညကလိုပဲ  တဖန်ပြန်လည် မွှေးပျံ့လာသည်ကို  ကျွန်တော် စို့နင့်သည် နှလုံးသားက ခံစားမှုများနှင့်
ပါးပြင်ပေါ်မှ တလှိမ့်လှိမ့် စီးကျလာသော  မျက်ရည်များကြားမှ ရှုရှိုက်လိုက်မိပါတော့လေသည်…..။
(လွန်ခဲ့သော နှစ်အနည်းငယ်က အဖြစ်အပျက်လေး တစ်ခုအား ပုံရိပ်ဆင် ဖွဲ့နွဲ့ ရေးသားလိုက်ပါသည်..။)
                ကကြီး။
kagyi13.blogspot.com/
0 comments:
Post a Comment