Monday, February 24, 2014

စားကျက်ကို လယ်သမား မပိုင်၊ ကျွဲနွားတွေသာပိုင်

စားကျက်ကို လယ်သမား မပိုင်ဘူး၊ ကျွဲနွားတွေသာပိုင်တယ် လို့ ဧရာဝတီတိုင်းဒေသကြီး   ဒေးဒရဲမြို့ကနေ အသံထွက်လာပါတယ်။
 

ဒီအကြောင်း သတင်းထောက်
ဆလိုင်းသန့်စင် က  ဓာတ်ပုံများနဲ့အတူ သတင်းပေးပို့လာတာက ဒီလိုပါ -
ဒေးဒရဲမြို့နယ်၊ ကျုံတက်အုပ်စု၊ တော်ကနိ-ညောင်လိန်ကုန်းကျေးရွာအနီးက ကျုံတက်စားကျက်မြေကို ဒီရေကာတောစားကျက်မြေအဖြစ် ပြန်လည်ဖော်ဆောင်ပေးဖို့ လယ်သမားတွေက စနေနေ့မှာ  ဆန္ဒပြခဲ့ကြပါတယ်။ကျုံတက်စားကျက်မြေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ်အစိုးရလက်ထက် ကတည်းက စားကျက်မြေအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ယနေ့ထက်တိုင် မြေစာရင်းမြေပုံပေါ်မှာလည်း စားကျက်မြေအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမယ့် လယ်သမား ၇၀ ကျော်က ကျူးကျော် စိုက်ပျိုးနေတဲ့အတွက် လယ်ယာမြေတွေ ဖြစ်နေပါပြီ။

 ကျုံတက်ကျေးရွာအုပ်စုက ဒေသခံလယ်သမားတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြရတာ ဘာကြောင့်လဲ ဆိုတာကို   တော်ကနိ-ညောင်လိန်ကုန်းကျေးရွာကလာတဲ့ ဒေါ်ခင်ဌေး ရှင်းပြပုံက ဒီလိုပါ။

 “ကျုံတက်စားကျက်မြေကိစ္စကိုသ က်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း အပါအ၀င် နေပြည်တော် အထိပါ တင်ပြခဲ့ပါတယ်။ လုပ်ပေးမယ်ပြောပေမယ့် ဒီကနေ့အထိ ဘာမှလုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။   ဒီရေကာတော မရှိတော့ ပင်လယ်ရေတိုက်စားတာကမ်းပြိုတာတွေ တအားဖြစ်နေတယ်။ စားကျက်မြေမရှိတော့ ကျွဲနွားတွေလည်း စားစရာမရှိ ဖြစ်နေတယ်”

 လယ်သမား ၁၅၀ ကျော်ဟာ   ကြွေးကြော်သံတွေ အော်ဟစ်ပြီး မနေ့ကမနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ဒေးဒရဲမြို့ပေါ်မှာလှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

  • “ကျုံတက်စားကျက်မြေကိုဥပဒေအတိုင်း စားကျက်မြေအဖြစ်ပြန်လည် သတ်မှတ်ပေးရေး”၊
  • “စားကျက်မြေထဲကျွဲကျောင်းလို့ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့တရားစွဲခံထားရတဲ့ လယ်သမားတွေ အမှုကိုရုပ်သိမ်းပေးရေး”၊
  • “စားကျက်မြေထဲ ကျူးကျော်လယ်စိုက်ထားသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရေး”

 ကျုံတက်စားကျက်မြေဟာမူလကဧက ၂၀၈၄ ရှိခဲ့ပေမယ့် လယ်တွေခုတ်ထွင်စိုက်ပျိုးခဲ့လို့ ဒီရေကာတောတွေ ပြုန်းတီးပြီးနောက်ပိုင်း ပင်လယ်ရေ တိုက်စားမှုကြောင့် ဧက ၈၀၀ ကျော် ပင်လယ်ထဲပါသွားခဲ့ပြီလို့ ဒေသခံတွေကပြောပါတယ်။

 ဒီရေကာတော ပြုန်းတီးခဲ့လို့ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်က ပင်လယ်ဒီရေတက်ခြင်းနဲ့ မုန်တိုင်းဒဏ်ကို ကျုံတက်ကျေးရွာအုပ်စု အပါအ၀င် ရွာပေါင်း ၄၈ ရွာကဒေသခံတွေ အပြင်းအထန် ခံစားခဲ့ရပြီး လူတွေ သေကြေပျက်စီးခြင်းနဲ့ စီးပွားဥစ္စာတွေ ပျက်စီး ဆုံးရှုံးခဲ့ကြပါတယ်။

 “ဒီရေကာတောမရှိတော့ ပင်လယ်ရေ တိုက်စားလို့ ကမ်းပြိုတာရွာတချို့တွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ ပင်လယ်ထဲ ကျသွားပြီ။ အခုလည်း ကမ်းပြိုတာတွေ ဖြစ်နေတုန်းပဲ။ အစိုးရက တာပတ်တာတွေ လုပ်ပေးနေပေမယ့် ဒါတွေက သဘာဝဘေးဒဏ်ကို စိတ်ချရတဲ့အထိ ကာကွယ်နိုင်စွမ်း မရှိပါဘူး။ ပင်လယ် ဒီရေကာတောရှိမှသာ သဘာဝဘေးဒဏ်ကို ကာကွယ်နိုင်တာပါ” လို့ ဒေသခံ ကိုချိုလွင်က ရှင်းပြပါတယ်။ဒီရေကာတဲ့ တောတွေ ရှိမှသာ မုတ္တမ ပင်လယ်ကမ်းဘေးနေတဲ့ သူတို့ရဲ့ အသက်ဘေးနဲ့ စီးပွားလုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်မယ် တဲ့။
စားကျက်မြေထဲ ကျွဲဆင်းကျောင်းခဲ့မိတဲ့ ရွာသား ၄၀ ကျော်ကို အဲဒီမှာကျူးကျော် စိုက်ပျိုးနေတဲ့ လယ်သမားတွေက ဒေးဒရဲမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဆလိုင်းသန့်စင်










  • ဧရာဝတီblog

0 comments:

Post a Comment