Monday, February 17, 2014

ဘဝတိုက်ပွဲ


"တီ......တီ...."

အလန်း မြည်သံ ကြောင့် သူမှေးစက် နေရာမှ..မျက်လုံးဖွင့်ကြည့်လိုက်သည်။ အချိန်ကမနက် ၆နာရီ...သူ့အိပ်ရာ ပေါ်မှ အသာအယာ ထရင်း သွားပွတ်တံ ယူ၍ ဘေစင်ရှိရာ တစ်လှမ်းခြင်း လှမ်းလိုက်၏


"ဟင်.....သွားတိုက်ဆေးက လည်း အကုန်မြန်လှချည်လား...."

စိတ်ပျက်စွာ ရေရွတ်လိုက်မိ၏ မနေ့ မနက်တည်းက ကုန်နေသော သွားတိုက်ဆေးကို ဖိညစ်ပြီး တိုက်ထားတဲ့ အတွက်....ဘာမှကျန်တော့မည် မဟုတ်ပေ။

သူနဲ့ အတူနေတဲ့ ကိုနိုင်ဝင်းဆီမှာတော့ တစ်ဝက်နီးပါး လောက်ကျန်ပေမယ့် သူမယူချင်...အဲဒီလူကြီးက တကယ့်ကပ်စေးကုပ်ကြီး.... ဒါနဲ့ သူမီးဖို ချောင်မှ ဆားကြမ်း ယူ၍ သွားကို ဖြူနေအောင်တိုက်လိုက်သည်။

"အကို ဟင်းရည်နဲနဲ လောက်လုပ်ပါဦးဗျ....."

ကျနော် ဟင်းချက်နေရာမှ ထူးမြတ်က သူ့ထမင်းပန်ကန်ထိုး ပေးရင်း ဟင်းရည် တောင်း၏ ကိစ္စတော့ မရှိ။ သူကိုယ်ချင်းစာပါသည်။ ဟင်းရည် ဆိုပေမဲ့ ကြက်ဥ နှစ်လုံးကို ရေပေါပေါနဲ့ ချက်ထားခြင်းသာ ဖြစ်၏ ကျနော် ထူးမြတ်ကို ပြုံးပြရင်း ဟင်းရည် တစ်ဇွန်း ခပ်ထည့်ပေးလိုက်တော့ ထူးမြတ်ပျော်သွားသည်။

ရေမိုးချိုးပြီးသည်နှင် အလုပ်ဝတ်အကျီကို ကောက်စွပ်သည်။ တစ်နေတစ်ခါ ပုံမှန်လျှော်ထားသော ကြောင့် အကျီမှာ အနီရောင်မှ လိမ္မော် ရောင်ပင် ပေါက်နေပြီ ဖြစ်သည်။ ဒီတစ်ခေါက် သူလစာ ရရင် ပါစာမာလန်း(ညဈေး) မှ ၅ကျပ်တန် အကျီတစ်ထည် လောက်တော့ ဝယ်မည် ဟု တွေးမိ၏

အကျီဘေးကပ် အိပ်တွင် သူ(water level) ရေချိန် ကို ကောက်ထိုး လိုက်သည်။ ဒါတွေ က မပါလို့မရ....ဟုတ်သည်။ မလေးရှားမှာ scaffolder(ငြမ်းစင်) ဆောက်လုပ်သမားတွေ အဖို့က အသက်ထက်ပင် အရေးကြီးသည်။ နောက် သွပ်နန်းညှပ်...ခါးပတ်ရဲ့ ဘေးမှာ ရစ်ချက်(သံစုံလည်ခွ)...နောက် အသက်ကယ်ကြိုး....

အသက်ကယ် ကြိုးကတင် ၃ပိဿာ လောက်လေးသည်ဟု သူထင်သည်။ ကော် ဦးထုပ်လေးကို ဆောင်းရင်း မေးသိုင်းကြိုးပါ တစ်ခါထဲ တပ်လိုက်၏ သူတို့ ဝင်မည့် project ဆိုဒ်သည် safety အဖမ်းကြမ်း၏ ဟိုတစ်ခါ သူမေးသိုင်းကြိုး တပ်ဖို့ မေ့တုန်းက ဖိုင်ချခံရ၍ အိမ်မှာ ၁ပတ်လောက် အောင်း လိုက်ရသေးသည်။ ဒါကြောင့် အိမ်မှာ ထဲက တပ်ထား ခြင်းဖြစ်၏

"မင်း ဖိနပ်က အသစ်လေးပါလား.."

"အင်း ဟိုတစ်နေ့က မှာလိုက်တာလေ...အရင်ဟာက တစ်နှစ်တောင်ရှိတော့ ပေါက်ပြဲကုန်ပြီ"

"တစ်နှစ်မှ မဟုတ်ပါဘူးကွာ ငါတို့ အလုပ်က ၃လ လောက်ဆို ဖိနပ်ရော အကျီရော အကုန်စုတ်ကုန်တဲ့ဟာ...."

သိန်းဇော် ရယ်ကျဲကျဲနဲ့ ပြော၏ဟုတ်တော့ လည်း ဟုတ်သည်။ မလေးရှား ရောက်လာတဲ့ အထဲတွင် စက်ရုံသမားတွေ သက်သာကြပြီး သူ့တို့ ဆောက်လုပ်ရေး သမားတွေ ပင်ပန်းကြ၏ ဆောက်လုပ်ရေး ထဲမှာမှ သူတို့ အလုပ်က အပင်ပန်းဆုံး...စစ်သားတွေ ထက်ပင် ကြမ်းတမ်းလှသည်...

သိန်းဇော် ဘေးမှာ လာထိုင်သည်နှင့် သူအလိုက်တသိ အပေါစား စီးကရက် ၂ကျပ်ခွဲတန် တစ်လိပ်ထုပ်ပေး လိုက်သည်။ သိန်းဇော်ဆိုတာ သူနဲ့ အတူတစ်လေယာဉ်တည်း စီးလာပြီး သူနဲ့ တစ်ဖွဲ့ တည်းသမား...ဆိုဒ်ကို ရောက်တော့ သူများတွေ လက်ဖရည် ထုပ်ဝယ် နေကြ အချိန်မှာ သူမဝယ်နိုင်....

ဒီနှစ် သူကြိုးစားရမည်။မြန်မာ ပြည်က အမေက လည်း ကျန်းမာရေး သိပ်ကောင်းလှသည် မဟုတ်။လက်ဖရည် မသောက်နိုင်ပေမယ့် မနက်က ထမင်းကြမ်းနှင့် ဟင်းရဲကျဲကျဲလေး နှင့် လွေးလာသော ကြောင့် ကျနော် သိပ်တော့မဆာပေ....

"ရော့.....သားဂျီး"

လက်ဖရည် ထုပ်လေး သိန်းဇော်က ကမ်းပေးသည်။ သူနဲ့ ကျနော် တစ်ယောက် တစ်ဝက်ဆီ သောက်ရင်း အလုပ်လုပ်ရာမည့် နေရာ လျှောက်လှမ်းလာခဲ့သည်။

"Kamu boleh buat ini?"
(မင်း ဒါကို လုပ်နိုင်လား...)

ကျနော်နဲ့ သိန်းဇော် တစ်ချက် လှမ်းကြည့်လိုက်သည်။ ရေနံစင် အပေါ်ဆုံးထပ် ကရိန်းထား ရမည့်နေရာကို ကျနော်တို့ အဖွဲ့မှ သံငြမ်း ထိုးပေးရမည် ဖြစ်သည်။အသက်အန္တာရာယ် များလှ၏ ဒါပေမယ့် အိုတီ ရနိုင်မည့် အခွင့်ရေးကြောင့် တစ်ပြိုင် တည်း ခေါင်းငြိမ့် လိုက်မိသည်။

လစာတစ်ပဲ ခြောက်ပြားနဲ့ အသက်နဲ့ရင်းပြီး လုပ်ရသော အလုပ်က အိုတီ ဆိုတာ ကျနော်တို့ အဖို့ရွှေထက်ရှားသည်။နောက်ပြီး ဒီက supervise တွေကလည်း ဆိုးသည်။ ပိုက်တစ်လုံး သယ်ရင်ပင် လစာတန်သည့် အလုပ်ကို..... ကျပတ်...ကျပတ်(မြန်မြန်)ဟု ခွေးမောင်း သလို မောင်းတက်သေးသည်။

သူ အရင်စိတ်နဲ့ ဆို ဆွဲထိုးမိမှာ အမှန်ဖြစ်ပေမယ့်...သူတို့ကို မလှန်ရဲ...အိုတီက သူတို့ လက်ထဲမှာ ရှိ၏နောက် ပြီး ဒီမှာက မ တစ်ထောင်သားတွေ ဆိုတော့ အစစအရာအရာ သည်းခံရသည်။တစ်ခါတစ်ခါ တော့ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်း ကူညီကြ၏

မီတာ၅၀ အထက်ရောက်တော့ လေက တစ်ဖြူးဖြူး တိုက်နေ၏ သိန်းဇော်ကိုဂရုစိုက်ရန် သတိပေးရသည်။ ပြုတ်ကျရင် အသေနဲ့ အကျိုး နှစ်မျိုးသာ ရှိမည်။ ကျန်တဲ့ ကောင်လေးတွေ ကိုတော့ ကျနော် ကရိန်း ထိပ်ဖျားထိ မလာခိုင်း .......သူတို့ က လူသစ်လေးတွေ ..နောက်ပြီး ကိုယ်ချင်းစာ၏ ပိုက်လိုအပ်ရင် ပေးရန် ခပ်လှမ်းလှမ်းကသာ စောင့်နေကြသည်။

အောက်မှာ ဘာမှ မရှိသည့် အတွက် ကျနော် အပေါ်က နေ တွဲလဲ ဆင်းရသည့် (spider)ငြမ်း ဆင်သည်။ လက်တစ်ကိုင်စာ သံပိုက်လုံးကို ကရိန်း မှာ ကလစ်နဲ့ ချိတ်၍ အောက်သို့ တွဲလဲချသည်။ထိုပိုက်လုံး အောက်ခြေမှာ ကလစ် တစ်လုံးချထားပြီး ကျနော် လေထဲမှာ သံပိုက်တစ်လုံး ကို ဖက်၍ ကလစ်ပေါ်ရပ်နေ၏ ပြုတ်ကျမှာ မပူရ......အသက်ကယ် ကြိုးပါသည်...

ဒီလိုနဲ့..ညနေ ၇နာရီ ထိုးလောက်မှ ပြန်လာခဲ့သည်။ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထား သလို မလုပ်ချင်တော့....ချွေးတွေက တစ်ကိုယ်လုံး ရွှဲစို၍ ရစရာ မရှိအောင် စုတ်ပြတ်နေသည်။

"သားဂျီး...အမောပြေ ကစ်ပါဦးလား"

သိန်းဇော် ကမ်းပေးတာ အပေါစား ဗီယက်နမ် အရက်....ထိုအရက် သည် မကောင်းပေမယ့်...မူးသည်။ အိမ်ကို ချစ်ကြသော သူတို့ အဖို့ အရက် အကောင်းစားတွေ မလှမ်းနိုင်။

"သူငယ်ချင်း.....ရှေ့ဆက်မင်း ဘဝဟာ...အမြဲ ချိုမြိန်ပါစေ...အောင်မြင်ပါစေ...တစ်ခါတစ်ရံမှာ...."

မူးမူးနဲ့ ဂစ်တာကိုင်ပြီး ဖြေသိမ့်လိုက်သီချင်းကို တစ်ယောက်တစ်ပေါက် ဆီ အော်ကြသည်။ ညဆယ်နာရီ ထိုးတော့ ကျနော် အခန်းထဲ ဝင်လိုက်၏ မူးမူးနဲ့ ဘုရားရှစ်ခိုးရင် မြန်မာပြည် လွမ်းမိသည်။ အမေချက်ကျွေးသော ကြက်သားဆီ ပြန်လေး မစားရတာလည်း ကြာလှပြီ....

လစာရရင်လည်း သေချာသိမ်းရပေဦးမည်။ ဟိုတစ်လောက သူစုထားတဲ့ ငွေ၃၀၀၀ ပျောက်ဖူး၏ အမေ့ကို ကန်တော့ ဖို့ ရည်စူးထားတဲ့...အင်ဒိုနီးရှား ပါတိတ်လေး ပင် အဆစ်ပါသွားသေး၏

ထိုလက ကျနော် အမေ့ကို ငွေမပို့ နိုင်၍ မောင်နှမ တွေက ထောက်ပံ့ရ၍ သူနှစ်ပြား မတန်အောင် ပြောခဲ့ရသေးသည်...သူ မောင်နှမ တွေ ကိုစိတ်နာ၏ လောလောဆယ်တော့ သူ မနက်ဖန် အတွက် အားသစ်ရရန် အိပ်စက်ရပေဦးမည်ဖြစ်ပေသည်။

မိုးရေစက်

ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

0 comments:

Post a Comment