သက်ပြင်းရှည်ချသံ၊ ချွေးတပြိုက်ပြိုက်နဲ့ ခဏအနားယူခါစ ကိုကျော်ဇံစိုးထံမှ ထွက်ရှိလာသော အသံတစ်ခု- - -
ပြီးခဲ့သည့် 
တစ်လလောက်ကတည်းက ကိုကျော်ဇံစိုးတို့ ငှားရမ်းနေထိုင်နေသည့် 
သင်္ဃန်းကျွန်းဘက်မှ လုံးချင်း အိမ်လေး အိမ်ငှားခမှာ တစ်စတစ်စ ထိုးတက်လာရာ 
နောက်ဆုံး မခံနိုင်တော့၊ တခြားအိမ် ရှာရတော့သည်၊ ယခုအခါမှသာ မြောက်ဒဂုံရှိ 
အဆင်ပြေသည့် အိမ်လေးတစ်ခုသို့ ပြောင်းရွှေ့နိုင်၍ ချနိုင်သည့် 
သက်ပြင်းတစ်ခုပင်။
 “ လူ့ဘ၀မှာ 
ကျွန်တော့်အနေနဲ့ နားလည်လာခဲ့ရတာက နေရေးထိုင်ရေး စားရေး သောက်ရေးမှာ 
နေရာထိုင်ခင်း က အရေးကြီး ဆုံးပဲ၊ စားစရာ မရှိရင် ဗိုက်မှောက်နေလို့ရတယ်၊ 
နေစရာမရှိ လမ်းဘေးဆင်းထိုင်ဖို့ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ မိသားစု 
ဘ၀ပေး ကံကြမ္မာ အလှည့်အပြောင်းလေး ကြုံရင်တော့ အိမ်ကောင်းကောင်းလေး 
တစ်လုံးလောက် ပိုင်ဆိုင်ချင်ရဲ့ဗျာ” ထိုသို့ ညည်း ငြူရင်း ပစ္စည်းများ နေရာချရန် အိမ်အတွင်း ပြန်ဝင်သွားလေ သည်။
ကိုကျော်ဇံစိုးသည် လူလွတ်တစ်ဦး မဟုတ်၊ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး ဆေးကုမ္မဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။
“ တစ်လကို 
ကျွန်တော့်လခ နှစ်သိန်းရတယ်၊ ကျွန်တော့်မိန်းမက ဖုန်းဆိုင်တစ်ခုမှာ 
လုပ်နေတာ၊ တစ်သိန်းခွဲရတယ်၊ အဲဒီ ငွေလေးနဲ့ စားစရိတ် နေစရိတ် ၊ ကလေးတွေ 
ကျောင်းစရိတ် အကုန် သင့်တင့်အောင် သုံးနေရတယ်၊ အိမ်ငှားရင်လည်း ရင်တမမနဲ့၊ 
အချိန်တွေက ကုန်တာ အရမ်းမြန်တယ်၊ ခြောက်လ တစ်နှစ်ဆိုတာ ရွှတ်ကနဲ ကုန်သွားတယ်” ဟု ၄င်းက ပြောပြသည်။
ရန်ကုန်မြို့တွင် 
ကိုကျော်ဇံကဲ့သို့သော အိမ်ရာမပိုင်ဆိုင်နိုင်သေးဘဲ အိမ်ငှားကာလ 
ပြည့်ခါနီးတိုင်း စိတ်ရှုပ်နေရ သည့် လူလတ် တန်းစားများ မြန်မာနိုင်ငံ၌ 
တစ်ပုံတစ်ပင်။
ဆောက်လုပ်ရေး 
ကုမ္မဏီတစ်ခု ဖြစ်သည့် လင်းအာရုံ ဆောက်လုပ်ရေးမှ မန်နေဂျာ ကိုဖြိုးဧကန်မှ 
၎င်းတို့ကုမ္မဏီ၏ ရန်ကုန် မြို့တွင်း နေထိုင်သူများ 
အိမ်ရာပိုင်ဆိုင်မှုစစ်တမ်းအရ လူဦးရေခြောက်သန်းတွင် အိမ်ယာ ပိုင်ဆိုင်သူ 
ဦးရေ တစ်သန်း ပင် မပြည့်ပေ။
ရန်ကုန်မှလူများ 
မည်သည့်အတွက်ကြောင့် အိမ်ရာ မပိုင်ဆိုင်ကြသနည်း ဆိုသော အဖြေအား ကြည့်ရာတွင်
 စီးပွားရေး မြို့တော် ဟု တင်စားနေကြသည့် ရန်ကုန် အိမ်ခြံမြေ ဈေးကွက်သည် 
သာမန်လူတန်းစား မလိုက်နိုင်သော နှုန်းထားများအထိ မြင့်တတ် လာ၍ဖြစ်သည်ဟု 
အဖြေရသည်။
ဝင်ငွေ 
အလယ်လတ်တန်းစားကုမ္ပဏီ ဝန်ထမ်းများ၊ အခြေခံ လစာနှင့် ရုန်းကန်နေရသူများအတွက်
 သိန်းရာ ထောင်ချီနေသော တိုက်ခန်း များ၊ ကွန်ဒိုများ၊ လုံးချင်း 
အိမ်ရာများမဆိုထားနှင့်၊ သာမန် သွပ်မိုးထရံကာလောက် အိမ်နှင့် 
မြေတစ်ကွက်ပင်လျှင် ပိုင်ဆိုင်ရန် လေထဲ တိုက်ဆောက်နေကြရသည်။
ထို့ကြောင့် 
၎င်းတို့၏ အိပ်မက်မှာ တန်ဖိုးနည်း အိမ်ရာများပင်ဖြစ်သည်။၎င်းတို့ 
မျှော်နေကြသည့် အိမ်ရာများမှာ လည်း လက်ရှိ အနေအထားတွင် အနိမ့်ဆုံး သိန်း 
၁၅၀ နီးပါး ဈေးပေါက်နေသည်။
အခြေခံ 
လက်လုပ်လက်စား ဝင်ငွေနည်းသူများ အများစုနေထိုင်ရာ လှိုင်သာယာမြို့နယ်ရှိ 
တန်ဖိုးနည်းဟု ဆိုသည့် သိန်း တစ်ရာကျော် တိုက်ခန်းသည် အခြေခံ 
လူတန်းစားများအတွက် လက်လှမ်းမီနိုင်ခြေ မရှိကြောင်း၊ တိုက်ခန်းများ 
ရောင်းချရာ တွင်လည်း ပွင့်လင်းမြင်သာသည့် ဈေးနှုန်းဖြင့် 
ရောင်းချစေလိုကြောင်း ဗဟန်းမြို့နယ် မှ တိုင်းဒေသကြီး လွှတ်တော် 
ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ထောက်ပြထားကြောင်း 
ပြည်တွင်းနာမည်ကြီးဂျာနယ်တစ်စောင်၌ တွေ့ရသည်။
တန်ဖိုးနည်းဟုဆိုရာတွင်လည်း
 ပြည်သူများ မျှော်လင့်ထားကြသည်မှာ တန်ဖိုးစရိတ် ကုန်ကျမှု နည်းနည်း၊ 
တန်ဖိုးအနိမ့်ဆုံး၊ အရည်အသွေး မပြည့်သော အိမ်ရာမျိုးမဟုတ်ဘဲ သင့်တင့်သော 
နှုန်းထားဖြင့် လစဉ် အနိမ့်ဆုံးပေးသွင်းငွေနှင့် ဝယ်ယူနိုင်သော အိမ်ဖြစ်သည်။
လက်ရှိ 
ဝင်ငွေနည်းသူများ အိမ်ခန်း ပိုင်ဆိုင်နိုင်ရန် 
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရတနာနှင့် ဧရာဝဏ် 
အိမ်ရာစီမံကိန်းတို့ကို စတင် ဆောင်ရွက်လျက်ရှိရာ ၁၈ ထပ် အဆောက်အအုံပေါင်း 
၄၈ လုံးတွင် အခန်းပေါင်း နှစ်သောင်းကျော် ပါဝင်မည်ဖြစ်ပြီး လူဦးရေ 
ရှစ်သောင်း နေထိုင်နိုင်မည်ဖြစ်ကြောင်းကိုလည်း အဆိုပါ စီမံကိန်းများ 
ဆောင်ရွက်နေသည့် ကုမ္မဏီများမှ ကြေညာ ထားသည်။
“ ကျွန်တော်တို့လို
 မိသားစုအတွက် စားစရိတ်တောင် ပုံမှန်အနေအထားရောက်အောင် လုပ်နေ ရတဲ့အချိန်မှာ
 ဒီလို ငွေသိန်း တစ်ရာကျော်နဲ့မှ ၀ယ်လို့ရမယ့် အိမ်ခန်းမျိုးဆို 
မတတ်နိုင်ဘူး၊ အစိုးရက သွားနေတဲ့ လမ်းကြောင်း ပေါ်ပဲ လျှောက်နေကြရတော့  
ကျွန်တော်တို့လို အောက်ခြေ လူတန်းစားတွေ အတွက် နေထိုင်ရေးအတွက် 
အဆင်ပြေပြေဖြစ်ချင်တာလေးကိုပဲ ဖြည့်ဆည်း ပေးစေချင် တယ်” ဟု ကိုကျော်ဇံက ပြောပြသည်။
ထို့ကြောင့် 
ပြည်သူများ တန်ဖိုးနည်းအိမ်ရာ ပိုင်ဆိုင်နိုင်ရန်ဟုဆိုရာတွင် ဆောက်လုပ်ရေး 
ကုမ္မဏီများ၊ အစိုးရနှင့် ဘဏ်များ ချိတ်ဆက်မှုသည် အရေးကြီး ကဏ္ဍတွင် 
ပါဝင်လျက်ရှိသည်။ ထို့အပြင် အလုပ်ရှိသည့် မည်သူမဆို 
အိမ်ရာပိုင်ဆိုင်နိုင်ရန် အာမခံ ချက်လည်း ရှိရန် လိုအပ်သည်။
ထို့ကြောင့် 
ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ ပိုင်ဆိုင်ရန်ဟုဆိုရာတွင် 
ချေးငွေဆိုသည်မှာ လိုအပ်လာပြီ ဖြစ်သည်။  အများ ပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် 
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၀င်ငွေနည်းပါးပြီး 
အိမ်ရာပိုင်ဆိုင်မှု မရှိသေးသူများ အား အဓိက ဦးစားပေးကာ အတိုးနှုန်း လေး 
ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးနှစ် ၃၀ ငွေထုတ်ချေး ပေးသွားမည်ဖြစ်ပြီး 
ချေးငှား သူများသည် ပုံမှန်ဝင်ငွေရှိကာ သတ်မှတ်ကာလအတွင်း ပေးဆပ်နိုင်မည့် 
အခြေအနေရှိမှသာ ဘဏ်မှထုတ်ချေးပေး သွားမည် ဖြစ်သည်ဟု Myanmar Times 
ဂျာနယ်တွင် ဖတ်သိခဲ့ရလေသည်။
လက်ရှိတွင် 
ရန်ကုန်၌ Down Town တိုက်ခန်းဈေးနှုန်းများသည် သိန်း ၃၀၀ ကျော်နှင့် 
အထက်၌ ရှိကြောင်း၊ မြို့တွင်းပတ်လည် တိုက်ခန်းတစ်ခန်း ငှားမည်ဆိုလျှင် 
ကျပ်တစ်သိန်းမှ တစ်သိန်းခွဲကြား ရှိနေပြီး အထပ်မြင့်ပိုင်း ရောက်ရှိပါက 
ကျပ် ခုနစ်သောင်း နှင့် ရှစ်သောင်း ဝန်းကျင်ကြား ရှိကြောင်း 
ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။
မြန်မာနိုင်ငံ 
အင်ဂျင်နီယာ အသင်းရဲ့ စစ်တမ်းအရ စစ်တမ်းများအရ လက်ရှိ ရန်ကုန်တွင် 
လူဦးရေအနေ အထားအရ တစ်နှစ် လျှင် အိမ်ရာ လိုအပ်ချက်ပမာဏ 
နှစ်သောင်းဝန်းကျင်ရှိပြီး အဆိုပါ ပမာဏအား မဖြည့်စည်ပေးနိုင်သရွေ့ 
အိမ်ငှားလုပ်ငန်းများ အလုပ်ဖြစ်နေဦးမည် ဖြစ်သည်။
 “ အခုလို 
အနေအထားတွေမှာ ဘာတွေဖြစ်လာလဲဆိုတော့ အခုနောက်ပိုင်း အန်ကယ်တို့ဆီမှာ အိမ်လာ
 ငှားတဲ့သူတွေထဲမှာ အများစုက နယ်က တက်လာတဲ့ လူငယ်လေးတွေ တွေ့လာရတယ်၊ ဒုတိယ 
များတာက တော့ မိသားစုတွေပေါ့နော်၊ အဲဒီမှာ ကလေးတွေဆိုတာက လခ ရှစ်သောင်း 
တစ်သိန်းနဲ့ အိမ်လခထဲမှာတင် လခတစ်ဝက်နီးပါးလောက်က မြုပ်သွားတယ်၊ အဲဒီမှာ 
သူတို့ရဲ့ တခြား လူမှုရေး စရိတ်တွေမှာ မသုံးနိုင်တော့တဲ့ အတွက် လူနေမှုလည်း 
နိမ့်ပါးလာနိုင်မယ်” ဟု ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှ အိမ်ခြံမြေ ပွဲစား တစ်ဦးဖြစ်သူ ဦးလင်းဖြိုးက ပြောသည်။
ထိုကဲ့သို့ 
နေထိုင်ရန် အခက်အခဲဖြစ်လာသည့် ရန်ကုန်နေ ပြည်သူများသည် နောက်ဆုံး 
မိမိတတ်နိုင်သည့် ငွေလေးနှင့် စုပေါင်း စပ်ပေါင်း နေလာကြသည်။ မိသားစု 
နှစ်စု ပေါင်းနေထိုင်သည်များ၊ လူပျို လူလွတ်များ ဆိုပါက နှစ်သောင်း 
သုံးသောင်းနှင့် နေရာထိုင်ခင်းကိစ္စများအား ဖြေရှင်းနေရသည်။
“ ကျွန်တော့် 
ညီလေးဆို သူ့မိန်းမနဲ့ အဆောင်ပဲ နေနေကြတာ၊ သွပ်မိုး၊ ထရံကာလေးနဲ့ 
နှစ်ကိုယ် စာလေးပေါ့၊ တစ်လကို လေးသောင်းပေးရတယ် ပြောတယ်၊ ဒါပေမယ့် 
သူတို့ဆိုတာက ကလေးလည်း မရှိသေးဘူး၊ ဒီတော့နေလို့ အဆင်ပြေတယ်၊ ဒါပေမယ့် 
ကျွန်တော်တို့ကျ အခု ကလေးတွေက တစ်ယောက်က ငါးတန်း၊ တစ်ယောက်က သုံးတန်း၊ 
ဒီတော့ အဆင်မပြေဘူး၊ ကလေးတွေသာ မရှိရင် ကျွန်တော်တို့လည်း အဲဒီလို 
နေဖြစ်ရင် နေဖြစ်မှာ” ဟု ကိုကျော်ဇံက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ
မည်ဆိုသည့် ကတိများ တွေ့ရှိခဲ့ရပြီး လက်တွေ့တွင် 
အကောင်အထည်ပေါ် မလာနိုင်သေး သည်ကို တွေ့နေရ သည်။
မြန်မာနိုင်ငံ 
လူဦးရေသည် ၁၉၈၈ ခုနှစ်တွင် ၃၉.၃သန်း ၂၀၀၈ ခုနှစ် မေလတွင် ၅၇.၃၇သန်း 
ရှိခဲ့ရာ  ၂၀၀၉ ခုနှစ် အကုန်ပိုင်း ထုတ်ပြန်ချက်အရ ၅၉.၁၂သန်း အထိ 
ရောက်ရှိလာပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား 
ဝန်ကြီးဌာနမှာ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
အဆိုပါ 
စာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ တိုးတက်မှုနှုန်းမှာ 
မြင့်တက်လာသည်ကို တွေ့ရပြီး မြင့်တက်လာသည့် လူဦးရေနှင့်အတူ 
နေထိုင်စရာပြဿနာများလည်း ပိုမိုကြီးမားလာသည်။ အဆိုပါ ပြဿနာများ၏ 
နောက်ဆက်တွဲအရလည်း မြေယာ ကျူးကျော်မှုကဲ့သို့သော အမှုများ၊ 
ဆန္ဒထုတ်ဖော်မှုများလည်း အကြိမ်ကြိမ် တွေ့ရှိလာရသည်။
မည်သို့ပင်ဆိုစေ 
ကိုကျော်ဇံစိုးတို့ မိသားစု လက်ရှိ နေရေး ထိုင်ရေးအတွက်တော့ 
အဆင်ပြေသွားပြန်ပြီး နောက် ခြောက်လ မတိုင်ခင်အထိ ၄င်းတို့၏ နေရာအသစ်လေး၌ 
အခြေတည်ရပေဦးမည်။ သို့သော် အဆိုပါနေရာလေးမှာလည်း ငှားရမ်းခများ 
ထပ်မံမြင့်တက်ခဲ့ရင် ဆိုသည့် အတွေး တွေးမိလေတိုင်း …….. 
Myit Ma Kha Media Group.
0 comments:
Post a Comment