တစ်ခုသော မြို့ကလေး၏ အစွန်ဘက်တွင် လှပသော အိမ်ကြီးတစ်လုံးရှိသည်။ ထိုအိမ်လေးတွင် လှပသော ပန်းခြံကြီးများ၊ စိုက်ခင်းကြီးများနှင့် စိမ်းစိုကာ နေချင်စဖွယ်ဖြစ်သည်။ ထိုအိမ်၏ အရှေ့ဘက်တွင် ချောင်းကလေး တစ်ခုရှိပြီး ထိုချောင်းကလေးအထက်တွင် သစ်သားတံတားလေးတစ်ခုလဲ ရှိသည်။ ထို အိမ်လေး၏ ပတ်ဝန်းကျင်တွင် သာယာလှပသော သစ်တောလေးများ စိုက်ခင်းများနှင့် ၀န်းရံထားသဖြင့်မြင်မိသူတိုင်း ရင်သပ်ရှုမောဖြစ်ရမည်မှာ မလွဲပေ။ သို့သော် .. ထိုအိမ်လေးဘက်တွင် မည်သူမှ မလာကြ၊ မသွားကြပေ။ အကြောင်းမှာ ထိုအိမ်ကို ပိုင်ဆိုင်သော သူဌေးကြီး ဦးငွေမင်း ပိုင်ဆိုင်သောကြောင့်တည်း။
သူဌေးကြီးသည် ကပ်စေးနဲရုံမျှမက မည်သူကိုမျှလဲ အပေါက်လမ်းတည့်အောင် စကားပြောတတ်သူမဟုတ်ပေ။ သူ့ခြံတွင် အလုပ်သမားဟူ၍ များများမထား။ မည်သူတစ်ဦးတစ်ယောက်မျှလဲ မလုပ်ချင်။ သူဌေးကြီးအား ကြောက်ကြသောကြောင့်
ဖြစ်ပါသည်။ သို့သော်.. ထိုအပေါက်လမ်းမတည့် ကပ်စေးနဲသော သူဌေးကြီးတွင် မမိုးဇာ ဆိုသော အစေခံတစ်ယောက်တော့ ရှိပါသည်။ တစ်အိမ်လုံး၏ စိုက်ပျိုးရေး၊ သန့်ရှင်းရေး အပြင် အစစအရာရာတာဝန်ယူရသော သူဖြစ်သည်။
ထိုသူဌေးကြီးတွင် အလွန်လှပချောမောသော သမီးကလေးတစ်ယောက်ရှိသည်။ ထိုသမီးလေး၏ မိခင်သည် မွေးဖွားပြီးသည်နှင့် ဆုံးပါးခဲ့သဖြင့် ထိုသမီးလေးအား ဒေါ်မိုးသူမှ နို့ချိုတိုက်ကျွေး ပြုစုခဲ့သည်။ သမီးလေး၏ နာမည်မှာ ရွှေစင်သွန်း ဖြစ်သည်။ နာမည်နှင့် လိုက်ဖက်အောင်ပင်
သမီးလေးမှာ ရွှေအဆင်းကဲ့သို့ လှပလွန်းသည်။ ထိုသမီးလေးကို မည်သူမျှ မမြင်ဖူးချေ။
ထိုသမီးလေးနှင့် နို့စို့ဖက်ဖြစ်သူမှာ ဒေါ်မိုးသူ၏သား မောင်လူမွန်ဖြစ်သည်။ သူသည် ထိုခြံ၏ ပန်းခင်းများကိုတာဝန်ယူရသူဖြစ်သည်။ သိတတ်စအရွယ်မှ စ၍ ထိုခြံ၏ပန်းပင်များကို သူ စိုက်ပျိုးခဲ့သသည်။ သို့သော် ထိုအိမ်ထဲသို့ တစ်ခါမှ မရောက်ဖူးပါချေ။ ထိုအိမ်ထဲသို့ ၀င်ရန်လဲ သူ စိတ်မကူးခဲ့ပါ။
ရာသီစက်ဝန်း အလီလီပြောင်းလာသည့်အတွက် မောင်လူမွန်နှင့် ရွှေစင်သွန်းတို့မှာ ဆယ့်ခြောက်နှစ်အရွယ်သို့ရောက်လာကြသည်။ မောင်လူမွန်သည်လဲ ယောက်ျားပီသကာ ချောမာသကဲ့သို့ ရွှေစင်သွန်းမှာလဲ နတ်သမီးလေးတမျှ လှပလွန်းသည်။ တစ်နေ့ ....
"ဒေါ်မိုးဇာ ... "
"အမိန့်ရှိပါ သခင်ကြီး "
" အင်း .. ဟို ငါ့သမီးရဲ့ အခန်းပြတင်းပေါက်က ကြည့်ရင် လှပတဲ့ပန်းခင်းတစ်ခု ကို မြင်တွေ့ရအောင် လုပ်နိုင်ပါသလား "
"ဟုတ်ကဲ့.. ဘယ်လိုပန်းမျိုးကို မြင်တွေ့စေချင်ပါသလဲ သခင်ကြီး"
" အင်း .. ဒေါ်မိုးဇာ လှမယ်ထင်တာကို စိုက်လေ.. သမီးလေး နှစ်သက်မယ် ထင်တာကိုပေါ့.."
" ကောင်းပါပြီ ကျွန်မ သမီးလေး ဘာပန်းကို နှစ်သက်လဲဆိုတာ မေးစမ်းကြည့်ပြီး စိုက်ပါ့မယ် သခင်းကြီး "
" အေး.. အေး .. "
သို့နှင့်ဒေါ်မိုးဇာ အိမ်ကြီးထဲသို့ ၀င်လာခဲ့သည်။ ဒီအိမ်ကြီးတွင် အပြင်လူဆိုလို့ သူမတစ်ယောက်သာ ၀င်ခွင့်ရှိသည်။ အိမ်အပေါ်ထပ်ရှိ သမီးလေး အခန်းသို့ လာခဲ့သည်။ အခန်းရှေ့ရောက်လျှင် ..
" ဒေါက် .... ဒေါက် ... ဒေါက် .."
" ဘယ်သူလဲ "
" အမေဇာပါ သမီးလေး "
" အော်... အမေဇာ လာလေ သမီးတံခါး စေ့ထားရုံပါ "
" အင်း "
တံခါးကို ညင်သာစွာဖွင့်ပြီး ၀င်လာခဲ့သည်။ သမီးလေးက မှန်စင်ရှေ့တွင် ထိုင်ကာ ငေးနေရှာသည်။
" သမီးလေး နေမကောင်းဘူးလား ဟင် "
" ကောင်းပါတယ်.. သမီးလေ ဟိုး အပြင်ဘက်ကို ထွက်ကြည့်ချင်လိုက်တာ.. "
" သမီးရယ် ... ထွက်ရမှာပေါ့ တစ်နေ့ကျရင်..."
" ဖေဖေက ဘာလို့ သမီးကို အဲလိုသော့ခတ်ထားတာလဲဟင်"
" သမီးလေးက ငယ်သေးလို့ စိတ်မချလို့ပေါ့"
" သမီးက ကလေး မဟုတ်တော့ဘူးလေ အမေဇာရဲ့ ၊ ဆယ့်ခြောက်နှစ်တောင် ရှိနေပြီ"
" သြော် သမီးရယ်.. အမေဇာ မျက်လုံးထဲမှာတော့ သမီးက ငယ်ငယ်လေးပဲ ရှိသေးတယ် "
" ဟာ... သမီးအပြင်ကို မြင်ဖူးချင်တယ်.. "
" အင်း မြင်ဖူးရမှာပေါ့ .. သမီးအတွက် အမေဇာက လက်ဆောင်လေးပေးမလို့ "
" တကယ်နော် .. အမေဇာ သမီးကို မညာရဘူးနော် "
" မညာပါဘူးကွယ်.. ကဲ သမီးက ပန်းတွေထဲမှာ ဘယ်ပန်းကို ကြိုက်လဲ "
" နှင်းဆီပန်း "
" အင်း ဒါဆို နောက် ( ၇ ) ရက်နေရင် သမီးပြတင်းပေါက် ကနေ ဖွင့်ကြည့် နှင်းဆီ ပန်းခင်းတွေ့ရမယ် "
" တကယ်နော် "
" ၀မ်းသာလိုက်တာ.. သမီးအရမ်းဝမ်းသာတယ်သိလား .. အဲပန်းခင်းက တော်တော် ကို လှမှာပဲနော် "
" အင်းပေါ့ ၊ ကဲကဲ သမီးလေး နားလိုက်အုံးနော်.. အမေဇာ အလုပ်သွားလုပ်လိုက်အုံးမယ်"
" ဟုတ်ကဲ့ "
သမီးလေးကို နှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်တွင် သားလေးက စောင့်ကြိုလျှက်.. ။ အိမ်ပြန်လာတိုင်း သားလေးမျက်နှာ ကို မြင်ရသည်နှင့် ရင်ထဲတွင် အေးချမ်းသွားစေသည်။
" သား "
" မေမေ ပြန်လာပြီလား .. သား မေမေ့ကိုစောင့်နေတာ "
"အင်း သခင်ကြီးက ပန်းခင်း တစ်ခု လုပ်ရမယ်ဆိုလို့ ပါ "
" ဟုတ်လား ဘာပန်းခင်းလဲ မေမေ"
" အင်း နှင်းဆီပန်းခင်းပါ "
" မေမေ သား တာဝန်ယူတယ် .. သားစိုက်မယ်နော် "
" အင်းပါသားရယ် ... "
" သား အလှဆုံးဖြစ်အောင် စိုက်မယ်နော်.. "
" အင်း ကဲလာ ထမင်းစားကြမယ် "
ဒေါ်မိုးဇာ တို့သားအမိက ဆင်းရဲနွမ်းပါးပါသည်။ ထို အိမ်ကြီးနှင့် သူတို့အိမ် ကို မြစ်လေးတစ်ခုက ခြားထားသည်။ မြစ်လေးပေါ်က တံတားကို ကူးကာ တစ်ဖက်အိမ်သို့ သွားရသည်လေ။
ဒီနေ့ မောင်လူမွန်တစ်ယောက် တစ်ဖက်အိမ်ကြီးတွင် ပန်းခင်းစိုက်ရန် လိုအပ်သော ပန်းအိုး ပန်းပင်များနှင့် ပေါက်ပြားတစ်လက်ယူကာ မနက်အစောကြီးထဲကလာခဲ့သည်။ ထိုပြတင်းပေါက်နှင့် ညီမျှသည့်အနေအထားတွင် မြေများကို စတင်ရှင်းလင်းကာ ပန်းစိုက်သည်။ အရောင်အသွေးစုံလင် လှသော နှင်းဆီ ပန်းများကို ကိုယ်တိုင်ရွေးချယ်ကာ ကြိုးစားအားထုတ်စိုက်ပျိုးထားသောကြောင့် ငါးရက်အတွင်းနှင့် ထို ပန်းခင်းလေးကို အပြီးစိုက်နိုင်ခဲ့သည်။ ခုတော့ စိမ်းစိမ်းစိုစိုလေးနှင့် သိပ်ကိုလှပတဲ့ ပန်းဥယာဉ်လေးဖြစ်နေပြီ။
" သားလေး ခဏလာပါအုံး .. မေမေ ပြောစရာရှိတယ် "
" ဟုတ်ကဲ့ "
" မနက်ဖြန်ဆို (၇) ရက်ပြည့်ပြီ၊ ဒီတော့ သား မနက်မိုးမလင်းခင်နဲ့ ညမိုးချုပ်မှသာ ဒီစိုက်ခင်းမှာ ရေလာလောင်းရမယ် "
" ဟုတ် သား လိုက်နာပါ့မယ် "
" အင်း အဲထက်စောပြီးလဲ မသွားရဘူး .. နောက်ကျပြီးလဲ မသွားရဘူးနော် "
" ဟုတ် .. သားမသိလို့ တစ်ခု မေးချင်တယ် ရမလား မေမေ "
" အင်း "
" ဘာလို့ အဲအချိန်မှ သွားစေတာလဲဟင် "
" အကြောင်းရှိလို့ပေါ့သားရယ်.. မေမေ့စကားနားထောင်ပါ.. မဟုတ်ရင် မေမေတို့ အတွက် မကောင်းဘူး "
" သားနားလည်ပါတယ် "
" အင်း အင်း .. ကဲ သွားနားတော့နော် "
" ဟုတ်ကဲ့ မေမေ "
ထိုနောက်ပိုင်း မောင်လူမွန်တစ်ယောက် ပန်းပင်များရေလောင်းလျှင် မိုးမလင်းခင်နှင့် ညပိုင်း မိုးချုပ်မှသာ သွားတော့သည်။ ကျန်သည့်အချိန်တွင် အိမ်တွင်သာ စိုက်ခင်းနှင့် အလုပ်ရှုပ်နေလေသည်။ ထိုအိမ်ကြီးနှင့် သူ မပတ်သက်သလိုပင်။
မိုးလင်းလာသည်နှင့် ပြတင်းပေါက်လေးကို ဖွင့်ကာ အောက်ကိုကြည့်မိ သည်နှင့် လှပသော ရောင်စုံနှင်းဆီခင်းလေးက စိတ်ကိုအေးမြစေသည်။ ခုရက်ပိုင်း တွင် ဖေဖေ သည် ရွှေစင်အား ပန်းခင်းထဲတွင်စိတ်ကြိုက်သွားလာ ဆော့ခွင့်ပြုထားသည်မို့ မိုးလင်းသည်နှင့် အမေဇာ ကျွေးသော မနက်စာကို စားပြီးလျှင် မိုးချုပ်သည်အထိ ထိုပန်းခင်းမှာပင် နေလေ့ရှိသည်။ ရွှေစင် စိတ်ဝင်စားသည်က မိုးလင်းလို့ အောက်ကို ဆင်းလာချိန်ုတိုင်း ပန်းပင်လေးတွေက ရေလောင်းထားပြိးကာစ ဖြစ်နေသည်။ ဘယ်သူလာလောင်းတာပါလိမ့်။ ရွှေစင်ချောင်းကြည့်မှဖြစ်မည်။ သို့နှင့် ရွှေစင် ချောင်းကြည့်ရန်ပြင်ဆင်ထားမိသည်။ သို့သော်.. တစ်နေ့မှ မတွေ့ပါလေ။
တစ်နေ့ ....။
ထိုတစ်နေ့တွင် .....
မေမေက နေမကောင်းဖြစ်သည်မို့ မေမေ့အစား သူ အလုပ်သွားရ မည်။ ခြံထဲတွင် ရှင်းလင်းကာ ပြန်လာရမည်။ သူ ဓားတွေယူကာ တစ်ဖက်ခြံသို့ ကူးလာခဲ့သည်။
ခြံထဲသို့ရောက်လျှင် သူ့နှင်းဆီခင်းလေးကို သတိရတာကြောင့် သွားကြည့်ရန် ခြေ လှမ်းပြင်လိုက်မိသည်။
ဟင် ... ။
လှပတဲ့ အရိပ်တစ်ခု။ ပန်းနုရောင်အရိပ်လေးက ပြေးလွှားနေသည်မှာ မျက်တောင်
ခတ်ဖို့ပင် မေ့နေခဲ့သည်။ ဒါကြောင့် မေမေက မလာခိုင်းတာလား .. ။ သူက နတ်လား ... လူလား ..။ သူ မတွေးတတ်။ အတန်ကြာသည်အထိ သူငေးကြည့်နေရင်း မှ ခြံထဲသို့ မြက်ရှင်းရန် ထွက်လာခဲ့သည်။ သူ့စိတ်ကတော့ ပန်းခင်းလေးဆီမှာ .... ။
ဒီနေ့ မေမေ့အတွက် ဆေးတွေ လုပ်ပေးနေရသည်မို့ သူ ပန်းခင်းဆီသို့ နဲနဲနောက်ကျမှ ရေလာလောင်းဖြစ်သည်။ အပြေးအလွှားရေးပတ်လောင်းမှဖြစ်မည်။ ခဏနေလျှင် နတ်သမီးလေး ဆင်းလာမှာလေ။ သူ့ကိုတွေ့လို့မဖြစ်ပါ။ သူသာ ထိုသို့တွေးနေသော်လဲ ...
ပျင်းသည်မို့ ရွှေစင်သွန်းတစ်ယောက် ပြတင်းပေါက်လေးဖွင့်ကာ အောက်ထပ်မှ ပန်းခင်းဆီလှမ်းကြည့်မိသည်။ ထိုစဉ်...
ဟယ် ...
ယောက်ျားပျိုလေး တစ်ယောက်ပါလား .. ။ ကျစ်လျစ်သန်မာသော ကိုယ်နေဟန် အချိုးစားများနှင့် တော်တော်ကို ကြည့်ကောင်းသည့်ကိုယ်ဟန်မျိုး ။ ရွှေစင်ကြည့်နေဆဲမှာပင် သူ့မျက်နှာက ဒီဘက်လှည့်လာသည်မို့ ဟယ် .... ချောလိုက်တာလို့ရင်ထဲမှ မှတ်ချက်ချလိုက်မိသည်။ ကြည့်ကောင်းကောင်းနှင့် ဆက်ကြည့်နေစဉ်... အပေါ်ထပ်သို့ မော့ကြည့်လာသော ထိုလူမျက်လုံးများနှင့် ဆုံမိသည်။ သူမရင်တွေ တဒိန်းဒိန်းမြည်အောင် ခုန်သွားတော့သည်။ ထို့အတူပင် ပန်းပင်လေးများရေလောင်းရင်းနှင့် ထိုတံခါးကို ဘယ်တော့မှ မဖွင့်ဖူးသည် မို့ မော့အကြည့် လူမွန်မျက်လုံးများ မယုံနိုင်အောင် ဖြစ်သွားရသည်။ နတ်သမီးတမျှလှပသော မိန်းမချောလေးက ဒီတိုက်ခန်းမှာနေတာပါလား ... ။ မြင်မြင်ချင်း မေတ္တာသက်ဝင်ချစ်ခင်မိလေသည်။
ဒီလိုနှင့် မေမေနေပြန်ကောင်းသော်လည်း သူတို့နှစ်ယောက်ကမူ တစ်နေ့ထက်တစ်နေ့ပိုရင်းနှီးနေလာသည်ကိုတော့ ဘယ်သူမှ မသိကြပါလေ။ ဒီနေ့ လပြည့်ညမို့ သူ ရေထမ်းပိုးလေးယူကာ စိုက်ခင်းရေလောင်းရန် ထွက်ခဲ့သည်။ သူချစ်ခင်သည့် မိန်းကလေးကစားရာနေရာမို့ ရေတွေကို ဂရုတစိုက်လောင်း ရင်း ပြတင်းပေါက်သို့မော့ကြည့်မိသည်။ အဖြူရောင်အရိပ်လေးတစ်ခုက သူ့အား လက်ပြနေသည်ကို အံ့သြစွာတွေ့ရလေသည်။ သူ မျက်လုံးများ မမှိတ်နိုင်သေးခင် ထိုအရိပ်လေးက သူ့ဘေးသို့ ရောက်လာသည်။
" ရှင်က ဘယ်သူလဲ"
" ဒီပန်းခင်းကို စိုက်ခဲ့သူပါ "
"ဟုတ်လား .. ကျေးဇူးတင်တယ်.. ဒီပန်းခင်းကို ရွှေစင် အရမ်းချစ်တယ် "
" ၀မ်းသာပါတယ် .. "
" ရှင့်နာမည်က ... "
" လူမွန် ပါ "
" အဆန်းပဲနော် .. ရွှေစင့် နာမည်က ရွှေစင်သွန်း "
" လှလိုက်တာ.. "
"ရှင် .. "
"အော်.. နာမည်ကလှသလို လူကလဲ အပြစ်ဆိုစရာ မရှိအောင် လှပါတယ် လို့ ပြောတာပါ "
"အော်... ရွှေစင်တို့ မမြင်ဖူးကြဘူးနော် "
" အင်း ဟုတ်တယ်နော် ၊ ရွှေစင်က ဒီမှာနေတာလား "
"အင်း .. ငယ်ငယ်ထဲက အပြင်ကို တစ်ခါမှ မထွက်ဖူးဘူး "
" ဘာလို့လဲ "
" မသိဘူး အပြင်ကနေ သော့ခတ်ထားတယ် ဖေဖေက .."
" အော် ........ "
" ကိုလူမွန်ကရော ဘယ်မှာနေတာလဲ "
"ဟိုမြစ်လေးကို တွေ့လား "
" အင်း "
" အဲမြစ်ရဲ့ ဟိုဘက်ကမ်းမှာနေတယ် "
"အဲမှာ ပျော်လားဟင် "
"အင်း "
" ရွှေစင်လဲ ရောက်ဖူးချင်တယ် "
" တစ်နေ့တော့ရောက်မှာပေါ့ .. ကဲ ခုတော့ အပေါ်ပြန်တက်တော့နော် ကျွန်တော်လဲ ပြန်တော့မယ် "
" ဒါနဲ့ .. "
" ပြောပါ "
" ရွှေစင်တို့ ညတိုင်းဒီလိုပဲ တွေ့လို့ရမလားဟင် "
" သြော် ... ရွှေစင်ရယ် ... "
" ပြောပါ ... ရမလားလို့ "
" လူကြီးတွေ့ရင် ခက်ကုန်မယ် .. မဖြစ်ဘူးထင်ပါတယ် "
"ဒါဆိုလဲ ရွှေစင် အပေါ်မတက်တော့ဘူး ဒီမှာပဲထိုင်နေမယ် "
ပြောပြောဆိုဆို နှင်းဆီခင်းဘေးက မြက်ခင်းပြင်ပေါ်ထိုင်ချလိုက်တာကြောင့် သူမျက်လုံးပြူးသွားသည်။ သခင်ကြီးနှင့် မေမေ လာတွေ့ရင်ဖြင့် မိုးမီးလောင်နိုင် သည်။ နောင်ခါလာ နောင်ခါဈေး မီးစင်ပဲ ကြည့်ကရတော့မည်။ ခုတော့ အမြန်တက်ခိုင်းမှဟု တွေးကာ
" ကဲပါ နောက်နေ့လဲ ဒီလိုပဲတွေ့ကြမယ်.. ခုတော့ အပေါ်ထပ်ကိုတက်တော့နော် "
" တကယ်နော် လူကြီးဆိုတာ မညာရဘူး "
" မညာပါဘူး .. မနက်လဲ ဒီမှာပဲတွေ့မယ် ဟုတ်ပြီလား "
" အင်း "
" ကဲ သွားတော့ "
သူ့စကားဆုံးသည်နှင့် အပေါ်ထပ်သို့ ပြေးတက်သွားသော အဖြူရောင် မင်းသမီးလေးကို အရိပ်လေးပျောက်သည်အထိ လိုက်ကြည့်နေမိသည်။ အနီးတွင်တွေ့ရမှ သူမ ဘယ်လောက်လှတာကိုပိုပြီးသိလိုက်ရသည်။ အပြစ်ဆို လို့ မြူတစ်မှုန်ပင်မရှိ ။ ထိုမျှ လှသော သူမကို ဒီမှာ ဘာကြောင့် မတွေ့တာလဲ ဆိုတာတော့ သူမတွေးတတ်ပါ။ အတွေးများနှင့် သူ ပြန်လာခဲ့သည်။
ဒေါ်မိုးဇာ တစ်ယောက် စိတ်ပူနေမိသည်။ သားလေး မောင်လူမွန်နှင့် သမီးလေး ရွှေစင်သွန်း နှစ်ယောက်လုံး အရွယ်ရောက်နေပြီ။ သမီးကလဲ လှပတင့်တယ်ချစ်စဖွယ်ဖြစ်သလို သားကလဲ ချောမောလှပသည်။ သူတို့နှစ်ဦး ဆုံလို့မဖြစ်။ နှစ်ယောက်လုံး ဒုက္ခတွေရောက်ကုန်မည်။ သားလေးကို တားမှ ဟု တွေးကာ...
"သားလေးရေ.. "
"ဗျာ "
" လာအုံးကွယ် "
" ဟုတ်"
သူမအနားကို သားလေး လာထိုင်သည်။ သားမျက်နှာကို သေချာကြည့်ကာ
" သား မနက်ဖြန်ကစပြီး စိုက်ခင်းမှာ ရေမလောင်းနဲ့တော့ "
"ဗျာ... "
" အမေပဲ လောင်းမယ် .. သား မလုပ်နဲ့တော့နော် "
" ဟုတ်ကဲ့ "
သူ ဘာပြောခွင့်ရှိမှာလဲ။ မေမေက မသွားနဲ့ဆို မသွားရုံသာ .. ။ ဒါပေမယ့် ရွှေစင့် ကိုတွေ့ချင်သည်။ဘယ်လိုလုပ်ရမှန်းမသိ။ အကြိမ်များစွာတွေ့ရင်း သူတို့နှစ်ယောက် ချစ်သူဖြစ်ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် မခွဲနိုင်မခွာရက်ချစ်သည်။ ဘယ်လိုပြောပြရမည်မှန်းမသိ။
" သား မေမေပြောတာကြားလား "
"ဟုတ် ကြားပါတယ် "
" အင်း "
"သား ဒီနေ့တော့ ရေသွားလောင်းမယ်နော်.. "
"သွားပါကွယ် .. သတိလဲထားပေါ့ "
"ဟုတ်ကဲ့ "
သူ ရေပုံးလေးကို ယူကာ ထွက်လာခဲ့သည်။ စိတ်ထဲတွင် မရွှင်လန်း။ သူ စိုက်ခင်းက ပန်းပင်တွေကို ရေလောင်းနေစဉ် နောက်ကျောမှ ဖက်လာသော လက်တစ်စုံကြောင့် သူရေပုံးချကာ ရပ်လိုက်သည်။
" ကိုကို ရေလောင်းပြီးပြီလား "
" အင်း ပြီးပြီ "
" စကားပြောမယ် ဒါဆို "
"အင်း .."
သူ ရွှေစင်လက်ကိုဆွဲကာ ဘေးက မြက်ခင်းပေါ်ထိုင်ချလိုက်သည်။ ထိုနေရာကို ဘယ်ဘက်က ကြည့်ကြည့် သူတို့အားတွေ့မည်မဟုတ်။ ထို့ကြောင့် ထိုနေရာမှာသာ သူတို့ စကားပြောကြသည်။ ခုတော့ သူဘာပြောရမှန်း မသိဖြစ်နေသည် မို့ ငြိမ်နေ မိသည်။
" ကိုကို ငြိမ်လှချည်လား ဘာလဲ မပြောဘူး"
" ဘယ်က စပြောရမှန်းမသိဘူးကွာ "
" ကြိုက်တဲ့နေရာက စပြောပေါ့ "
သူ ရွှေစင်ဘက်ကို လှည့်ကာ ရွှေစင်အား ဖက်ထားမိသည်။ ပြီးမှ တိုးလျသော အသံလေးနှင့်
" ကိုကိုတို့ ဒီနေ့ နောက်ဆုံးတွေ့ခွင့်ရတာပဲ.. နောက်နေ့တွေဆို မတွေ့ရတော့ဘူး "
"ဟင် .. ဘာဖြစ်လို့လဲ .. ဘာဖြစ်လို့လဲ "
"အင်း မေမေ မလာခိုင်းတော့လို့ "
" ဘာလို့ မလာခိုင်းတာလဲဟင် .. အမေဇာ သိသွားတာလားဟင် "
"မသိပါဘူး ဒါပေမယ့် စိုးရိမ်လို့နေမှာပါ "
" ရွှေစင် ကိုကို့ကို မတွေ့ရင်ရင် ရူးသွားမှာပေါ့ .. ရွှေစင်မှာ ချစ်စရာ စကားပြောစရာ .. အဖော်ဆိုလို့ ကိုကိုတစ်ယောက်ပဲရှိတာ .. ရွှေစင့်ကို ခေါ်သွားပါလားဟင် .. "
" ရွှေစင်လေးရယ် .. "
" နော် ကိုကို ..ရွှေစင် ဒီတိုက်က အခန်းထဲမှာ တစ်ယောက်ထဲ ထပ်မနေချင်တော့ဘူး .. ရွှေစင် ကိုကိုနဲ့နေချင်တယ် "
" တစ်နေ့ နေရမှာပေါ့ .. ကိုကို ကြိုးစားမယ် ခုတော့ အဲတိုင်းပဲ နေကြမယ်နော် "
" ကိုကို့ကိုတွေ့ချင်တယ် ရွှေစင် ဘယ်လို လုပ်ရမလဲ "
" အင်း ဒါဆို ညတိုင်း ကိုကို ဟို မြစ်က တံတားလေးဘေးမှာ စောင့်နေမယ် "
" ရွှေစင် လာမယ် နော် စောင်နေနော် ရွှေစင်မရောက်ပဲ မပြန်ရဘူးနော် "
" အင်း ..."
သူ ရွှေစင့်ကိုယ်လေးကို ရင်ခွင်ထဲတွင်ထားတာ ကြင်နာစွာ ဖက်ထားမိသည်။ ရွှေစင် ဘ၀မှာ ယောက်ျားလေးဆိုလို့ သူ့ကိုသာ မြင်ဖူးသည်။ သူ့ကိုသာ အရူးအမူး ချစ်ခဲ့သည်။ သူ့ကိုသာ အားကိုးတကြီး တွယ်တာလွန်းသည်။ သူတို့ချစ်သူတွေဖြစ်မှန်း သိသွားရင် သူဆက်မတွေးရဲတော့ .... ။
" ကိုကို ပြန်တော့မယ်နော် "
"ဟုတ် မနက်ဖြန် တံတားဘေးမှာ စောင့်နေနော် "
"အင်း စောင့်နေပါ့မယ် "
"အရမ်းချစ်တယ် "
" တူတူပါပဲကွယ် "
သူ ရွှေစင့်ပါးကိုနမ်းကာ လွှတ်ပေးလိုက်သည်။ ရွှေစင်ကသူ့ကို နှုတ်ဆက်ကာ သူ့အနားမှ ဖြည်းညှင်းစွာ တိုက်ဆီသို့ ပြန်သွားလေသည်။ သူလဲ အိမ်သို့ ပြန်ခဲ့သည်။ အိမ်ရောက်သည်နှင့် အိပ်ရာသို့ တန်းသွားလိုက်သည်။ သူ့ရင်တွေ မချမ်းမြေ့ပါ။
ဒီလိုနှင့် သူတို့နှစ်ယောက် ညစဉ်မြစ်ကမ်းဘေးတွင် တွေ့ဖြစ်ကြသည်။ လအတန်ကြာသောအခါ သူတို့နှစ်ဦးချစ်တာကို သူဌေးကြီးက သိသွားခဲ့လေသည်။ ထိုနေ့က သူ စိုက်ခင်းနှင့် ပျိုးခင်းများကို ရေလောင်းရန် မေမေခိုင်းထားသောကြောင့် အစောကြီး ဟိုဘက်အိမ်သို့ရောက်ခဲ့သည်။ သူစိုက်ခင်းများကို ရေလောင်းနေစဉ် တိုးလျသော ခြေသံတို့ကြောင့် လှည့်ကြည့်မိရာ ရွှေစင်ဖြစ်နေသည်။
" ဟာ .. ရွှေစင် ဘာလို့ ဆင်းလာတာလဲ ၊ ခြေဖ၀ါးတွေတော့ သွေးထွက်တော့မှာပဲ "
" ကိုကို့ ကို တွေ့ချင်လို့ ဆင်းလာတာလေ "
" ဒါတော့ ဒါပေါ့ .. သူဌေးကြီး သိသွားမှဖြင့် ရွှေစင်ရယ် .. "
" မသိပါဘူး ဖေဖေ မြို့ထဲသွားတယ် "
" အင်း.. ဒါဆိုလဲ ဒီမှာပဲ ထိုင်နော် .. စိုက်ခင်းတွေ ရေလောင်းအုံးမယ် "
"ဟုတ်.. ကိုကို့ကို မြင်နေရရင် ပြီးရော "
"အင်းပါကွာ "
သူ ရွှေစင့်ပါးကိုတစ်ချက် နမ်းကာ စိုက်ခင်းကို ရေဆက်လောင်းလေ သည်။ ရွှေစင် ကတော့ လက်ပေါ်မှေးတင်ကာ သူ့အား ကြည့်နေလေသည်။ သူရေလောင်းရင်း လှည့်ကြည့်ကာ ပြုံးပြတိုင်း ရွှေစင်က ချစ်စဖွယ် ပြန်ပြီးပြုံးပြတတ်သည်။ သူ ရေလောင်းပြီးလျှင် ရွှေစင့်အနား လာထိုင်လိုက်သည်။ အုပ်ဆိုင်းသော သရက်ပင်အောက်တွင် သူတို့နှစ်ယောက်အတူယှဉ်ထိုင်ကာ ရွှေစင်က သူ့ပုခုံး ကို မှီထားလေသည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်မ၀စွာ ချစ်စကားတွေ တွတ်တီပြောနေချိန်တွင် မြို့ထဲသွားသော သူဌေးကြီး ပစ္စည်းတစ်ခု ကျန်သဖြင့် ပြန် လာယူချိန်နှင့် တိုးလေသည်။ သူဌေးကြီးသည် သူ့သမီးအခန်းသွားကြည့်ရာ မရှိသဖြင့် နှင်းဆီခင်းသို့လှမ်းကြည့်သည်။ ထိုနေရာတွင်လဲမရှိသဖြင့် ပတ်ရှာရာ သရက်ပင်အောက်တွင် ထိုင်နေသော သူတို့နှစ်ယောက်ကိုတွေ့သဖြင့် အလွန်အမင်းဒေါသဖြစ်ကာ ဆူပူလေတော့သည်။ သူ့ကိုလဲ အတင်းနှင်ကာ ရွှေစင့် ကိုလဲ ဆွဲခေါ်သွားလေသည်။ နောက်ရက်မှ စကာ သူနှင့်ရွှေစင်တို့ မတွေ့ဖြစ်တော့ ။
သူ့ကိုလဲ ထိုအိမ်ကို မေမေက မသွားခိုင်းသလိုရွှေစင်ကိုလဲ အခန်းထဲက အပြင်ကို ပေးမထွက်စေတော့ .. ။ မေမေကတော့ ..
" သားရယ်... ဘာလို့ ရွှေစင့်ကိုမှ သွားချစ်ရတာလဲ .. "
"သားမှာ အဖြေမရှိဘူး မေမေ "
" သူဌေးကြီးက သားကို နောက်တစ်ခါ အဲအိမ်ကို မလာရဘူးတဲ့၊ ပြီးတော့ နှင်းဆီခင်း စိုက်ထားတဲ့ ဘက်က ပြတင်းပေါက်ကိုလဲ အသေပိတ်လိုက်တယ်၊ သမီးလေးကို အခန်းထဲမှာ သော့ခတ်ထားတယ်၊ သားတို့နှစ်ယောက်သာ မတွေ့ခဲ့ကြရင် ခုလိုဖြစ်ကြမှာမဟုတ်ဘူး "
" ပြီးတာတွေကို ထားလိုက်ပါတော့ မေမေရယ်... သား ခု စိတ်မချမ်းမြေ့လို့ သွားခွင့်ပြုနော် "
"သားရယ် ... "
သူမကိုနှုတ်ဆက်ကာ မြစ်ကမ်းဘေးသို့ဆင်းသွားသော သားကို ကြည့်ကာ တစ်ဖက်အိမ်သို့ သွားရန်ပြင်လိုက်သည်။ သမီးလေး ဘယ်လိုနေသည်မသိ။
"ဒေါက်.. ဒေါက် ..."
" ဘယ်သူလဲ "
" အမေဇာပါ သမီးရယ် ... "
"ဂျောက် "
အသံနှင့်အတူ တံခါးလာဖွင့်ကာ သူမကို မြင်သည်နှင့် ဖက်ကာ ငိုလေသည်။
" သမီးရယ် ..."
"အမေဇာ သမီးကို မကူညီနိုင်ဘူးလားဟင် .. သမီး ကိုကိုနဲ့တွေ့ချင်တယ် .. ကိုကို့ကို လွမ်းတယ် "
" အခြေအနေက အဲလောက်မလွယ်ဘူးသမီးလေးရယ်... "
" ဟင့် ဟင့် ဟင့် "
" မငိုပါနဲ့ .. လာ ဒီမှာ အမေဇာ သမီးအတွက် စားစရာပြင်လာပေးတယ် "
" မစားချင်ဘူး၊ ကိုကို့ကို ခေါ်ပေးပါ "
" အဲလို မလုပ်ရဘူးလေ .. သမီးနေမကောင်းရင် သမီးကိုကိုနဲ့ ဘယ်တွေ့ရတော့မှာလဲ မဟုတ်ဘူးလား "
"မသိဘူး၊ ကိုကို့ကိုတွေ့ချင်တယ် "
"သမီးရယ်... "
ဘာကျွေးကျွေးမစား။ ဘာပြောပြောနားမထောင်။ ကိုကိုဟုသာ အမြဲခေါ်နေကာ ကြာတော့ အိပ်ရာထဲ လဲလေတော့သည်။ ဒေါ်မိုးဇာတစ်ယောက် သမီးကိုပဲ ပြုစုရနိုး.. သားကိုပဲပြုစုရနိုးနှင့် ဒုက္ခတွေ့လေတော့သည်။ သားလေးကလဲ ဘာမှမစား တမှိုင်မှိုင်နှင့် အိပ်ရာထဲ လဲလေတော့သည်။ ဒီတိုင်းဆိုလျှင် နှစ်ယောက်လုံးအတွက် မကောင်း။ တစ်ခုခုလုပ်မှ ဖြစ်မည်။
" သမီးလေး ဒါလေးစားလိုက်နော် "
"မစားချင်ဘူး .. ကိုကို့ကိုခေါ်ပေးပါ အမေဇာရယ်.. သမီး ကိုကို့ကိုတွေ့ချင်လို့ပါ "
ပြောပြောဆိုဆို မျက်ရည်ဥကြီးတွေက ကြွေကျလာသည်မို့ ဒေါ်မိုးဇာရင်ထဲ နင့်နေအောင် ခံစားရသည်။
" ခေါ်ပေးမှာပေါ့.. သမီးကိုကိုက သမီးနေကောင်းအောင်နေလို့ အမေဇာကို မှာခဲ့တယ်။ ပြီးတော့ အားမငယ်နဲ့တဲ့ "
"တကယ်လားဟင် .. အမေဇာ တကယ်ပြောတာလား "
"တကယ်ပေါ့ .. နေကောင်းအောင်နေတဲ့ "
ကိုကိုဟု အသံကြားတာနှင့် သူမပေးသော ဆန်ပြုတ်ကို အားလုံးသောက်ချ လိုက်သည်။ ပြီးတော့
" ကိုကိုရောနေကောင်းလား .. သူဘာတွေလုပ်နေလဲဟင်.. သမီးတွေ့ချင်လိုက်တာ အမေဇာရယ် "
" တွေ့ရမှာပေါ့ ကွယ် .. ကဲ ခု အိပ်ရေးဝအောင် အိပ်အုံးနော် ဘာမှမတွေးနဲ့ "
"ဟုတ် ကိုကို့ကိုပြောပေးနော် .. သမီးလွမ်းနေတယ်လို့ "
"အင်းပါကွယ် "
သမီးလေးကို ချော့သိပ်ကာ အိပ်ပျော်သည်အထိစောင့်နေပေးလိုက်သည်။ သမီးလေး အိပ်ပျော်မှ အိမ်ကို ပြန်လာကာ သားလေးကို ပြုစုရသည်။
" ဒီဆန်ပြုတ်လေးကို သောက်လိုက်ပါကွယ် .. သား အားရှိမှဖြစ်မှာပေါ့ "
" သား ဘာမှ မစားချင်ဘူး မေမေ "
"အဲလို မလုပ်ရဘူးလေ ... သားက ခုလိုနေတော့ သမီးလေးဆို ပိုဆိုးမှာပေါ့ "
"သား သူနဲ့တွေ့ချင်တယ် "
"ဒါဆို သား အစာစားမှရမှာပေါ့ ၊ သားတို့တွေ့ရမှာပေါ မေမေသိတယ် "
" ဟုတ် "
"ကဲ ဒါလေးစားနော်.. အားမငယ်နဲ့.. သမီးလေးလဲ သားလိုပဲနေမှာပါ "
သို့နှင့် ဒေါ်မိုးဇာ အပြောကောင်းသဖြင့် ကလေးနှစ်ယောက် နေပြန်ကောင်းစပြုလာ သည်။ ဒီနေ့ သခင်ကြီးအိမ်တွင် သိမ်းဆည်းစရာများသဖြင့် အစောကတည်းကပင် ထွက်လာခဲ့သည်။ သားကတော့ အိပ်နေလျှက် ... ။
" အမေဇာ"
"အင်း ပြောလေ သမီး "
" ရွှေစင် နှင်းဆီခင်းဆီ သွားချင်တယ် အမေဇာရယ် "
" အင်း သွားလေ.. သခင်ကြီးလဲ မရှိတော့ ခဏသွားပါ.. မြန်မြန်တော့ ပြန် လာနော်.. တော်ကြာ အမေဇာပါ မလာရဖြစ်နေမယ် "
"ရွှေစင်နားလည်ပါတယ် "
" အင်း ကောင်းပြီ ဂရုစိုက်နော် "
ထိုသို့သွားခွင့်ပြုခြင်းက သူတို့လေးတွေရဲ့အဆုံးသတ်ဆိုတာ သိခဲ့လျှင် လွှတ်ခဲ့မည် မဟုတ်ပေ။ သားလဲ အိမ်မှာ အိပ်နေသလို သခင်ကြီးလဲ မရှိသောကြောင့် လနဲ့ချီ အခန်းထဲနေခဲ့ရသော သမီးလေးကို သနားသဖြင့် အပြင်သို့ခဏပေးထွက် လိုက်ခြင်း ရယ်ပါ။
ရွှေစင် နှင်းဆီပန်းခင်းတွေကြား လမ်းလျှောက်ရင်းကိုကို့ကို သတိရလွန်းတာကြောင့် ငိုမိသည်။ နှင်းဆီပန်းတွေလဲ ခုတော့ ငိုနေသယောင်။ ရွှေစင် နှင်းဆီပန်းကြား ဟိုငေး သည်ငေးနှင့် မြစ်ကလေးကို မြင်တော့ သွားကြည့်ချင်စိတ်ဖြစ်ခဲ့သည်။ အမေဇာသိရင် သွားခိုင်းမှာမဟုတ်။ ထို့ကြောင့်မသိအောင် ခိုးထွက်လာခဲ့သည်။ ကိုကိုများ ရှိနေမလားလို့ရယ်ပါ။ မြစ်ကမ်းနားရောက်လျှင် ကိုကို့ကို အပြေးရှာသော်လည်း မတွေ့။ အင်းပေါ့လေ ရွှေစင်လာမယ်လို့မှ မပြောထားပဲ ဟု တွေးကာ အိမ်ဘက်သို့ပြန်ရန် ခြေလှမ်းပြင်ကာ တစ်လှမ်းချင်း လမ်းလျှောက်နေမိသည်။
ထိုအချိန်တွင် အိပ်ရာထဲ နေရသည်မှာ ညောင်းလာသဖြင့် အိပ်ရာမှထကာ မြစ်ကမ်း ဘက်သို့ထွက်လာခဲ့သည်။ ရွှေစင်ကိုတွေ့လိုတွေ့ငြားပါ။ တွေ့မည်မဟုတ်မှန်းသိသော်လဲ သူမျှော်လင့်ချင်ပါသေးသည်။ ထိုကြောင့် သူ တံတားလေးကိုကျော်ကာ တစ်ဖက်က ကမ်းလေးသို့ လာခဲ့သည်။ ကမ်းဘေးက ငှက်ပျောပင်တွေကြား ဟိုသည်ငေးရင်း သူ့မျက်လုံးတို့ရပ်တန့်သွားသည်။ ဟုတ်ပါသည်။ ဒါ ရွှေစင်ပါ.. သူသိပ်ချစ်သည့် ရွှေစင် .. ။ ငှက်ပျောပင်ကလေးကိုမှီကာ ငြိမ်နေသော သူမ အနားသို့ သူ တိုးသွားကာ ခေါ်လိုက်မိသည်။
" ရွှေစင် "
" ဟင် .. ကိုကို "
" ရွှေစင်ရယ် ... "
သူ မချိတင်ကဲဖြစ်ကာ ရွှေစင့်ကို ဖက်ထားမိလေသည်။ ဖြူဖပ်ဖြူလျော်ဖြစ်နေသော သူမကိုကြည့်ကာ ရင်ထဲတွင်ကြေကွဲစွာ ယူကြုံးမရဖြစ်မိသည်။ ဒီလောက်ထိ ပဲ ဖြစ်သွားခဲ့သလေသလား ချစ်သူရယ် .. ။
သူတို့နှစ်ဦး စကားပင်မဆိုနိုင်ပဲ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထား မိသည်။ အတန်ကြာသည်အထိ ပတ်ဝန်းကျင်ကိုမေ့လျော့ -----*
အားပေးမှုကိုကျေဇူးတင်လျက်
ကြိုးစားပါဦးမည်
လွမ်းဆုလေး
အကြံပေးဝေဖန်ပေးပါဦးနော်
ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်
0 comments:
Post a Comment