အသိပညာမှာ သိခြင်းသဘောဖြစ်သည်။ သိခြင်းဆိုသည့်အရာ၌ အကောင်းအဆိုး၊ အမှားအမှန်၊ ဓမ္မ အဓမ္မ တို့ ကို ကောင်းစွာ ခွဲခြားသိမြင်နိုင်ခြင်း၊ ကောင်းစွာ ခွဲခြားနားလည်နိုင်ခြင်းတို့  ပါဝင်သည်။ သိမှု့  သဘောသည် လွန်စွာကျယ်ပြန့် ပေသည်။ မိမိကိုယ်အားသိခြင်း၊ မိမိပတ်ဝန်းကျင်အားသိခြင်း၊ မိမိနိုင်ငံအားသိခြင်း၊ မိမိနေထိုင်သောကမ္ဘာလောကကြီးအားသိခြင်းမှသည် အဆုံးအစ မထင်သော အနတ္တစကြ၀ဋ္ဌာအား သိမြင်ခြင်းတို့ ပါဝင်သည်။ ထိုတည်နေရာများကိုသိရာ၌လည်း မိမိလက်ရှိအချိန်ကာလအားဖြင့်သိခြင်း၊ မိမိကြီးပြင်းရာ ခေတ်အားသိခြင်း၊ ရာစုနှစ်အားဖြင့်သိခြင်း၊ သမိုင်းမှတ်တမ်းတင်သော ကာလများအားသိခြင်းမှသည်၊ အချိန်မဲ့ သိခြင်းများအထိ ပါဝင်သည်။
အကောင်းအဆိုး၊ အမှားအမှန်၊ ဓမ္မ အဓမ္မတို့ မှာ တည်နေရာအလျှောက် အချိန်ကာလအလျှောက် ကွဲပြားခြားနားကြလေသည်။ ဥပမာ တည်နေရာအားဖြင့် ခရစ်ယန်ဘုရားရှိခိုးကျောင်းအတွင်း ဦးထုပ်ချွတ်ကာ ဖိနပ်စီးရမည်ဖြစ်သော်လည်း ဗုဒ္ဓဘာသာ စေတီပုထိုးအတွင်းတွင် ဦးထုပ်ဆောင်းနိုင်ကာ ဖိနပ်စီးခွင့်မရှိပေ။ အချိန်ကာလ ဥပမာအားဖြင့်လည်းလည်း ၁၈ ရာစု ဥရောပတွင် ဂုဏ်သိက္ခာနှင့် ပက်သတ်သော အမှု့ ကိစ္စများတွင် သေနတ်ချင်းယှဉ်ပစ်ကာ ဖြေရှင်းခြင်းသည် လူကြီးလူကောင်းတို့ ၏ နည်းလမ်းဖြစ်သောလည်း ယနေ့ ခေတ်တွင် လူမိုက်တို့၏ နည်းလမ်းဖြစ်လာသည်။ ထို့ ကြောင့် လူတစ်ဦးသည် အသိပညာအရာ၌ တည်နေရာအားဖြင့်လည်းကောင်း အချိန်ကာလ၌လည်းကောင်း အကြောင်းအရာတို့ ၌လည်းကောင်း ကျယ်ပြန့်စွာသိမြင်နားလည်ဖို့ ရာ လိုအပ်ပေသည်။ သို့ မှသာ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်ပြဋ္ဌာန်းဖတ်စာမှ ပညာတတ်ကြီးများကဲ့သို့  အတတ်ကြူး အရူးမဖြစ်ပဲ အမှု့ ကိစ္စ အရေးအခင်းတို့ အား တည်နေရာ အချိန်ကာလနှင့် လိုက်ကာသင့်လျှော်အောင် ပြုမူဆောင်ရွှက်နိုင်ကြမည် ဖြစ်ပေသည်။
အသိပညာရှာဖွေရာတွင် လူတို့ သည် စာအုပ်စာပေတို့ ၌ အလေးထားကာ ရှာဖွေကြလေသည်။ စာဖတ်ခြင်းအားဖြင့် လူသည် ပြည့်ဝလာသည်၊ အမြင်ကျယ်လာသည်။ ဆွေးနွေးပြောဆိုခြင်းအားဖြင့် ခွဲခြားသိမြင်စေသည်။ စာပေဖတ်ရှု့ ရာတွင်လည်း သမိုင်း၊ လင်္ကာကဗျာ၊ ယုတ္တိဗေဒ၊ သဘာဝတရား၊ သိပ္ပံ၊ ကိုယ်ကျင့်ဒသန၊ အတွေးအမြင် စသည်ဖြင့် စုံအောင်ဖတ်နိုင်ရန် လိုအပ်ပေသည်။ အလိမ္မာစာမှာရှိဆိုသည့်အတိုင်း အသိပညာလိုချင်လျှင် စာအုပ်စာပေများတွင် ဦးစားပေးအနေဖြင့် ရှာရမည်မှာ မှန်သော်လည်း အသိပညာ၏ မူလဘူတ အရင်းအမြစ်မှာကား စာအုပ်များထဲ၌ မဟုတ်ပေ။ အသိပညာသည် မိမိကိုယ်တွင်း၌လည်းကောင်း မိမိပတ်ဝန်းကျင်၌လည်းကောင်း တည်လေသည်။ ဖတ်ရှု့လေ့လာခြင်း၊ နာကြားလေ့လာခြင်းအားဖြင်သိလာသော အသိတို့ အား ပတ်ဝန်းကျင်မှ ထိတွေ့ ခံစားသိသောအရာများဖြင့် ချိန်ထိုးလေ့လာခြင်း မိမိစိတ်အစဉ်၌ ဆင်ခြင်ခြင်းအားဖြင့်သာလျှင် အသိပညာအား ရရှိနိုင်သည်။ ဥပမာအားဖြင့် နွားအကြောင်းသိလိုလျှင် နွားနှင့် အတူနေထိတွေ့ ဖူး၊ နွားအကြောင်း နာကြားဖတ်ထားဖူး၊ နွားအကြောင်း ခြင်ဆင်တွေးတော ဖူးမှသာလျှင် နွားအကြောင်းသေချာစွာ သိမြင်နားလည်နိုင်ပေမည်။ ထပ်ဆင့် တိုး၍ တွေးတောနိုင်လျှင် နွားကျောင်းသားတစ်ယောက်သည် ကမ္ဘာလောကအကြောင်းအား စာအုပ်များထဲမှထက် သူ၏ နွားအုပ်များထံမှ ပို၍ လေ့လာနိုင်သည်။
လူသားတစ်ဦးအနေဖြင့် သူ၏အတိတ်ကံ ပါရမီကို ဖယ်ထားပါက မွေးဖွားလာသည်မှ သေသည်အထိ ပတ်ဝန်းကျင်အား အာရုံခြောက်ပါးဖြင့် လေ့လာစူးစမ်းသော်လည်း အလုံးစုံအား အချိန်မဲ့သိခြင်းမျိုးတွင် မစွမ်းနိုင်ပေ။ သို့ သော် မွေးဖွားလာသည်မှ တစ်နေ့ ထက် တစ်နေ၊့ တစ်လထက် တစ်လ၊ တစ်နှစ်ထက် တစ်နှစ် အသိပညာမှာ အစဉ်ကြီးပွားတိုးတက်လာသည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ သို့ ရာတွင် တစ်ဦးနှင့် တစ်ဦးကား နှိုင်းယှဉ်ကြည့်ရာ၌ တိုးတက်သည့် အရှိန်တွင်ကား ကွာခြားကြသည်။ အကြောင်းမှာ သိလိုမှု့ စိတ် ၌ ကွာခြားခြင်း ကြောင့်ပင်ဖြစ်သည်။ အသိပညာလုံးလုံး မရှိသောသူသည် မိမိမသိသည်ကိုပင် မိမိကိုယ်ကိုမသိနိုင်ပေ။ သူတို့ အတွက်ကား သူတို့  တတ်သည့် အတတ်ပညာအား တစ်ပါးသူမှခိုင်းစေသည့် အတိုင်းသာအသုံးပြုနိုင်ကြလေသည်။ သူတို့  တတ်ကျွမ်းထားသည့် အတတ်ပညာများကို တစ်ခြားတစ်ပါးသောသူတို့ အတွက် အသုံးပြုခြင်းဖြင့် ဘ၀ကို ဖြတ်သန်းကြသူများ ဖြစ်သွားကြသည်။ တစ်ချို့ကား အနည်းငယ်မျှသာ သိသည်။ တည်နေရာ၌လည်းကောင်း အချိန်ကာအားဖြင့်လည်းကောင်း အနည်းငယ်မျှသာသိသော ထိုသူမျိုးသည် သူတို့  အသိအနည်းငယ်မျှဖြင့် ဆင်ခြင်တွေးတောကာ သူတို့ အတတ်ပညာအားအသုံးပြုကြ ကုန်လေသည်။ ထိုသူမျိုးကား အန္တရာယ်ကြီးပေသည်။ အသိပညာအနည်းမျှသာရှိပြီး အတတ်ပညာပြည့်ဝသူမျိုးသည် ကမ္ဘာလောကကြီးအတွက် ကောင်းကျိုးထက် ဆိုးကျိုးသာ သာ၍ ဖြစ်စေသည်။ အသိပညာ၌ တည်နေရာအားဖြင့်လည်းကောင်း အချိန်ကာလအားဖြင့်လည်းကောင်း ကြီးမားကျယ်ပြန့် စွာသိကုန်သော သူတို့ ၏ အမှန်တရား၊ ကောင်းကျိုး၊ ဓမ္မသည် ပစ္စုပ္ပန်လောက လက်ရှိခေတ်၏ အမှန်တရား၊ ကောင်းကျိုး၊ ဓမ္မပင်ဖြစ်သည်။ အသိပညာသည်ပင်လျှင် ဤကမ္ဘာလောက၏ အလင်းဖြစ်သည်။
ဇင်အောင်
0 comments:
Post a Comment