Monday, February 17, 2014

သေခြင်းနှင့် ယှဉ်လောင်းသည်။(ပထမပိုင်း )

Picture
အခုရေးမဲ့ အကြောင်းအရာလေးက ကျွန်တော် ၁၀တန်းအောင်ပြီးတဲ့ အချိန်လောက်မှာ ဖြစ်ခဲ့တာပါ။
နယ်ကြမ်းမှာ ပွဲကြမ်းခြင်း အပြီးမှာပေါ့။ ဖက်နမ်ဘက်က ကျွန်တော် ပြန်လာတော့ အလင်းတို့နဲ့ ပြန်လာတာပါ။
သူကလည်း ကျွန်တော် လုပ်ခဲ့တဲ့ ခြံဘယ်လောက် ကြမ်းတယ်ဆိုတာကို တွေ့သမျှ လူလိုက်ပြောနေတာဗျ။ ဒီခြံကိုလည်း ပြန်ရောင်းမဲ့အကြောင်းတွေ လျှောက်ပြောတယ်။ ဒါကြောင့်လည်း အနော်နဲ့ ခဏခဏ ရန်ဖြစ်ရတယ်။ ကျွန်တော်ကတော့ ကိုယ်ကြီုးစားထားပြီးမှ အောင်မြင်လာတဲ့ အသီးအပွင့်တစ်ခုကို မည်သူကို မှ မပေးနိုင်ပါဘူးဗျာ။ ဟုတ်တယ်မလား။ မိတ်ဆွေတို့ ဆိုရင်ရော ပေးမလား။ အဲဒီကိစ္စနဲ့ အနော်နဲ့ အလင်း စကားမပြောတာ တော်တော်ကြာသွားတယ်။ သူက ရောင်းမယ်လုပ်တိုင်း ကိုယ်က ဖျက်တာကိုး။ ခြံက အနော်ရယ်။ ဇောင်းကြီးရယ်။ အလင်းရယ် သုံးယောက်ပိုင်တယ်။ ဇောင်းကြီးကလည်း မရောင်းချင်ဘူး။ ကျွန်တော်ကလည်း မရောင်းခြင်ဘူး။ ဒီတော့ သူတစ်ယောက်တည်း ဘယ်လိုမှ ရောင်းလို့မရဘူးလေ။ သူနဲ့ ဇောင်းကြီး သဘောတူတာတောင် အနော် မရောင်းချင်ရင် လုံးဝ ရောင်းလို့မရ၀ူး။ ဒါက ဥပဒေ ရှိတယ်။

ဒီတော့ ကျွန်တော်တို့ သူငယ်ချင်းတွေအထဲမှာ ကြိတ်ပြီး မီးပွားလေးတွေ ဖြစ်လာတယ်ခင်ဗျ။ ကျွန်တော်နဲ့ ဇောင်းကြီးက တစ်ဖက်၊ အလင်းက တစ်ဖက်ပေါ့နော်။ ကိုယ့်ကတော့ ကိုယ်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ပါဗျာ။ ကျန်တာတွေလည်း စိတ်မ၀င်စားအားဘူးရယ်။ ဒီလိုနဲ့ တစ်နေ့ပါ။ ခြံထဲမှာ အလုပ်လုပ်နေတုန်း သူငယ်ချင်းတွေရောက်လာကြတယ်။ သူတို့ ကတော့ အပျော်သက်သက်လာတာပါ။ ကိုယ်ခြံထဲရောက်ရင် ထမင်းချက်စား၊ ဘာညာပျော်ပွဲလေးလုပ်ပေါ့။ ဒါက ကျွန်တော်ခြံရဲ့ အကျင့်လို ဖစ်နေတာ။ စိတ်ညစ်တဲ့ သူငယ်ချင်းလည်း အနော်ခြံထဲလာတယ်။ ပျော်ချင်တဲ့ သူငယ်ချင်းလည်း လာတယ် ။ အနော်ကလည်း ရှိတာတွေ အကုန် ချကျွေးတာကိုး။ စိတ်ကြိုက်ပဲ အနော်အိမ်မှာတော့။ အဲဒီတော့ သူငယ်ချင်းတွေက အနော် ခြံထဲမှာ ပျော်ကြတယ်။ 

 ကျွန်တော်ကလည်း သူတို့တွေ လာရင်ပျော်တယ်။ ဟုတ်တယ်လေ။ အရင်ကဆို ကျွန်တော်နဲ့ အလင်းနဲ့ နှစ်ယောက်တည်းနေတာ။ သူက ထမင်းချက်၊ ကျွန်တော်က ခြံထဲဆင်း၊ အလုပ်သမားတွေကို လိုအပ်တာတွေ ပြော၊ ပြီးရင် ထမင်းပြန်စား။ ညနေစောင်းရင် အလုပ်သမားတွေကို ငွေရှင်းပေး ဒီလိုနေလာရတာ။ နေ့တိုင်းကြီးဆိုတော့ ပျင်းသယောင်ယောင်တော့ ရှိတာပေါ့ဗျာ။ အခုလို အလင်းနဲ့ ရန်ဖစ်ထားတဲ့ အချိန်များဆိုရင် သူက စိတ်ဆိုးတော်မူပြီး ပါးပါးနဲ့မားမား (သူမိဘရင်း၊ အနော်ကမွေးစားမိဘ) တို့ အိမ်သွားအိပ်သဗျှ။  ဒီလိုဆို လူက သေချင်တာ။ အိမ်ကြီးက ခြောက်သွေ့ နေတာပဲ L ။ ဒါကြောင့် သူတို့လာရင် အနော်ပျော်တယ်ပြောတာပါ။

ဒါပေ့မယ် သူတို့ လာခြင်းက ကောင်းတဲ့ လာခြင်းမျိုး မဖြစ်ခဲ့ဖူးခင်ဗျ။ သူတို့ ထဲမှာ ကျွန်တော်နဲ့ မသိတဲ့ သူတွေလည်း ပါလာတယ်။

အားလုံးပေါင်း အယောက် (၂၀) လောက်လာတာ။ (၅) ယောက်လောက်က ကျွန်တော် လုံးဝ မသိဘူး။ သူတို့ခေါ်လာတာ။ ကိုဇူးခြံက ပျော်ဖို့ကောင်းတယ်ဆိုပြီးလေ။ သူတို့တွေကို ကျွန်တော် သူငယ်ချင်းတွေက ကျွန်တော် အကြောင်း တော်တော်များများ ပြောထားဖူးတယ်။ အဲဒါကြောင့် သူတို့ကလည်း “ငဇူး…ဆိုတာ ဘာကောင်လဲ” ဆိုတာ သိချင်တဲ့ အထာနဲ့ လိုက်လာကြတာခင်ဗျ။

မှတ်မှတ်ရရ မိန်းခလေး (၂) ယောက်၊ ယောင်္ကျားလေး (၃) ယောက်ပါ။ ရှမ်းတရုတ်တွေ ရုပ်တွေပါပဲ။ ကိုယ်ကတော့ ဒါတွေကို မသိသေးတော့ အစက ကောင်းကောင်းမွန်မွန် ဧည့်ခံပါတယ်။

မနက်ခင်းပိုင်းမှာ သူငယ်ချင်းတွေ ချက်ပြုတ်ကြပေါ့ဗျာ။ ကျွန်တော်ကတော့ ခြံထဲသွားပေါ့။ တစ်ချို့ က ကျွန်တော် ပန်းခြံကို လိုက်ကြည့်ကြတယ်။ ကျွန်တော်ကလည်း ခြံထဲကို သူတို့ကို လိုက်ပြနေတယ် ဆိုပါတော့ဗျာ။ ဒီလိုနဲ့ သွားရင်း၊ သွားရင်းနဲ့ ကျွန်တော်ခြံထဲကို ၂၁ မိုင်အကျော်က မလာတဲ့ ကိုးမြို့ ရှင် နတ်ရုပ်နားကို ရောက်လာတယ်။ အဲဒီမှာ ခုန ပါလာတဲ့ ငါးယောက်ထဲက
မိန်းခလေးတစ်ယောက်က ထပြောတယ်။

“ဒီနတ်ရုပ်လား ကိုဇူး ပင့်လာတယ်ဆိုတာ” တဲ့။

ကျွန်တော်ကလည်း သဘောရိုးမေးတယ်ထင်လို့ “ဟုတ်ကဲ့ ခင်ဗျ” ဆိုပြီး ပြောလိုက်တယ်။
သူက ဘာဆက်ပြောလဲ ဆိုတော့…

“ဒီနတ်နဲ့ ကိုဇူး အကြောင်း ကြားဖူးပါတယ်၊ အဲဒါ တကယ်ရော ဟုတ်လို့လား” တဲ့ ။

လူဆိုတာက လူအချင်းချင်း စကားပြောရင်တောင် မျက်နှာကြည့်ပြီး ပြောနေတာလေဗျာ။ သူက အဲဒီစကားကို ပြောလိုက်တဲ့ အချိန်မှာမျက်မှောင်ကို ကြုတ်ပြီး နတ်ရုပ်ေ၇ှ့ မှာ…မယုံသလိုလို၊ ဘာလိုလိုနဲ့ မေးတာ။ ပြီးတော့ နတ်ရုပ်ကို လက်ညိုးတောင် ကောက်ထိုးလိုက်သေးတယ်။ ဆရာမက ။

ကျွန်တော် နည်းနည်း စိတ်တိုသွားတယ်။ ကျွန်တော်က လူတစ်မျိုး။ ကိုယ်ပိုင် ပစ္စည်း သူများ ထိတာမကြိုက်ဘူး။ ဝေဖန်တာလည်း မခံဘူး။ ကျွန်တော်ခြံထဲမှာ အလုပ်သမားတွေ ရှိတယ်။ တစ်ချိန်က ဒီလူတွေ အပြင်မှာ ဘယ်သူနဲ့ ရန်ဖြစ်ဖြစ်၊ ဘယ်သူက သူတို့ကို လူပါး၀၀ ကျွန်တော်နဲ့ မဆိုင်ဘူး။ ဒါပေ့မယ် ကျွန်တော် အလုပ်သမားဖြစ်လာတဲ့ နေ့မှာ ကျွန်တော် ပြောနေကြ စကားတစ်ခွန်းက

“မင်းတို့ကို သူများ ဆဲတာ၊ စောင်းပြောတာ ငါမလိုချင်ဘူးနော်။ အချင်းချင်းလည်း ရန်မဖြစ်နဲ့။ ခင်ဗျားတို့ကို သူများ ထိတာ ကျွန်တော်မကြီုက်ဘူး။ ခင်ဗျားတို့လည်း သွားမမှားနဲ့ ။ သွားမလွန်နဲ့” ဒီစကားကိုတော့ အလုပ်သမား အသစ်တိုင်းကို ပြောထားတယ်။

ဟုတ်တယ်။ ကိုယ်လူ သူများထိတာ ကျွန်တော် မကြိုက်ဖူးရယ်။ ကျွန်တော်ခြံထဲမှာ အလုပ်သမားတွေအတွတ် တန်းလျားလေး ဆောက်ပေးထားတယ်။ အဲဒီမှာ အလုပ်သမား မိသားစုတွေနေကြတယ်။ ခြံက အကျယ်ကြီးဆိုတော့… အစောင့်သဘောလည်းဖြစ်တယ်ဗျာ။ ပြီးတော့ သူတို့အတွတ်လည်း နေစရာနေရာရတယ်။ သူတို့ သားသမီးတွေ ကျောင်းစရိတ်လိုတယ်ဆို အနော်ပဲ ထုတ်ပေးနေတာ။ ရှင်းရှင်း ပြောရင် ကျွန်တော်ခြံထဲမှာ သူတောင်းစားတွေတောင် ရှိတယ်။
အိမ်ရှေ့ လာတောင်းရင်… ကျွန်တော်က…

“ခင်ဗျား အလုပ်လုပ်မလား?။ တစ်နေ့ ရှစ်ရာ ရမယ်” လို့မေးလိုက်တယ်ဗျ။ မလုပ်ဖူးဆိုတဲ့ လူမလှူဘူး ။ လုပ်မယ်ဆိုတဲ့ လူကိုတန်းပြီး အလုပ်ခိုင်းတာရယ်။ ပြီးရင် ရှစ်ရာပေးပြီး ပြန်လွတ်လိုက်တယ်။ နောက်ပိုင်းကျတော့ သူတို့က ကျွန်တော်ဆီမှာပါ လာနေပြီး အလုပ်လုပ်ကြတယ်။ အားလုံးကလည်း အနော်ကို ချစ်ကြတယ်။ ကိုယ်က ကောင်းတာကိုး။ ကိုယ်မကောင်းရင် လူတစ်ယောက်က ကိုယ်အပေါ်ကို ပြန်ကောင်းဖို့ဆိုတာ ဝေးကြီးပါဗျာ။ L ။ ကျွန်တော်ကတော့ မိသားစုပုံစံနေပါတယ်။ သူတို့ကလည်း ကျွန်တော် အလုပ်ဆို စေတနာ ထားပြီး အလုပ်လုပ်တယ်။ အဲဒီတော့ အောင်မြင်တယ်ပေါ့ဗျာ။

အဲဒါကို တစ်ချို့ ခြံရှင်တွေက မကြိုက်ကြဘူး။ ကျွန်တော် အလုပ်သမားတွေကို သိမ်သွင်းတယ်။ ဖျားယောင်းတယ်။ တစ်ချို့ ကျတော့ ရသွားတယ်။ တစ်ချို့ ကျတော့ မရဘူးပေါ့ဗျာ။ မရတဲ့ အလုပ်သမားဆိုရင်လည်း…သူတို့က ဒီလိုလေး ရန်တိုက်ပေးခဲ့ တာ။

“နင်တို့တွေကို ငါတို့က ကောင်းစေချင်လို့ ခေါ်တာ။ နင်တို့က ငဇူးဆီမှာပဲ တစ်ပဲ ခြောက်ပြားနဲ့ ကျွန်ခံ ချင်သကိုး။ နေပေါ့” ဆိုပြီးလေ။
ထားပါတော့ အဲဒါ။ လေရှည်တာ နည်းနည်း လွန်သွားတယ်။

အဲဒီလိုပဲဗျ။ ကျွန်တော်ခြံထဲက ပစ္စည်းမှန်သမျှကို ကျွန်တော် တန်ဖိုးထားတယ်။ အခု ဒီနတ်ရုပ်ကို ဒီကောင်မလေးက ဒီလိုမေးတာကို ကျွန်တော်လုံးဝ မကြိုက်ဘူးရယ်။ ဒါပေ့မယ်လည်း သူက ဧည့်သည်၊ ကိုယ်က အိမ်ရှင်။ ခွင့်လွှတ်သင့် ကိုယ်ခွင့်လွှတ်ရမှာလေ။ ဟုတ်တယ်မလား။ အဲဒီတော့ ဒီလိုပဲ ပြောလိုက်တယ်။

“ယုံတာ မယုံတာ ခင်ဗျား အပိုင်းပါ။ ပုံပြင်မှတ်ပေါ့ဗျာ။ ဒါပေ့မယ် ခြံထဲကို ပတ်ပြီး ကြည့်ရှု့ နေတဲ့ ကာလတွေမှာ ကျွန်တော် သတိထားဆိုတဲ့ နေရာ ရောက်ရင် သတိထားဗျာ။ အထွန့်မတတ်နဲ့ ကျွန်တော် မကြိုက်ဘူး” ။ ပြောချလိုက်တယ်..ဒီအတိုင်းပဲ။

မတတ်နိုင်ဘူး။ ကျွန်တော်က ခပ်ပြတ်ပြတ်သမား။ ချီးထုတ်လုပ်ရင် ချီးထုတ်လို ရှင်းတတ်တယ်။ ပြီးတော့ သူတို့ကို ရှေ့ ဆက်ပြီး ခြံအလယ်က ရေတံခွန်လေးကို လိုက်ပို့ရအုံးမှာ။ အဲဒီရေတံခွန်မှာ အဖွားလက်ထက်ကတည်းက နတ်စင် တစ်ခုရှိတယ်။ အဲဒီနေရာမှာ အပေါ့၊ အလေး မသွားရဘူး။ အဖွားရှီတုန်းကဆို ခြံထဲ လျှောက်သွားတိုင်း ကျွန်တော်ကို အမြဲမှာနေကြခင်ဗျ။ ပြီးတော့ ရေတံခွန်မှာ ရေချိုးရင် ယောင်္ကျားလေးတောင် ပုဆိုးနဲ့ ချိုးရတယ်။ အတွင်းခံနဲ့မချိုးရဘူး။ မိန်းခလေးလည်း လုံလုံခြုံခြုံ ချိုးရတယ်ဗျာ။ မဟုတ်ရင် ပြသနာတတ် တတ်တယ်။ ဒါက အဖွားမှာခဲ့တာပါ။ ကျွန်တော်က အဲဒီမှာ ရေတစ်ခါမှ သွားမချိုးဘူးဖူး။ အဲဒီဘက်ခြမ်းကလည်း ကျွန်တော် ပျိုးပင်တွေမစိုက်ရသေးဘူး။ တောထနေတာပေါ့ဗျာ။

ဒီလိုနဲ့ အဲဒီအဖွဲ့ ကျွန်တော်က စကားပြောရင် ဒီနေရာမှာ မဆဲပါနဲ့ ဘာညာပေါ့ဗျာ။ သတိတော့ ပေးလိုက်ပါတယ်။ တော်ကြာ မှားပြီး၊ ပြသနာတတ်ရင် ကိုယ်က ရှင်းနေရမှာဆိုးလို့။ ဒီကောင်တွေကလည်း ရေတံခွန်မြင်တာနဲ့ ပြေးပြီးတော့…ခုန်ဆင်း၊ ၀ုန်း၊ ဒိုင်းနဲ့ သောင်းကျန်းကြတာ။ ကျွန်တော်ကတော့ နတ်စင်လေးနားမှာ သွားနေ နေလိုက်တယ်။ ကျွန်တော် သူငယ်ချင်း အချို့ ကလည်း ကျွန်တော်နဲ့ စကားလာပြောနေတယ်ဗျ။ သူတို့တွေ ရေကစားလို့လည်း ၀ ယော အားလုံးပြန်ခဲ့တာပေါ့ဗျာ။ ရေစက်လက်တွေနဲ့ဆိုတော့ အမြန်ဆုံး ပြန်ခဲ့ကြတယ်ဆိုပါတော့။

ဒီလိုနဲ့ ညနေခင်းပိုင်းမှာ ဘီယာဝိုင်း၊ အရက်ဝိုင်းလေး လုပ်ဖြစ်တယ်။ ကောင်မလေးတွေကလည်း သောက်ကြတယ်။ ကောင်လေးတွေကလည်း သောက်ကြပေါ့ဗျာ။ လုပ်တာက ကျွန်တော် အိမ်ရှေ့ က မြက်ခင်းလေးမှာ လုပ်တာပါ။ ၀ါတာဘလူးလေးတွေ ခင်းပြီးလေ။ မေမြို့ နွေက တော်တော်လေး နေလို့ကောင်းပါတယ်။ ရာသီဥတုက လူတိုင်းကို စိတ်ချမ်းသာအောင် လုပ်ပေးနေတာ J ။
ဇိမ်ပဲဗျ။ ဒီလို အချိန်လေးမှာ…ကိုယ်အာရုံလေးနဲ့ ကိုယ် နိပ်ရတာ။ မူးနေတော့ ပိုကောင်းတာပေါ့နော် ဟီး (လိုရာဆွဲပြောတာပါ။ နောက်တာ)။ သောက်ရင်း၊ စကားပြော၇င်းနဲ့ လူတွေက တော်တော်လေး အရှိန်ရလာတယ်။ အဲဒီမှာ ကျွန်တော် အကြောင်းသိချင်တယ် ဆိုတဲ့ ငါးယောက် အုပ်စုက ထဖွတော့တာပါပဲဗျာ။
ဟိုဟာ ဟုတ်လား?
ဒီဟာ ဟုတ်လား?
ဖက်နမ်က ခြံက တကယ်ခြောက်တာလား?
ဘာညာပေါ့ဗျာ။ ကျွန်တော် သူငယ်ချင်းတွေက သူတို့ အဲဒီလိုတွေ မေးနေကတည်းက မျက်စိ၊ မျက်နှာတွေ ပျက်နေပြီ။ ကျွန်တော် အကြောင်း သိတယ်လေ။ ကျွန်တော်က မထင်ရင်၊ မထင်သလို လုပ်တတ်တာကိုး။ ဒါပေ့မယ် အဲဒီညနေက သူတို့ကို ကျွန်တော် အေးအေးဆေးဆေး တုန့်ပြန်လိုက်ပါတယ်။ ဘာမှ တင်းတဲ့ အမူအယာတွေ ဘာတွေ မပြဘဲနဲ့။ ပြုံးပြီးတော့…

“မယုံရင် မမေးပါနဲ့ဗျာ။ ကျွန်တော် သူရဲကောင်းမဟုတ်ပါဘူး။ လူစွမ်းကောင်းလည်း မဟုတ်ပါ” ဆိုပြီးတော့ပဲ ပြောလိုက်ရတယ်။

ဒါတောင် သူတို့က ကျွန်တော်ကို တော်တော်လေး ပတ်ရစ်သွားကြတယ်။ ကောင်မလေးတစ်ယောက်ဆို တော်တော်ကို လွန်တယ်။

“သရဲ ဆိုတာ “ကိုဇူး” ချည်း တွေ့နေတာပါဗျာ။ ဒီကဖြင့်မတွေ့ဖူးလို့ လိုက်ပြူးပြီး ကြည့်နေရတယ်။ ဘာညာပေါ့ဗျာ” ကျန်တဲ့ သူတို့ အဖွဲ့က ယောင်္ကျားလေးတွေက ၀ိုင်းဟားကြတယ်။ ကျွန်တော်ကိုလေ။ ပြီးတော့… တစ်ယောက်က ထပြောတယ်။ သူနာမည်တော့ မရေးတော့ပါဘူး။ ဒီကောင်က ဘာပြောလဲဆိုတာ့…

“ကိုဇူး.. လောင်းရအောင်ဗျာ” တဲ့။

ရုတ်တရပ်ကြီး ထပြောတာနော်။ ကျွန်တော်ကလည်း အိုးတို့ အန်းတန်း ဖြစ်သွားပြီး..
“ဗျာ…ဘာကို ပြောတာလဲခင်ဗျ” ဆိုတော့….။

“သရဲ ရှိမရှိဆိုတာ၊ ကျွန်တော်နဲ့ ခင်ဗျား လောင်းချင်တယ်။ အဲဒါကြောင့်လိုက်လာတာ။ ဘာကြေးလောင်းမလဲ ကိုဇူး” ဘာညာဆိုပြီး ထရစ်ပါယောလား။ ဒီကောင် မူးတာကလည်း တော်တော်ကို မူးနေပြီ။ သူ့ကိုယ် သူတောင် အနိုင်နိုင်။ ကျွန်တော်က သောက်တယ်ဆိုပေ့မယ်…လစ်မစ် ရှိတယ်။ အဲဒီထက်ကျော်အောင် ဘယ်တော့မှ မသောက်ဘူး။ ဒီတော့ အနော်က သိပ်မမူးသေးဘူးဆိုပါတော့ဗျာ။ သူက ဒီလိုလည်း ပြောရော ကျွန်တော် သူငယ်ချင်းတွေက တော်တော်တင်းသွားကြတယ်။

ပြီးတော့ ဒီကောင်က ဒီစကားကို အော်ကြီး၊ ဟစ်ကျယ်ပြောတာ။ အလုပ်သမားတွေရော။ ကျွန်တော် ခြံစောင့်အဖိုး (ပါးပါး) တို့လည်း ကြားသွားတယ်။ အလုပ်သမားတွေက ဒီကောင်ကို ဘုရှိုးရှိုးနေပြီဗျာ။ ပေါက်တူး ထမ်းပြီးလေ။ အဲဒီအချိန် ကျွန်တော် သူငယ်ချင်းတစ်ယောက်က ဒီကောင်ကို ၀င်တားတယ်။

“ဟဲ့ ကောင်။ မင်းတော်တော်လွန်နေပြီနော်။ သူ ငဇူး ခြံ။ သူ့ကို မစော်ကားနဲ့ မင်းလုပ်တာ စော်ကားသလိုဖြစ်နေတယ်”  ဆိုတော့…
ဒီကောင်ကလည်း…ပြန်ပက်တယ်။

“ဟ၊ စော်ကားတာမှ မဟုတ်တာ။ ဒါစော်ကားတာမဟုတ်ဘူးလေ။ သရဲဆိုတာ ရှိမရှီ၊ သူနဲ့ ဆွေးနွေးတာ။ မှတ်ထားဗျ။ ကြောက်တယ်ဆိုတာ လူ့စိတ်က ကြောက်တာ။ ကြောက်စိတ်ရှိတဲ့ ကောင်က နှစ်ခါသေတာပဲ။ သရဲဆိုတာ မရှိဘူး။ အဲဒါကြောင့် မေးတာ။ ဟုတ်တယ်မလား? ကိုဇူး။ ခင်ဗျား သရဲရှိတယ် ဆိုတာ ယုံလား?” ဆိုပြီး ကျွန်တော်ဘက်ကို လှည့်မေးတယ်။

ကျွန်တော်က စိတ်တော်တော်တိုနေပြီ။ ထိမ်းထားတာ။ အဲဒါနဲ့…တစ်ခွန်းပဲ ဖြေလိုက်တယ်။
“အေး” လို့။

“ဒါဆို ခင်ဗျားနဲ့ ကျွန်တော် လောင်းမယ်ဗျာ။ သရဲရှိတယ်ဆိုတဲ့ နေရာမှာ ကျွန်တော် သွားနေမယ်” ဘာညာနဲ့ဗျာ။

 အော်ကြီးဟစ်ကျယ်တွေလုပ်ကုန်တာ။ အဲဒီမှာ သူငယ်ချင်းတွေက အခြေအနေမဟန်မှန်းလည်း သိရော ဒီကောင်ကို ဆွဲထူပြီး သူတို့ ကားပေါ် အတင်းတင်ပြီး ဒိုးသွားကြတယ်။ ကျွန်တော်ကိုလည်း တော်တော်အားနာသွားတယ်။ ကျွန်တော်ကတော့ ဒီအတိုင်းကြည့်နေလိုက်ပါတယ်။ ဘာမှ မလုပ်လိုက်မိဖူး။ တောင်းပန်တဲ့ သူတွေကတော့ တောင်းပန်ပါတယ်။ ဒါပေ့မယ် ကျွန်တော်ကလည်း ရပါတယ်ဗျာ။ ပြသနာမရှိပါဘူး။ ဖြစ်တတ်ပါတယ်။ ဘာညာနဲ့ပဲ ပွဲပြီးလိုက်ရတယ်။ အရက်ဝိုင်းလည်း ပျက်သွားတယ်။

အဲဒီကိစ္စလေး ပြီးသွားပေ့မယ်…ပါးပါးနဲ့ အလုပ်သမားတွေက အနော်ကို ၀ိုင်းပြောကြတယ်။ အပြစ်တင်ကြတယ်။ ကိုယ်ခြံထဲ ကိုယ်ကို စော်ကားသွားတာကို ဒီလိုမျိုး အကောင်းပတိ ပြန်လွတ်လိုက်ရမလားဆိုပြီးလေ။ သူတို့ တော်တော်လေး ပေါက်ကွဲနေကြတယ်။ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်သာ ထထိုးလိုက်ရင် လာလည်တဲ့ တစ်အုပ်လုံး ကွဲပြဲကုန်မယ်။ ကျွန်တော် အလုပ်သမားတွေက ဖြစ်ရင် တီးမယ်ဆိုတာချည်းပဲ ။ ဟီး။ အဲဒါကြောင့် ငြိမ်နေလိုက်၇တာလည်းပါတယ်။ နောက်ပြီးတော့ ရန်မဖြစ်ချင်တော့တာလည်းပါတယ်။

မူးရင် အေးအေးဆေးဆေးနေချင်တယ်ဗျာ။ နားပူ၊ နားညဉ်းမဲ့ ကိစ္စတွေ မလုပ်ချင်ဘူး။ ဘယ်နှယ့်…အမူးပျက်တယ်   ။

ဒီလိုနဲ့ အားလုံးဝိုင်းပြီး အပြစ်တင်တာကို ခံပြီးနောက် ကျွန်တော် အိမ်ပေါ်မှာ သွားတတ်အိပ်နေလိုက်တယ်။ အိပ်ယာကနိုးတော့..

ည ရှစ်နာရီကျော်နေပြီဗျ။ အဲဒီအချိန်မှာ အိမ်အောက်ဘက်က ကြက်သားဟင်းနံလေးက မွှေးပြီး နှာခေါင်းထဲကို ၀င်လာတယ်။

လူကလည်း ဗိုက်ဆာနေတာဗျာ။ မပြောပါနဲ့တော့။ အနော် အိမ်မှာက ဒီလိုဟင်းမျိုးစားရဖို့ ခဲယဉ်းတယ်။ အလင်းလာမှ စားရတာလေ။ ဒီတော့ ကျွန်တော်က သိတယ်။ သူရောက်နေပြီဆိုတာ။ လူက တော်တော်လည်း ပျော်သွားတယ်။ အဲဒါ ချက်ခြင်း အောက်ပြေးဆင်းတော့ သူက ထမင်းဝိုင်ပြင်နေတယ်။ ကျွန်တော်ကို မြင်တော့…မျက်စောင်းထိုးတာပေါ့ဗျာ။ အထာက…သူမှ လာမချက်ကျွေးရင် ငတ်သေမဲ့ အထာပေါ့ ။ သို့ပေမယ် စားရဖို့ အရေးကြီးတယ်မလား။ အနော်လည်း ချက်ခြင်း မျက်နှာတွေဘာတွေ ပြေးသစ်၊ သွားတိုက် လုပ်ပြီး ထမင်းဝိုင်းကို ပြေးဝင်လိုက်တယ်။ သူက ကျွန်တော် အတွတ်တော့ ခူးထားပါတယ်။ သို့ ပေမယ် မစောင့်ဘူးဗျ။ သူအရင် ဦးအောင် အသားတုံးတွေ ယူပြီး တွယ်နေတာ ။ ဘယ်ရမလဲ နောက်ကျရင် အရိုးနဲ့ ညားသွားမှာပေါ့။

အနော်လည်း ၀င်ပြီး တီးတာပေါ့ဗျာ။ ဗိုက်အ၀ကို တီးပလိုက်တာ။ သူကတော့ ဘာမှ မပြောပါဘူး။ ရုပ်တည်ကြီးနဲ့ ထမင်းစားပြီးတော့ ပန်ကန်တွေ၊ ဘာတွေ သိမ်းပြီး သွားဆေးနေတယ်။ ကျွန်တော်ကိုလည်း စကားတစ်ခွန်းမှ မပြောဘူးဗျ။ သူ့အဖေလိုပဲ L ။

ဘုကန့်လန့်။ လူက သူ့ကို ပြုံးပြုံးရီရီနဲ့ စကားပြောမလား မှတ်တယ်။ သူက မျက်နှာကို ရှစ်ခေါက်ချိုး လုပ်ထားတော့…ဘယ်လိုမှ Intro ၀င်မရဘူး။ ကျွန်တော်လည်း စချင်လာတာနဲ့…

“ဟဲ့။ အလင်း…ကော်ဖီတစ်ခွက်လောက် မဖျော်တိုက်ချင်ဘူးလား။ ငါသောက်ချင်လို့” ဆိုပြီး စကားသွားစလိုက်မိတယ်။

အဲဒီမှာဗျာ။ ခရားရေလွှတ်လို သလို လာတော့တာပါပဲ။ စကားလုံးတွေ ပြောပါတယ်။

“နင့်လို အရက်သမားကို ထမင်း၊ ဟင်း ချက်ကျွေးနေတာတောင် တော်တော် လွန်နေပြီ။ သောက်ကောင်၊ ကော်ဖီပါ ဖျော်တိုက်ရအုံးမယ်၊ ဟုတ်လား။ သေချင်လို့။ နင့် ညနေက ဘာလုပ်တာလဲ။ ၀ိုင်းဖွဲ့ပြီး သောက်ပြသနာလုပ်တယ်ဟုတ်လား။ ပါးပါးနဲ့မားမား ကို အရှက်ခွဲနေတာလား? ခြံထဲမှာ အရက်ဝိုင်းလုပ်ရအောင် နင်က ဘာကောင်လဲ။ ပါးပါး တော်တော်တင်းနေတယ်နော် အဲဒီကိစ္စ။ နင့်ကို လာရှာသွားတယ်။ အိပ်နေတယ်ဆိုလို့ ဘာမှ မလုပ်ပဲ ပြန်သွားတာ။ နင်က ကိုယ့်ကို ခြံထဲမှာ အော်ကြီး ဟစ်ကျယ်လုပ်သွားတာတောင် ငြိမ်ခံလိုက်တယ်ဆိုတော့…အဲဒါနဲ့ အမျိုးလား။ နင် ဘာတွေ အပေးအယူလုပ်ထားလဲ?” 

ဘာညာနဲ့ဗျာ။ မပြီးတော့ဘူး။ မဆိုင်တာတွေလည်း လျှောက်ပြော။ သူလည်း တင်းမှာပေါ့ဗျာ။ သူနဲ့ ကျွန်တော်နဲ့ကလည်း အတူနေရင်သာ မတည့်တာ။ တစ်ယောက်ထိရင် တစ်ယောက်က ခံတာမဟုတ်ဘူး။ သူက ဒီလိုတွေပြောနေတော့ ကျွန်တော်လည်း နားအေးပါးအေးနေချင်တာနဲ့ အိမ်ရှေ့ ထွက်လာလိုက်တယ်။ ပြီးတော့ အိမ်ရှေ့ က ပက်လက်ကုလားထိုင်လေးမှာ ထိုင်နေလိုက်တယ်ဗျာ။ သူကတော့ အိမ်ထဲမှာ ဗျစ်တောက်၊ ဗျစ်တောက် လုပ်ရင်း ကျန်ခဲ့တယ်။ ခဏနေတော့ ကော်ဖီခွက်လေး ကိုင်ပြီး ရောက်လာပါတယ်။ အနော်ဘေးမှာ သူဝင်ထိုင်ပြီး ညနေက အကြောင်းကို မေးနေတယ်။ ကျွန်တော်ကလည်း…သူ့ကို ပြောပြလိုက်တယ်ခင်ဗျ။

“ဟဲ့။ နင်ပြောပုံအရဆို သူတို့က နင့်ကို စိန်ခေါ်ချင်လို့…လာတာ လား?” တဲ့ ။ သူက ဒီလိုမေးလာတယ်

“မသိဘူးဟယ်။ စိန်ခေါ်ရအောင်ကလည်း ငါက ဘာမှ မှ မဟုတ်တာ” ဒီလိုပဲ ပြန်ဖြေလိုက်ပါတယ်။ တကယ်လည်း ကျွန်တော်က ဘာမှ မှ မဟုတ်တာ L ။ အဲဒါကို အသားလွတ်ချည်း။

အလင်းနဲ့ အဲဒီမှာ ထိုင်ပြီး ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောနဲ့ တော်တော်လေး အချိန်ကုန်သွားတယ်။ သူက ကျွန်တော်ကို နောက်ကို အရက်မသောက်ဖို့ပဲ ပြောနေတာဗျ။ အနော်ကလည်း “ငါ နေ့ တိုင်း သောက်တာမှ မဟုတ်တာ။ နင်ကလည်း” ဘာညာပေါ့။ အဲဒီလို စကားခြင်း စစ်ထိုးနေရင်းနဲ့ (10) နာရီလောက် ဖြစ်သွားတယ်။

ဆယ်နာရီဆိုတော့ အိပ်ချိန်တန်နေပြီလေ။ အဲဒါနဲ့ အိပ်မယ်ဆိုပြီး ထိုင်ခုံက အထ… ခြံတံခါးဝ ဘက်ကနေ… လက်နိပ်ဓါတ်မီးတွေ ထိုးပြီး… “ကိုဇူး” ရေ၊ “ကိုဇူး” ရေ ဆိုပြီး အသံတွေနဲ့ လူစုလူဝေး တစ်ခုရောက်လာတယ်ဗျာ။ ကျွန်တော်ကလည်း….ဟ..ဘာဖြစ်တာလဲဆိုပြီး ခြံဝကို လှမ်းကြည့်တော့…အဲဒီလူတွေက ကျွန်တော်ကို အသားကုန်ခေါ်နေတာ။

ခြံစောင့်အဖိုးကြီးကလည်း သူ့အိမ်ထဲက ထွက်လာပြီးတော့ တံခါးဝက လူတွေကို သွားမေးတယ်။ ပြီးတော့ ကျွန်တော်ကို လှမ်းအော်ပြောတယ်။

“ဇူးရေ။ ညနေကကောင်တွေ၊ အရေးကြီးလို့ ပါတဲ့။ တံခါး ဖွင့်ပေးလိုက်ရမလား” တဲ့။

ကျွန်တော်ကလည်း ဒီကောင်တွေက ပြန်သွားပြိးရင် ဒီလို တစ်ခါမှ ပြန်လာဖူးတာမဟုတ်ဘူးလေ။ အဲဒီတော့ အကြောင်းထူးတယ် ဆိုပြီး ခြံတံခါးကို ဖွင့်ခိုင်းလိုက်တယ်။ သူတို့တွေကလည်း ကျွန်တော်ဆီကို တန်းလာကြတာပါပဲ။ ညနေက လူတွေလည်း ပါလာတယ်။ ကျွန်တော်ကို မူးပြီး အော်တဲ့ ကောင်လည်း ပါလာတယ်။ လူကြီးတွေလည်း ပါလာကြတယ်။ တော်တော်များပါတယ် လူက။ ဆိုဒ်စုံပဲ။

လူကြီးတွေယော၊ အဒေါ်ကြီးတွေယော။ ကျွန်တော် အိမ်က ခဏအတွင်း ရှပ်ယှက်ခက်သွားတယ်။ သူတို့ကို နေရာထိုင်ခင်းပေးရတာကိုး။ အားလုံးကလည်း အမောတကောနဲ့ လာတာဆိုတော့ ရေတွေဘာတွေ ခပ်တိုက်ပေါ့ဗျာ။

ပြီးတော့ ကျွန်တော်က သူတို့ကို မေးတယ်။

“ဘာဖြစ်လာကြတာလဲဗျ။ ညကြီး မင်းကြီး” ဆိုတော့ သူတို့ တွေက တစ်ယောက်နဲ့ တစ်ယောက် ပြန်ကြည့်ကြတယ်။ ပြီးမှ…အဒေါ်ကြီးတစ်ယောက်က စပြောတယ်…။

“ကိုဇူးကို လာတောင်းပန်တာပါ” တဲ့။

“ဟိုက်!” သေယော။ ဘာတောင်းပန်တာလဲဗျ။ ဟုတ်တယ်လေ။ ညနေက ကိစ္စကလည်း ဒီလောက် ရေးကြီးခွင်ကျယ် တောင်းပန်စရာမရှိပါဘူး။ အခုဟာက သေမလိုပဲ။ အမောတကောနဲ့ ပြေးလာကြတာ။ ကျွန်တော်လည်း နားမလည်တာနဲ့…

“အန်တီ ဘာတောင်းပန်တာလဲခင်ဗျ။ ကျွန်တော်ကို တောင်းပန်စရာဘာမှမရှီပါဘူး။ ညနေက ကိစ္စက ကျွန်တော် ခွင့်လွှတ်ပါတယ်။ လူငယ်ချင်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေကလေ” ဆိုပြီး ပြောလိုက်တယ်။

အဲဒီမှာ အဒေါ်ကြီးက “အင်း” ဆိုပြီး တစ်ခုခုကို ပြောမို့ လုပ်ပြီးမှ ချီတုံ၊ ချတုံနဲ့ စဉ်းစားနေပုံပေါ်တယ်။ ခေါင်းကြီး စိုက်လို့ ။ အဒေါ်ကြီးဖစ်နေပုံကို စိတ်မရှည်တော့တဲ့ ဘေးက ဦးကြီးတစ်ယောက်က ၀င်ပြောတယ်။

“တောင်းပန်တာက ဒီလိုကွာ။ မင်းခြံထဲမှာ ဦးသမီး။ ညနေက အရက်မူးလာတဲ့ အမိုက်မပေါ့။ အခု ဆေးရုံတင်ထားရတယ်။ဗိုက်တွေ အရမ်းအောင့်နေလို့တဲ့။ အဲဒါ ဘာဆေးသောက်သောက် မပျောက်ဖူးကွယ်။ မျက်နှာမှာလည်း အဖုအပိန့်တွေ ထွက်လာနေတယ်။ ဆရာမတွေလည်း… ခေါင်းတောက်နေပြီ။ ဘယ်လိုမှ ကုလို့ အဆင်မပြေဘူး။ အဲဒါ ဦးသူငယ်ချင်းတစ်ယောက်က ပယောဂကုတယ်။ သူက ဆေးရုံကို လိုက်လာတော့… သမီးကို ကြည့်ပြီး…ဒါ ရိုးရိုး မဟုတ်ဘူးဆိုပြီး သမီးကိုမေးတယ်။ သမီး လမ်းမှာ အမှားတစ်ခုခုများ လုပ်ခဲ့သေးသလား။ မလုပ်သင့်တဲ့ နေ၇ာမှာပေါ့။ အဲဒီတော့ သမီးက ပြောတယ်ကွာ။မင့်ခြံထဲက ရေတံခွန်နားမှာ သေးပေါက်ခဲ့တယ်။ နတ်စင်အောက်လို့ ပြောတယ်ဟ။ သူရေဆော့ပြီး မနေနိုင်တော့တာနဲ့ ပေါက်ခဲ့ တာလို့ ပြောတယ်။ အဲဒါ ဦးသူငယ်ချင်းက မင့်ကို သွားတောင်းပန်လိုက်ပါ ဆိုလို့… ဦးလေးတို့လာတာ။ ဦးလေး သမီးအသက်ကို ကယ်ပါကွာ။ နော့် …မောင်ရင်ဇူး” ဆိုပြီးတော့ မနားတမ်းကို ပြောချသွားတာဗျာ။ မျက်နှာငယ်လေးနဲ့လေ။

ကျွန်တော်လည်း တော်တော် အံ့သြသွားတယ်။ ဒီလောက် စောင့်ကြည့်နေတာတောင် ဘယ်အချိန် သေးဝင် ပေါက်လိုက်လဲ မသိဘူး။ တော်တော်ဆိုးတဲ့ ဟာတွေ။ ပြီးတော့ ကျွန်တော်က အဲဒီနတ်စင်နဲ့ ကင်းအောင် နေတာ။ အဖွားမှာဖူးလို့ပါ။ ပြသနာတတ်တတ်တယ်ဆိုပြီးလေ။ ကျွန်တော် ငယ်ငယ်ကတည်းက ဒီလိုမျိုး တစ်ခါမှလည်း မဖြစ်ဖူးတော့…သူတို့ ပြောတာများမှားနေသလားပေါ့နော်။ အဲဒါနဲ့ ကျွန်တော်လည်း..

“ဦး မဖစ်နိုင်ဘူးထင်တယ်နော်။ သူသေးပေါက်တာလည်း ကျွန်တော်တို့ မတွေ့ပါဘူး။ သေသေ ချာချာ စောင့်ပြီး ခေါ်ခဲ့ တာပဲ။ ပြီးတော့ ဒီနတ်စင်က ဒီလိုမျိုးမဟုတ်ပါဘူး။ အဖွားလက်ထက် ကတည်းက ရှိလို့ ထားထားတာပါ။ ကျွန်တော် ခြံထဲမှာ ဒီလိုမျိုး မရှိပါဘူးဗျာ” ဆိုပြီး ပြောတော့။

ညနေက ကျွန်တော်ကို အော်တဲ့ ကောင်က ဒေါသမျက်လုံးတွေနဲ့ ကျွန်တော်ကို ကြည့်ပြီး…

“ဟေ့ေ၇ာင်။ မိန်းခလေးသေးပေါက်တဲ့ အလုပ်က ယောင်္ကျားလေး မြင်စရာလားကွ။ မင်းမစဉ်းစားမိဘူးလား။ ငါ့သူငယ်ချင်း တစ်ခုခုဖြစ်လို့ကတော့ မင်းအသေပဲနော်” တဲ့ ။ ဒီကောင်က ၀ုန်း၊ ဒိုင်း ထလုပ်လိုက်သေးတယ်။ ဒီစကားကို အနော် အိမ် အောက်ခြေမှာ ခင်းထားတဲ့ ကွပ်ပျစ်ကို လက်နဲ့ အားကုန် ရိုက်ပြီး ပြောတာ။ ဒီကောင် တော်တော်ပေါက်ကွဲနေတယ် ထင်တယ်။

သူကို ၀ိုင်းထိမ်းတဲ့ လူတွေက ထိမ်းပေါ့ဗျာ။ ကျွန်တော်ကတော့ သူကို အာရုံထဲမရှိပါဘူး။ ဖစ်နိုင်၏။ မဖြစ်နိုင်၏။ ဆိုတာပဲ စဉ်းစားနေတာ။ ကောင်မလေးတွေကလည်း ၀င်ပြောတယ်။ ဟုတ်ပါတယ်တဲ့။ သူတို့ သူငယ်ချင်း အပေါ့သွားတော့ သူတို့ စောင့်ပေးလိုက်တာပါ။ ကိုဇူးက ရှေ့ ကနေ ယောင်္ကျားလေးတွေနဲ့ လစ်သွားတုန်းမှာ ဖြစ်ခဲ့တာပါတဲ့။ ဒီလိုဆိုတော့ အနော်လည်း ဘာမှ မတတ်နိုင်ဝူးလေ။ ကျွန်တော် ပြောထားသားပဲ။ ဒီနေရာမှ သတိထားပါ။ ဘာမှ မမှားပါစေနဲ့ဆိုတာကို။  အဲဒါနဲ့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိလို့ စဉ်းစားနေတုန်း…ခြံစောင့်အဖိုးကြီး (ပါးပါးလို့ ကျွန်တော်ခေါ်သည်။ ငယ်စဉ်ကတည်းက ထိမ်းကျောင်းခဲ့သောသူဖြစ်၏။ အဖေလိုပါပဲ) သူက အဲဒီ လူတွေကို…

“ခင်ဗျားတို့…အုန်းပွဲ၊ ငှက်ပျော်ပွဲတွေပါလား။ ကန်တော့ပွဲထိုးဖို့လေ။ မပါရင် သွားဝယ်။ ဖယောင်းတိုင်နဲ့ အမွှေးတိုင်ပါဝယ်ခဲ့။ ည (၁၂) မကျော်စေနဲ့” တဲ့ ။ လှမ်းပြောတယ်။ ကျွန်တော်ကလည်း ဟ..ပါးပါး ဘာထကြောင်တာလဲပေါ့ဆိုတဲ့ မျက်လုံးနဲ့ သူကို လှမ်းကြည့်မိတယ်။

သူက ကျွန်တော်ကို အပြင်ကို လာခဲ့လို့ ခေါ်ပြီး အိမ်အပြင်ဘက်ကို ထွက်သွားတယ်။ ကျွန်တော်လည်း လိုက်သွားတာပေါ့။ အလင်းကတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ကျန်ခဲ့ တယ်။

အပြင်ရောက်တော့…ကျွန်တော်က ပါးပါးကို
“အပါ့ဟာက သေချာရဲ့ လားဗျာ။ မဟုတ်ရင် ကိုယ်တွေပါ အမှုပတ်ကုန်အုံးမယ်။ ကောင်မလေးက ဘာဖစ်လို့ ဖစ်မှန်း မသိတဲ့ဟာကို” ဆိုတော့။ ပါးပါးက ဒီလိုပြောတယ်။

“အဲဒါကြောင့် မင်းသူငယ်ချင်းတွေကို အဲဒီဘက် မခေါ်သွားပါနဲ့လို့ ငါအထပ်ထပ်မှာနေတာပေါ့ကွ။ အဲဒီနေရာ နတ်ကြီးတယ်။ အမှားမခံဘူး။ မင်းလည်း တော်တော်မိုက်တယ်။ မင်းအဖွားမသေခင်ပြောသွားတဲ့ စကားကို ဘယ်ကြားထဲ ညှပ်ထားတုန်း။ အခု ပြသနာတွေက တတ်ကုန်ပြီ။ အဲဒါ သွားတောင်းပန်ရမယ်။ ၁၂ ကျော်တဲ့ အထိ သွားမတောင်းပန်ရင် ကောင်မလေး အသက်အန္တရာယ်ရှိတယ်ကွ။ သိလား” 

ဆိုပြီး အနော်ကို လှိမ့်ကြိမ်းတာ။ ကျွန်တော်လည်း အဲဒီတော့မှ သဘောပေါက်တော့တယ်။ အဖွားပြောထားတဲ့ အရာတွေက လွဲခဲတယ်လေ။ ကျွန်တော် အတွတ်ပါ။ သူ့စကား နားမထောင်မိလို့ ဒုက္ခ ခဏခဏတွေ့တာ။ နားထောင်မိလို့ တစ်ခါမှ ပြသနာမတတ်ဖူးဘူး ။ အခုလည်း အနော်အမှားပါပဲ အဖွားရယ်။ ဟင့် ။

ဒီလိုနဲ့ ကန်တော့ပွဲအတွတ် သွားဝယ်တဲ့ သူတွေ ပြန်လာကြတယ်။ ပစ္စည်းပစ္စယာ အစုံအလင်နဲ့ ပေါ့ဗျာ။ ညကြီး ၁၀ နာရီလောက် အဲဒါတွေ ၀ယ်ဖို့ မလွယ်တော့ပါဘူး။ ဒါပေ့မယ် သူတို့လည်း ဆိုင်တွေကို တံခါးခေါက်ပြီး ၀ယ်ခဲ့တယ် ထင်ပ ။ ပြန်လာတော့.. ၁၁ လောက်ရှိနေပြီ။ အလင်းကလည်း မွေးစားအဖေနဲ့ အမေကို ဖုန်းဆက်ဖို့ချည်း လုပ်နေတယ်။ အနော်က မနည်းတားနေရတယ်။ သူတို့လာရင် ပိုဆိုးကုန်မယ်   ။ အလင်းတို့ အဖေကိုတော့ အနော်က အသေကြောက်တယ်။ အဘိုးကြီးက လွယ်ဝူး။ အနော်ထက်ဆိုးတယ်။ အလင်းကလည်း နင့်တစ်ယောက်တည်း ဒီကိစ္စကို ရှင်းနိုင်ပါ့မလားတဲ့။ အနော်က ရပါတယ်။ ဖြစ်အောင် ရှင်းပါ့မယ်ဆိုပြီး ဂတိပေးလိုက်ရတယ်။ အဲဒီတော့မှ သူက ဖုန်းခွက်ကို ချတော်မူတယ်။

ဒီလိုနဲ့ ကန်တော်ပွဲ အတွတ်အားလုံးစုံတော့… ကျွန်တော်တို့တွေ အကုန် ခြံလယ်က ရေတံခွန်လေးကို ချီတတ်ကြတယ်။ ဟိုရောက်တော့.. ပါးပါးက ကန်တော့ပွဲကို နတ်စင်ရှေ့ ချ။ ဖယောင်းတိုင်ထွန်း၊ အမွှေးတိုင်ထွန်း လုပ်တယ်။ ဖယောင်းတိုင်ကို နတ်စင်မှာ ထွန်းလိုက်တော့… နတ်ရုပ်တွေရဲ့ မျက်နှာကို အလင်းဟပ်သွားတယ်ဗျ။ အနော်လည်း အဲဒီတော့မှ သေသေချောချာ ကြည့်မိတာပါ။

ဘယ်နှယ့်! နတ်ကလည်း မိန်းမနတ်တွေ။ အမေရေယဉ်လည်း မဟုတ်။ အမေဂျမ်းလည်း မဟုတ်။ ၀တ်ပုံစားပုံကလည်း ရှမ်းအကျီလက်ရှည်နဲ့ ရှမ်းထမိန်ကို ခြေမျက်စိ အထက်ဝတ်ထားတယ်။ ကျောမှာလည်း ဆောင်ဓါးလေးတွေ လွယ်ထားတယ်။ ဘာနတ်လဲတော့ မသိဘူး။ နတ်ရုပ်ကတော့ နှစ်ခု။ နှစ်ခုလုံး မိန်းမ နတ်တွေ။ ပြီးတော့ သူတို့ ဟန်ပန်ကလည်း တောထဲမှာ မိန်းမနှစ်ယောက် အလျင်စလို လမ်းလျှောက်နေတဲ့ ဟန်တွေ။ ထူးတော့ ထူးဆန်းတယ်။ အရင်ကလည်း ဒီနေရာကို လာဖူးပါတယ်။ နတ်စင်အောက် ၀င်ထိုင်နေတာပဲ ရှိတယ်။ နတ်ရုပ်တွေ စေ့စေ့မကြည့်ဖူးပါ ;D ။ အခုမှ ကြည့်ဖူးတာရယ်။
ဒီလိုနဲ့ အနော်က နတ်နှစ်ပါးကို အကဲခတ်နေတုန်း…အဖိုးက လှမ်းခေါ်တယ်။

“ဇူး … လာ။ နင်အရင် တောင်းပန်ပေးလိုက်။ နင်က ခြံရှင်” တဲ့။

“တိန်” ဘယ်နှယ့်။ ဖြစ်တဲသူတောင်းပန်ရမှာ မဟုတ်ဘူးလား။ အပါ့။ ဆိုတော့ အဖိုးကြီးက စိတ်မရှည်တော့ဘူးထင်ပါတယ်။

“လာတောင်းပန်ဆို တောင်းပန်ပေါ့။ ဘာလေရှည်နေတာလဲ။ ငါလုပ်လိုက်ရ” ဆိုပြီး ထဟောက်တယ်။ ဟီး ။
အဲဒီမှာ ကျွန်တော်လည်း ကမန်းကတန်း ပြေးဝင်ပြီးတော့…တောင်းပန်တတ်သလို တောင်းပန်လိုက်ရတယ်။ မျက်စိကို စုံမှိတ်ပြီးလက်အုပ်လေး ချီပြီးတော့ ပေါ့ဗျာ ။ ဒီလိုလေးပြောလိုက်တယ်။

“ညနေက ကောင်းမလေး တစ်ယောက် ဒီအောက်မှာ သေးပေါက်။ ထို့ကြောင့် လာတောင်းပန်။ ခွင့်လွှတ်ပါရန်” အဟဲ ။ ကာရန်နဲ့ နဘေနဲ့ဗျ။ ငဇူး ဆိုတာ ဒီလို။ ခွီး ;D ။ ဟုတ်တယ်လေ။ ကိုယ်က ဒီလိုပဲ ပြောတတ်တယ်။ မကျေနပ်လည်း မတတ်နိုင်ပါ။ ဖြစ်တာကိုယ်မှ မဟုတ်တာ ဟီး ။ သူ့ဘာသာ သူကမြင်းပြီး ဖြစ်တဲ့ ကိစ္စကို ကိုယ်က ကြားက နတ်တွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်   ။

ကျွန်တော်တောင်းပန်ပြီးတော့ သမီးရှင် ဦးလေးကြီးက ထပ်တောင်းပန်တယ်။ သူကတော့ ဘာတွေ ဆုတောင်းနေမှန်း မသိပါဘူးဗျာ။ လက်အုပ်ကြီး ချီပြီး အကြာကြီးရယ်။ သူပြီးတော့ သူ့မိန်းမ ထပ်ပီး တောင်းပန်တယ်။ သူ့မိန်းကလည်း အကြားကြီးပဲ။ နတ်လည်း တောင်းပန်ခံရတာများလို့ အိပ်ရေးတွေ ဘာတွေ ပျက်သွားတယ်။ နောက်နေ့ နေ နတ်ရုပ်ကို သွားကြည့်တော့ မျက်တွင်းတွေ ချောင်လို့ ဟီး (နောက်တာပါ။အဲဒါက) ။

အဲဒီလိုတောင်းပန်မှုတွေ ပြီးတော့…အနော်တို့လည်း ကန်တော့ပွဲတွေနဲ့ ဖယောင်းတိုင်၊ အမွှေးတိုင် ထွန်းထားတာတွေကို ဒီအတိုင်းထားပြီး ပြန်ခဲ့ကြတယ်ခင်ဗျ။ အိမ်ရောက်တော့…ဦးလေးကြီးက ပြောတယ်။ သူ့သမီးကို ဖုန်းဆက်လို့ရမလားတဲ့။

ကျွန်တော်ကလည်း ရပါတယ် ဆက်ပေါ့ လို့ပြောလိုက်တယ်။ အဲဒီမှာ သူက ဖုန်းဆက်တယ်။ ဖုန်းလည်း ဆက်ပြီးရော။

အနော်ဆီကို ပြေးလာပြီး ၀မ်းသာအားရနဲ့ ဖက်တယ်ခင်ဗျ။ ပြီးတော့…
“မောင်ဇူးရယ်။ ကျေးဇူးတင်လိုက်တာ။ ဦးသမီး သက်သာသွားပြီးတဲ့။ မောင်ရင့်ကျေးဇူးကြောင့် ပါကွယ်” ဘာညာနဲ့။ ကျန်တဲ့သူတွေကလည်း…

 “ဟေ။ ဟုတ်လား”

“တကယ်ပျောက်သွားတာလား”

“ထူးဆန်းတယ်ကွနော်”
ဒီလိုအသံမျိုးတွေ ထွက်လာတယ်။
တစ်ချို့ ကတော့ ဒီလိုပြောတယ်။

“ဒါမျိုးက ဖြစ်တတ်ပါတယ်။ ကောင်မလေးက မလုပ်သင့်တာ သွားလုပ်တာကိုး။ တော်သေးတာပေါ့ အသိမြန်လို့” ဘာညာပေါ့ဗျာ။

အဲဒီဦးလေးကြီးက အနော်ကို တော်တော်လေး ကျေးဇူးတင်သွားတာပါ။ သူမိန်းမနဲ့ ပါလာတဲ့ သူအားလုံးပေါ့နော်။ ကျွန်တော်ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပြီး ည (၁၂) ခွဲလောက်မှာ ပြန်သွားကြတယ်။ တစ်ယောက်ကတော့….ကျေးဇူး မတင်တဲ့အပြင် ဒီလိုလေးတောင် ကြိမ်းသွားပါသေးတယ်။

“မင်း ကံကောင်းသွားတယ်။ ငါ့ကောင်မလေး သက်သာသွားတယ်ဆိုလို့။ မဟုတ်ရင် မင်း ခေါင်းပြတ်ပြီကွ၊ သိလား?။ တစ်နေ့တော့ တွေ့ကြသေးတာပေါ့ကွာ” ဆိုပြီးလေ။ ဒီစကားကို လူအုပ်ကြီး ပြန်တော့…ကျွန်တော်က ခြံဝကို လိုက်ပို့တုန်းမှာ ဒီကောင်က နားနားကပ်ပြီး ပြောသွားတာ။ ပါးပါးက ဒီကောင်ကို ပဲ ကြည့်နေတယ်။ အလစ်မပေးဘူး ။ အဲဒီလို ပြောသွားတဲ့ ကောင်က ဘယ်သူထင်လို့တုန်း?

ညနေက အော်ကြီးဟစ်ကျယ် စိန်ခေါ်သွားတဲ့ကောင်။
လူအုပ်ကြီး ရောက်လာတုန်းမှာ “ငါသူငယ်ချင်း မသက်သာ၇င် မင်းသေပြီ” လို့ ကြိမ်းတဲ့ ကောင်ပေါ့ဗျာ။

ဇူးဇူးအောင်FB

0 comments:

Post a Comment