ကျွန်တော် ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်း ၀တ်စုံကြီး ၀တ်ထားတယ်၊ ပြီးတော့ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေလည်း အသင့်ပြင်ထားတယ်။
နောက်တော့ အကူဆရာဝန်တွေ၊ နာ့စ်တွေ၊ အပေါ်မှာလည်း မီးဆိုင်းကြီးက
လင်းထိန်နေတယ်။ နှာခေါင်းယဉ်နေတဲ့ ပိုးသတ်ဆေး အနံ့ကလည်း သင်းသင်းလေး၊
အဲကွန်းကိုလည်း ဖြည်းဖြည်းလေး ဖွင့်ထားသေးတယ်။
အခန်းကိုကန့်ထားတဲ့ မှန်ထဲမှာလည်း လှုပ်ရှားမှု အကုန်လုံးကို မြင်နေရတယ်။ အပြင်က လှုပ်ရှားမှုကိုလည်း အထဲကနေ မြင်တွေ့နေရတယ်။
ကျွန်တော့် လက်နှစ်ဘက်မှာတော့ ခွဲစိတ်ခန်းသုံး
လက်အိတ်အကောင်းစားလေးကိုလည်း စွပ်ထားတယ်။ ခွဲစိတ်ကုတင်ပေါ်ကို
ကြည့်လိုက်တော့ ခွဲစိတ်ခံလူနာ တစ်ယောက်။
လူနာရဲ့ ရင်ခေါင်းနေရာမှာ အပေါက်ဖောက်ထားတယ်။ ကျန်တဲ့နေရာတွေ အားလုံး ပိတ်ဖြူနဲ့ ဖုံးအုပ်ထားတယ်။
နှလုံးပါရဂူကြီးကလည်း နှလုံးခုံနှုန်း တိုင်းထားပြီးသား၊ သွေးခုံနှုန်းနဲ့
သွေးဖိအားလည်း တိုင်းပြီးသား၊ ကိုယ်ခံအားလည်း တိုင်းတာပြီးသား၊ ကြိုတင်
အစာမစားရလည်း လုပ်ပြီးသား လူနာဝတ်စုံကိုရော လူနာကိုရော ပိုးသတ်
သန့်စင်ပြီးသား မေ့ဆေး ပါရဂူကြီးကလည်း မေ့ဆေးပေးပြီးသား။
ခွဲစိတ်အဖွဲ့ကြီးလည်း စုံနေပြီ၊ ဆေးရုံအုပ်ကြီးရဲ့ခွင့်ပြုချက်လည်း
ရပြီးပြီ၊ အပေါ် မှန်ခန်းထဲကနေ ဌာနမှူးရော၊ နည်းပြ ဆရာဝန်ကြီးတွေနဲ့
လက်တွေ့ဆင်းနေတဲ့ ဆရာဝန်လောင်းတွေ အားလုံးကြည့်နေကြတယ်။
ခွဲစိတ်
လက်ထောက်ရဲ့ အသင့်ဖြစ်ကြောင်း အချက်ပြမှုကို လက်ခံ ရရှိတာနဲ့
အပေါ်မှန်ခန်းထဲက ဌာနမှူးနှင့် ဆရာဝန်ကြီးများကို ဦးညွတ်လိုက်တယ်။
အပေါ်က ခေါင်းညိတ်ပြတော့ နာ့စ် တစ်ယောက်ကိုင်ထားတဲ့ စတီးဘန်းလေးထဲက စတီးဓါးလေးကို ကောက်ကိုင်လိုက်တယ်။
ပြီးတော့ ဘယ်ဘက်လက်ညှိုးနဲ့ လူနာရဲ့ ရင်ခေါင်း ခွဲစိတ်မယ့် နေရာလေးကို ထောက်စမ်းပြီး ဓါးဦးလေးကို တင်လိုက်တယ်။
ဒါပေမယ့် ဓါးဦးလေးက သူ့ရဲ့ ရင်ခေါင်းကို မရောက်ခဲ့ဘူး။
လက်က ရင်ခေါင်းနေရာက အရေပြားပေါ်ကို ဓါးမရောက်ခင် ရပ်တန့်နေတယ်၊ ဒါကို ကိုယ်တိုင်လည်း သေသေချာချာ မြင်တွေ့နေရတယ်။
ဓါးကိုဆုပ်ကိုင်ထားတဲ့ လက်ဖနောင့်က သူ့ရဲ့ ရင်ဘတ်ပေါ်မှာ
ထောက်နေမိပါလျှက်နဲ့ ဓါးသွားလေးကို ဖိမသွင်းနိုင်ခဲ့ဘူး၊ ဒီလို တစ်ခါမှ
မဖြစ်ခဲ့ဘူးတာကို ကိုယ်တိုင် သိနေခဲ့တာပဲ။ ဘာကြောင့်များ
မ၀ံ့မရဖြစ်နေရပါလိမ့်။
မျက်စိကို စုံမှိတ်လိုက်တယ်၊ ပြီးတော့ ခေါင်းကို ခါယမ်း ထုတ်လိုက်တယ်၊ တစ်ခုခုများ တွယ်ငြိနေလျှင် လွင့်စင် ထွက်သွားအောင်လို့လေ၊
ပြီးတော့ ဒုတိယအကြိမ် ထပ်ကြိုးစားကြည့်တယ်။
ဒီ အတိုင်းပါပဲ၊ လက်က ရပ်တန့်နေပြန်ပြီ။ ဒီတစ်ခါတော့ လက်နှစ်ဘက်လုံးကို
သူ့ရင်ဘတ်ပေါ်က ဖယ်လိုက်မိတယ်။ ပြီးတော့ ခွဲစိတ်ရေး အဖွဲ့ဝင်တွေကို ``
ဆောရီး´´ဆိုတဲ့ သဘောနဲ့ လက်ဝါးလေး ထောင်ပြလိုက်မိတယ်။
ခဏ ခြေလက် ဆန့်လိုက်မိတယ်၊ အားတင်းလိုက်တယ်လို့ ဆိုပါစို့... ဒါကလည်း နောက်တစ်ကြိမ်အတွက်ပါ။
======================
`` ဆရာဝန်ဆိုတာ လူတွေရဲ့ အသက်ကို အချိန်မတိုင်မီ အလဟဿ မဆုံးရှုံးရအောင်
ကာကွယ် ကယ်တင်ပေးရတဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အရင်ဆုံး ကိုယ်တိုင် ကျန်းမာ
သန့်ရှင်းနေရမယ်၊ စိတ်လည်း ကြည်လင်နေရမယ်၊ ပြီးတော့ ပညာရပ်ဆိုင်ရာမှာ
ကျွမ်းကျင်ပါးနပ်နေရမယ်၊
ကျောင်းက သင်လိုက်တဲ့ ပညာတွေထက် လက်တွေ့
သင်ခန်းစာတွေက ပိုများတယ် တပည့်ရဲ့၊ လုပ်ရင်း၊ သင်ကြားရင်း၊ မှတ်သားရင်း
ပါရဂူကြီးတွေ ဖြစ်ရတာ၊ တန်ဘိုးမြင့်တယ် လူလေးရေ အမြဲတမ်း စိတ်ဓါတ်လည်း
သန့်စင်နေဖို့ လိုအပ်တယ်၊
နောက်ပြီး ကရုဏာစိတ်ရော မေတ္တာစိတ်ရော အဓိကကတော့ သမာဓိစိတ်ပေါ့ကွာ၊ ခိုင်မာ ရင့်သန်နေရမယ်၊
ဒါကြောင့် ဆရာတို့ဆိုရင် ခွဲစိတ်ခန်း ၀င်ရမယ့်နေ့တွေမှာ
စိတ်ပင်ပမ်းစရာတွေကိုတောင် မတွေးဘူး၊ ဒါကလည်း အိမ်သူရဲ့ အလိုက်သိမှုတွေက
တော်တော်လေး အရေးပါတယ်။
အလုပ်ရှိတဲ့ နေ့တွေမှာ တစ်ချို့ ကိစ္စတွေကို မေးရင်တောင် အဆင်ပြေတယ်ဆိုတဲ့ အကြောင်းပဲ ပြောတတ်တယ်၊ သူက စပြီး ပူညံပူညံ မလုပ်ဘူးကွ´´
လမ်းလျှောက်ရင်း ပြောလာတဲ့ ဆရာ့စကားတွေကို မှတ်သားနေမိတယ်၊
ကိုယ်တိုင်လည်း လူ့အသက်ကို ကယ်တင်နိုင်တဲ့ အဖြူရောင် ဆရာဝန်ကြီး
တစ်ယောက်လို ခံစားနေမိတယ်။
အဲဒီ အချိန်တုန်းက ဆရာ့မျက်နှာက သာမန်ပေမယ့် ကျွန်တော်ကတော့ ပြုံးနေဖြစ်ခဲ့တယ် ထင်တယ်။
`` နောက်ပြီး ဆရာက အလုပ် စ၀င်ကတည်းက မေတ္တာ ကမ္မဌာန်းကို
ဆီးဖြန်းခဲ့တယ်လူလေးရဲ့၊ မေတ္တာစိတ်က ဆရာထင်တယ်လေ သမာဓိ စိတ်ကိုလည်း
ဖြစ်စေလိမ့်မယ်လို့ပေါ့၊
ဆရာက အရက်လည်း လုံးဝမသောက်ဖြစ်ခဲ့ဘူး၊
အရေးအကြောင်းမှာ ကိုယ်ကမှား ယွင်းသွားလို့ မရဘူးလေ၊ တစ်ဘက်မှာ လူနာက
အသက်နဲ့ ရင်းထားရတာ မဟုတ်လား၊ ကံကို အံတုလို့မရပေမယ့် အချိန်မတိုင်ခင်
ဖြစ်လာမယ့် ပယောဂတွေကိုတော့ ဆရာတို့ အတတ်နိုင်ဆုံး တားဆီးနိုင်ရမယ်။
မင်းလည်း မနက်တိုင်း အလုပ်မ၀င်ခင် ဘုရားရှိခိုး မေတ္တာပို့တာကို
အကျင့်လုပ်ထားကွ ကြားလား၊ ဖြစ်နိုင်ရင် တစ်သက်လုံးမှာ ကုသမှုပဲဖြစ်ဖြစ်၊
ခွဲစိတ်မှုပဲဖြစ်ဖြစ်၊ စမ်းသပ်မှုပဲဖြစ်ဖြစ် တစ်ခါမှ မမှားစေနဲ့ နော်´´
`` ဟုတ်ကဲ့ ဆရာ ကျွန်တော် မှတ်သား လိုက်နာပါ့မယ်ခင်ဗျ´´
ပြောလာရင်းနဲ့ ဆေးရုံ အ၀ရောက်တော့ ဆရာကားပေါ်တက်သွားတယ်၊ ကျွန်တော်က
ရပ်ကြည့်နေရင်းက ဆရာပေးခဲ့တဲ့ ချိုမြတဲ့ ဆုံးမစကားတွေကို
ပြန်စဉ်းစားနေမိတယ်၊ ဟုတ်တာပေါ့၊ ကျွန်တော်တို့ လုပ်ငန်းက မှားလို့ မရဘူး။
တစ်ဘက်က လူနာက အသက်နဲ့ ရင်းထားတာပဲလို့ ဆက်တွေးဖြစ်ခဲ့တယ်။
ခွဲစိတ်လက်ထောက်က နောက်တစ်ကြိမ် စနိုင်အောင် လက်မထောင်ပြတယ်၊ ကျွန်တော်လည်း ခေါင်းညိတ်ပြရင်း ခွဲစိတ်ဓါးလေးကို ကောက်ကိုင်လိုက်တယ်။
အရင်အတိုင်းပါပဲ၊ လက်လည်း တုန်လာသလိုပဲ၊ ပိုဆိုးလာတဲ့ သဘောပေါ့....။
ဘာများ ဖြစ်တာပါလိမ့်။
ကျွန်တော် မနက်ကလည်း သေသေချာချာ ဘုရားရှိခိုး မေတ္တာပို့ အမျှအတန်း ပေးဝေခဲ့တာပါပဲ။
စိတ်ပင်ပမ်းစရာလည်း ဘာမှ မရှိ၊ လူနာကို ကျွန်တော် ကိုယ်တိုင်လည်း မသိ၊ စိုးရိမ်နေစရာလည်း မလိုပါပဲနဲ့...။
=================
`` ပေးရှင့်က ဟတ်ရော၊ လေဘယ်ရော မကောင်းတော့ဘူးဆရာ ကင်ဆာဖြစ်နေတဲ့
အထောက်အထားတွေ တွေ့နေရတယ်၊ လဲလှယ် အစားထိုး ကုသဖို့ အတွက်လည်း
သဘောတူကြတယ်။ စာရွက်စာတမ်းနဲ့ ပြင်ဆင်စရာရှိတာ အားလုံးတော့
ဆောင်ရွက်ပြီးပြီ၊ ဆရာကြည့်ပြီး ဒိတ်ပေးပါဦး´´
ဓါတ်မှန်နှင့်
ဆေးစစ်ချက် မှတ်တမ်းလေးနဲ့ ရှင်းပြနေတဲ့ ခွဲစိတ်လက်ထောက်ဆီက ဓါတ်မှန်ကို
ယူကြည့်မိတယ်၊ အားလုံး ပျက်စီးနေပြီဆိုတာကို ကြည့်ရုံနဲ့ သိနေခဲ့သည်ပဲ။
`` ဒါနဲ့ ဒေါက်တာ အစားထိုးရမယ့် နှလုံးနဲ့ အသည်းကရော အဆင်သင့်ရှိလား´´
`` ဟုတ်ကဲ့ ရှိပါတယ်ဆရာ၊ ရောဂါရှာဖွေရေးကလည်း သေသေချာချာ
စစ်ဆေးပြီးပါပြီ။ ခွဲစိတ်ဖို့ တော်တော်ကောင်းတဲ့ အဆင့်ပါ။ ဒီမှာ
စစ်ဆေးချက်ပါ....´´ သူကမ်းပေးတဲ့ စစ်ဆေးချက်ကိုကြည့်မိတော့ အကောင်းဆုံး
အနေအထားဖြစ်ပြီး ငယ်ရွယ်သူ တစ်ဦးရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတယ်လေ...။
ဒါဆိုရင်လူနာရဲ့ ခံနိုင်ရည်နဲ့ ဆေးဝါးအဆိပ်သင့်မှု စစ်ဆေးပြီးလျှင် ခွဲစိတ်နိုင်ပြီပေါ့။
အခြေအနေကို ကျေနပ်လို့ ခွဲစိတ်ဖို့ ရက်တစ်ခု သတ်မှတ်ပေးလိုက်တယ်.. ဒီကြားထဲမှာ ဆောင်ရွက်ရန် အချက်များကိုလည်း မှာကြားလိုက်တယ်။
အဲဒီတုံးက အားလုံးအဆင်ပြေနေပါလျှက် အခု တကယ်ခွဲစိတ်မှ ဘယ်လိုဖြစ်တာပါလိမ့်။
ဒီလိုနဲ့ မေ့ဆေးပျယ်ချိန် ရောက်သွားတယ်၊ ကျွန်တော်လည်း ဦးခေါင်းကနေ
ခြေဖျားအထိ အဲကွန်းကြားမှာ ရှိနေပေမယ့် ချွေးသီးချွေးပေါက်များ ကျနေရတယ်။
လုပ်ဖော်ကိုင်ဘက်များကိုလည်း အားနာစိတ်ဖြင့် လက်ဝါးနှစ်ဘက် ခပ်ရွယ်ရွယ်လေးမြှောက်ပြီး တောင်းပန်နေမိတယ်။
လူနာလည်း သတိရလာပြီးတဲ့နောက် လူနာဝတ်စုံကို ပြင်ဝတ်ပြီး အခန်းအပြင်ကို ထွက်သွားခဲ့တယ်။
အခန်းအပြင်ရောက်တော့ လှည့်၍ ပြုံးပြသွားတယ်။
ခွဲစိတ်မှု မဆောင်ရွက်နိုင်လို့လား၊ အထင်သေးလို့လား မဝေခွဲတတ်။
သူ့ မျက်နှာကိုမြင်တော့မှ ကျွန်တော် အံ့အားသင့်ရတော့တယ်။
နှလုံးရော အသည်းရော မကောင်းတဲ့ လူနာက လန်းလန်းဆန်းဆန်းနဲ့ ပြုံးပြပြီးတော့ သွက်သွက်လက်လက် ထွက်ခွါသွားခဲ့တယ်။
ကျွန်တော်သာလျှင် သူ့ကို ကြည့်ရင်း မှင်တက်ပြီး ကျန်ရစ်ရတယ်လေ။
======================
အခုနောက်ပိုင်းမှာ ကျွန်တော် မကြာမကြာ မက်ခဲ့တဲ့ အိပ်မက်တွေလည်း အဆုံးသတ်သွားခဲ့တယ်။ ထပ်ပြီး မမက်တော့ဘူး။
ကျွန်တော် ထိတ်လန့်တုန်လှုပ်နေရခြင်းတွေလည်း အဆုံးသတ်သွားခဲ့တယ်၊
အိပ်မက်ထဲမှာ ပြုံးပြပြီး ထွက်ခွါသွားတဲ့ လူနာရဲ့ မျက်နှာကိုမြင်ပြီးကတည်းက
ထပ်ပြီး မမက်ဖြစ်တော့တဲ့ အိပ်မက်လေးကို ကျေးဇူးတင်မိပါတယ်။
မပြောမဆိုနဲ့ ကျွန်တော့်ကို ပြုံးပြနှုတ်ဆက်ပြီး ထွက်သွားတဲ့ လူနာကို ကျွန်တော် ကောင်းကောင်း သိနေခဲ့ပါတယ်။
တကယ်တော့ သူကကျွန်တော် ဆရာဝန် မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက
ချစ်ရသူရဲ့ ရက်စက်မှုကြောင့် အသည်းနဲ့ နှလုံးသားမှာ ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့တဲ့ လူမသိ သူမသိလူနာ၊ ကျွန်တော် ကိုယ်တိုင်ဖြစ်နေခဲ့တယ်လေ။
(ကွန်ဆူးမား)(၂၃-၁-၂၀၁၄)
လူဗိုလ်ဟူသည် . . .
0 comments:
Post a Comment