
လှည်းဝင်ရိုးသံ
 တညံညံပုဂံဘုရားပေါင်း ဆိုရိုးစကားအတိုင်း ပုဂံဒေသရှိ 
စေတီပုထိုးဂူဘုရားများမှာ လက်ညှိုးထိုး ၍မလွဲနိုင်အောင် တည်ရှိနေသလို 
ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်များ၊ 
မြန်မာလက်မှုအနုပညာ နံရံဆေးရေးပန်းချီနှင့် ဗိသုကာအတတ်ပညာ များကို 
လေ့လာလိုသည့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များမှာ နေရာအနှံ များပြား လာသည်။
မြန်မာတို့၏ 
နှလုံးသားဟုတင်စားကြသည့် ပုဂံဒေသမှာ ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် 
တရားဝင် မဖြစ်သေးသော်လည်း မြင့်မားသည့် ယဉ်ကျေးမှုအဆင့်အတန်းနှင့် 
သမိုင်းကြောင်းတို့ဖော်ပြရာ စေတီပုထိုးဂူ ဘုရား၊ နန်းမြို့ရိုးတို့ကြား 
အေးချမ်း တိတ်ဆိတ်စွာ အပန်းဖြေရန် စိတ်ကူးနှင့် 
ကမ္ဘာလှည့် ခရီးသွားများတခုတ်တရ လာရောက်လည်ပတ်ရသည့် မွန်းကြပ်လှသည့် 
မြို့ပြတို့၏ အငွေ့အသက် ကင်းလွတ်ရာ နေရာ..

 “ထိုင်း၊
 ထိုင်ဝမ်၊ ကိုရီးယား၊ တရုတ်နိုင်ငံနဲ့ ပြည်တွင်းက လူတွေက ဘုရားဖူးလာကြတာ။ 
အနောက်နိုင်ငံကလူ တွေက လူအများ ကြီး ရှိတဲ့နေရာတွေကို ရှောင်လာတယ်။ 
မြို့ပြင်ဘက် စေတနာကြီး ပုထိုးလို နေရာတွေကိုသွား ကြတယ်။ သူတို့တွေက အေးအေး 
ဆေးဆေးနဲ့ အပန်းဖြေချင်ကြတာ။" ဟု ပုဂံဇုန် မြန်မာနိုင်ငံဧည့်လမ်းညွန် အသင်း
 ဥက္ကဌ ဦးဇော်ဝင်းချိုက ပြောသည်။
ပုဂံခေတ် 
နံရံဆေးရေးပန်းချီများကို လေ့လာချင်သည့် ကမ္ဘာလှည့် ခရီးသွားများမှာ 
မြင်းကပါ၊ ဂူပြောက်ကြီးနှင့် မြင်းကပါရွာရှိ သဲကျောက်ပေါ်တွင် 
ထွင်းထုထားသည့် နန်းဘုရားတို့ကို သွားလာလေ့ရှိပြီး စူဋ္ဌာမဏီ စေတီသို့ 
ရှေးဗိသုကာလက်ရာများ လေ့ လာရန်အတွက် သွားရောက်လေ့ရှိကြသည်။

မြန်မာနိုင်ငံ 
ယဉ်ကျေးမှုဝန်ကြီးဌာနမှ နံရံဆေးရေးပန်းချီများကို ထိန်းသိမ်းသည့်အနေဖြင့် 
အကာအရံ များနှင့် အစောင့်များ ထားရှိခြင်း၊ နံရံဆေးရေးပန်ချီအချို့ကို 
ဓါတ်ပုံမရိုက်ရန် တာမြစ်ထားခြင်းတို့ကို ပြုလုပ်ထားသည်ကို တွေ့ရသည်။ 
ထို့အပြင် ယခင်က 
ဂူနံရံများကို ထုံးများသုတ်ခဲ့ခြင်းကြောင့် 
တိမ်မြုတ်ပျောက်ကွယ်လုဖြစ်နေသည့် နံရံဆေးရေး ပန်းချီတို့ကို 
အိန္ဒိယနိုင်ငံမှ အကူအညီဖြင့် (၇) နှစ် စီမံကိန်းပြုလုပ်ကာ 
ပြန်လည်ဖော်ထုတ်လျှက်ရှိနေသည်မှာ ၂ နှစ်နီးပါရှိပြီဖြစ်ကြောင်း သိရသည်။
"အရင်က 
ထုံးတွေသုတ်လိုက်လို့ ပျောက်နေတဲ့ နံရံဆေးရေးပန်းချီတွေကို 
အိန္ဒိယအစိုးရအကူအညီနဲ့ (၇) နှစ် စီမံကိန်းဆိုပြီး ပြန်ဖော်ပေးတာ ၂ 
နှစ်နီးပါးရှိ နေပြီ။ တချို့နေရာတွေဆို ထုံးကို ၄ ထပ်လောက်သုတ်ထားတယ်။ 
မိုးယိုလို့ ပျက်ကုန်တာတွေ ငှက်ချီးပါလို့ ပျက်နေတဲ့ဆေးရေးပန်းချီတွေ 
အကုန်ပြန်ရတယ်။ မမြင်ဘူးတဲ့ ဗြဟ္မာကြီး ဘုရားကို ပန်းဆက်နေတဲ့ရုပ်တွေပါ 
ပြန်ပေါ်လာတယ်။" ပုဂံဒေသခံ တစ်ဦးကဆိုသည်။

ရာသီဥတုနှင့် 
ငလျှင်ဒဏ်များကြောင့် စေတီပုထိုးအချို့၏ ကြံခိုင်ရေးအတွက် 
အုတ်အင်္ဂတေအသုံးပြု၍ ပြင်ဆင်ခဲ့ရသော နေရာများမှ နံရံဆေးရေးပန်းချီများကို 
ပြန်လည်ဖော်ထုတ်နိုင်မည် မဟုတ်ကြောင်း သိရသည်။
အဆိုပါ ပုဂံဒေသရှိ 
နံရံဆေးရေးပန်ချီများ၊ ဗိသုကာလက်ရာများအပြင် ဧရာဝတီမြစ်အလှနှင့် 
ပုဂံနေ၀င်ချိန်ကို တစ်ရက်လျှင် ကမ္ဘာလှည့်ခရီးသွားများ ၅၀၀ ခန့် 
ရွှေဆံတော်နှင့် ပြသာဒ်ကြီးစေတီပေါ်သို့ တက်၍ စောင့်ဆိုင်း 
ကြည့်ရှု့ရသောကြောင့် ကြံခိုင် ရေးကောင်မွန်ပြီး နေ၀င်ချိန်ကြည့်ရှုနိုင်မည့်
 အခြားစေတီပုထိုးများကို ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိကြောင်း ပုဂံ 
ရှေးဟောင်းဦးစီး ဌာနမှ သိရသည်။
.jpg)
ယခု ၂၀၁၃-၂၀၁၄ 
ခရီးသွားနှစ်မကုန်မီ ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် 
ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အရေအတွက် မှာ ၂ သိန်းဝန်းကျင်ရှိနေပြီး ၂၀၁၂-၂၀၁၃
 ခုနှစ် ခရီးသွားနှစ်ထက် ၃ သောင်ဝန်းကျင် ပိုလာကြောင်းကိုလည်း သိရသည်။
၂၀၁၂-၂၀၁၃ ခုနှစ် 
မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများအနက် ပုဂံသို့ 
ဒုတိယ အများဆုံး လာရောက် လည်ပတ်ခဲ့ပြီး ပထမအများဆုံးမှာ ခရီးသွား 
၅သိန်းခွဲကျော်ဝင်ရောက်ခဲ့သည့် ရန်ကုန်ဖြစ်ကာ မြန်မာနိုင်ငံသို့ 
ဝင်ရောက်လာသည့် ခရီးသွားဦးရေအားလုံး၏ ထက်ဝက်ကျော်မှာ ရန်ကုန်နှင့် 
ပုဂံဒေသသို့ လာရောက် လည်ပတ်ကြခြင်းဖြစ်သည်ဟု ဟိုတယ်နှင့်ခရီး 
သွားလာရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် 
ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလျှက်ရှိသည့်နေရာ အများအပြားရှိသည့်အနက် 
ရန်ကုန်၊ ပုဂံ၊ မန္တလေးနှင့် တောင်ကြီး အင်းလေးဒေသသို့သာ အသွားအလာများကြပြီး
 ယခင်က မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ 
ထောက်ခံချက်ယူသွားလာရသောဒေသများသို့ ယခုအခါ ထောက်ခံချက် မလိုပဲ 
သွားလာနိုင်သော်လည်း လမ်းပန်းဆက်သွယ် ရေးနှင့် တည်းခိုနေထိုင်ရာနေရာမရှိ၍ 
သွားလာနိုင်မှု နည်းပါးနေသေးသည်။
အကြောင်းမျိုးစုံကြောင့်
 ခရီးသွားများအရောက်အပေါက်နည်းနေသည့် မန္တလေးမှ ဧရာဝတီမြစ်ကြောင်း 
တလျောက်ရှိ ဧရာဝတီ လင်းပိုင်များ၊ ချင်းပြည်နယ်ရှိ အသဲပုံသဏ္ဍာန် ရိဒ် 
ရေအိုင်၊ အဆင့်ခုနှစ်ဆင့်ရှိ ဘုံတလာ ရေတံခွန်၊ အရှေ့တောင် အာရှနိုင်ငံ 
များ၏ တစ်ခုတည်းသော ရေခဲဖုံးလွှမ်းရာ ကချင်ပြည်နယ်ရှိ ရေခဲတောင်များ နှင့် 
တိုင်းရင်းသားလူမျိုးစုတို့၏ ဓလေ့၊ စရိုက်၊ ယဉ်ကျေးမှုများမှာ 
ကမ္ဘာလှည့် ခရီးသွားများအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စေရန် 
ယခုထက်ပိုမိုဆွဲဆောင် ပေးနိုင်မည် ဖြစ်သည်။ 
အဆိုပါ ဒေသများသို့
 ကမ္ဘာလှည့် ခရီးသွားများ သွားလာနိုင်ရန် လေယာဉ်ကွင်းများ ပြုပြင်တည် 
ဆောက်ခြင်း၊ လမ်းများပြုပြင် ဖောက်လုပ်ခြင်း၊ ဗီဇာသက်တမ်း 
တိုးမြင့်ပေးခြင်းနှင့် အဆိုပါဒေသများတွင် နယ်မြေအေးချမ်း 
အောင်ဆောင်ရွက်ပေးခြင်းတို့ကို အစိုးရအနေနှင့် ပြုလုပ်ပေးရမည်ဖြစ်သည်ဟု 
ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းက သုံသပ်ထားကြသည်။
အဆိုပါ ကမ္ဘာလှည့် 
ခရီးသွားများ စိတ်ဝင်စားနိုင်မည့် ခရီးစဉ်အသစ်များကို 
ဖော်ထုတ်ရန်လိုအပ်ပြီး ထိုသို့ ဖော်ထုတ်ပေးခြင်း အားဖြင့် 
မြန်မာနိုင်ငံတွင် ရက်ရှည်နေထိုင်ကာ ပြည်တွင်းဝင်ငွေ 
ပိုမိုရရှိနိုင် မည်ဖြစ်သည်။
၂၀၁၃-၂၀၁၄ 
ခရီးသွားနှစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း 
၉၀၀ ကျော်ရရှိ ထားပြီး ၎င်းရ ငွေမှာ စံချိန်တင်ရငွေဖြစ်ကြောင်း 
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
မြန်မာနိုင်ငံသို့ 
လာရောက်လည်ပတ်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ပျှမ်းမျှတစ်ရက်အသုံးစရိတ် 
အမေရိကန် ၁၄၅ ဒေါ်လာ သုံးစွဲခဲ့ပြီး ပျမ်းမျှ နေထိုင်ချိန် တစ်ပတ်ရှိကြောင်း
 သိရသည်။ 
မြန်မာနိုင်ငံသို့ 
လာရောက်လည်ပတ်လိုသော ကမ္ဘာလှည့် ခရီးသွားများကို ပြည်ဝင်ခွင့် ဗီဇာသက်တမ်း 
၂၈ ရက် ခွင့်ပြုထား ခြင်းဖြစ်၍ ဗီဇာသက်တမ်းကို ပိုမိုတိုးပေးနိုင်မှသာ 
မြန်မာနိုင်ငံမှာ နေရာဒေသအစုံသို့ အချိန်ပေးသွား လာနိုင်မည်ဖြစ်သည်။ 
"ခရီးသွားနေရာတွေ 
ဖော်ထုတ်ရတာလွယ်တယ်။ ဒါပေမယ့် သွားလာနိုင်အောင် လမ်းတွေ၊ လေယဉ်ကွင်းတွေ 
လိုတယ်။ နယ်မြေအေးချမ်းဖို့ လည်းလိုတယ်။ ဗီဇာကိုလည်း ၂ လ ၃ လလောက် 
ထိပေးသင့်တယ်။ ဒီတော့မှ သူတို့သွားချင်တဲ့ နေရာတွေကို 
အေးအေးဆေးဆေးသွားလာလို့ရမှာ။" ဟု ပုဂံဇုန် မြန်မာနိုင်ငံ ဧည့်လမ်းညွန် 
အသင်း ဥက္ကဌ ဦးဇော်ဝင်းချိုက ပြောသည်။ 
၂၀၁၃-၂၀၁၄ ခုနှစ် 
ခရီးသွားရာသီ တစ်ဝက်ကျော်အချိန်၌ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် 
ခရီးသွားဧည့်သည် ၂ သန်းခန့် ၀င်ရောက် လာခဲ့ပြီး အဆိုပါ ၀င်ရောက်မှုနှုန်းမှာ 
မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ မျော်မှန်းထားသည့် 
တစ်ရာသီစာ ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်မှုနှုန်းဖြစ်သည်။
ယခုကဲ့သို့ 
ကမ္ဘာလှည့်ခရီးသွားများ တစ်နှစ်ထက် တစ်နှစ် 
ပိုမိုဝင်ရောက်လာမည်ဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်းဆိုင်ရာ 
အခြေခံအဆောက်အအုံများ ဖြစ်သည့် ခရီးသွားလုပ်ငန်းကုမ္ပဏီများ၊ ဟိုတယ်များ၊ 
လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ၊ လူ့စွမ်း အားအရင်း အမြစ်များ၏ 
အရည်အသွေးများနှင့် အရည်အချင်း အစရှိသည် တို့ကို 
ပိုမိုဖွံဖြိုးတိုးတက်စေရန် လုပ်ဆောင် ရမည်ဖြစ်သည်။
ခရီးသွားကုမ္ပဏီများကလည်း
 လာမည့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ ပြုလုပ်မည့်အချိန်၌ 
အာဆီယံနိုင်ငံများမှ ၀င်ရောက် လာမည့် ဧည့်သည်များနှင့် 
ရင်းနှီးမြုတ်နှံလာမည့် ခရီးသွားကုမ္ပဏီများ အချင်းချင်း 
ချိတ်ဆက်လုပ်ကိုင်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိသည်ဟု သိရသည်။
“အာဆီယံ ၁၀ 
နိုင်ငံလုံးရဲ့ ဒေသတွင်း ပတ်သတ်တဲ့ ဗဟုသုတမျိုးတွေ အစီအစဉ်တွေကို 
နားလည်ရမည်။ ၂၀၁၅ အတွက် အာဆီယံနိုင်ငံတွေက ခရီးသွားကုမ္ပဏီအချင်းချင်း 
ပါတနာတွေဖွဲ့ပြီး ချိတ်ဆက်မှုတွေ လုပ်ရမည်” ဟု ခရီးသွားလုပ်ငန်းရှင် မနန်းနီလတ်က ဆိုသည်။
မြန်မာနိုင်ငံ 
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ လွန်ခဲ့သည့် နှစ်များထက် 
ပိုမိုတိုးတက်ကောင်းမွန် လာသော်လည်း ကမ္ဘာလှည့် ခရီးသွားများ 
ပိုမိုဝင်ရောက်လာစေရန် ငွေပေးငွေချေနိုင်မည့် ဘဏ်လုပ်ငန်းစနစ်များ တိုးတက် 
ကောင်းမွန်ရန်လိုအပ်လျှက် ရှိကြောင်း ခရီးသွားကုမ္ပဏီ အသိုင်းအ၀ိုင်း ထံက 
သိရသည်။ 
“လွန်ခဲ့တဲ့ ၁၀ 
နှစ်ထက်စာရင်တော့ အများကြီး ပိုကောင်းလာပါတယ်။ ကုမ္ပဏီလိုင်စင်၊ အင်တာနက် 
လျှောက် တာတွေက အများကြီးပိုလွယ်သွားတယ်။ ဒါပေမယ့် ဒီမှာက Payment စနစ်တွေက
 သူများနိုင်ငံတွေနဲ့ယှဉ်ရင် မကောင်းသေးဘူး။ လာတဲ့ သူတွေက 
ငွေသားလက်ငင်းချေနေရတယ်။ ဒီတော့ ကုမ္ပဏီတစ်ခုကို ဧည့်သည်ရတဲ့နှုန်းက 
ထိုင်းနဲ့ယှဉ်ရင် နည်းတယ်။” ဟု ခရီးသွားကုမ္ပဏီပိုင်ရှင် မနန်းနီလတ်က ဆိုသည်။
၂၀၁၂-၂၀၁၃ ခုနှစ် 
မြန်မာနိုင်ငံသို့ ကမ္ဘာလည့် ခရီးသွား ၁.၅ သန်းဝန်းကျင် ၀င်ရောက်ခဲ့သော်လည်း
 ၎င်းအချိန် ၌ ထိုင်းနိုင်ငံသို့ ခရီးသွားဝင်ရောက်နှုန်းမှာ ၁၄ 
သန်းဝန်းကျင်ရှိခဲ့သည်ဟု သိရသည်။
ဟိုတယ်များ၏ 
ဝန်ဆောင်မှုသိပ်မကွာခြားသော်လည်း မြန်မာနိုင်ငံရှိ ဟိုတယ်ဈေးနှုန်းများမှာ 
ထိုင်းနိုင်ငံမှ ဟိုတယ်များ၏ ဈေးနှုန်း များနှင့် ယှဉ်ပါက ဈေးနှုန်း ၂ ဆမှ ၃
 ဆ အထိဈေးနှုန်းမြင့်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ 
အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ လှည့်ခရီးသွားလာသူများက တညီတညွတ်တည်း 
ပြောဆိုကြသည်။
မြန်မာနိုင်ငံဟိုတယ်နှင့်
 ခရီးသွားလာရေးဝန်ကြီးဌာနမှ အာရှဖွံဖြိုးရေးဘဏ် (ADB)၊ နော်ဝေးနိုင်ငံတို့၏
 အကူ အညီဖြင့် အစီ အစဉ် (၆)ခုပါဝင်သည့် Myanmar Tourism Masta Plan 
(၂၀၁၃ခုနှစ် မှ ၂၀၂၀ ခုနှစ်ထိ) (၇) နှစ် စီမံကိန်းရေးဆွဲကာ 
မြန်မာခရီးသွားလုပ်ငန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဆိုပါကိစ္စရပ်များကို 
ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းလျှက်ရှိသည်။
အငွေ့မထွက်သည့်စက်ရုံဟု
 တင်စားခေါ်ဝေါ်ကြသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖြင့် 
ပြည်တွင်းဝင်ငွေများ ရရှိ မည့်အပြင် မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ 
ရှေးဟောင်းအမွေအနှစ်များ၊ ဖော်ရွေလှသည့် ဧည့်ဝတ်ကျေပွန်မှုများအား ကမ္ဘာ 
အလည်တွင် ဂုဏ်ယူစွာပြသနိုင်ရန် အစိုးရတွင်သာမက လူမှုအဖွဲ့အစည်းများနှင့် 
ပြည်သူအားလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန် လိုအပ်နေသေးသည်ဟု 
တိုက်တွန်းလိုပါသည်။
 Myit Ma Kha Media Group.
 






 
 
 
 
 
0 comments:
Post a Comment