အတိတ်ကာလကို ဘယ်တုန်းကမှ မေ့မထားကြပါဘူး”ဟု ကုလသမဂ္ဂ
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ်တစ်ဦးအဖြစ်
နောက်ဆုံးအကြိမ် တာဝန်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့်
မစ္စတာအိုဟေးကင်တားနားက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ပြန်လည်
ထွက်ခွာလာခဲ့ အပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုကဲ့သို့ ပြော ဆိုခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင်
အမှန်တရားကို ဖော်ထုတ်မည့် ကော်မရှင်တစ်ရပ်သည် မြန်မာနိုင်ငံတွင်
စစ်အာဏာရှင် လက်ထက်ကကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား
စုံစမ်းစစ်ဆေးမည့် အလားအလာမျိုး ရှိနိုင်ကြောင်း ကုလသမဂ္ဂ
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး
ကင်တားနားက ပြောခဲ့သည်။
မစ္စတာအိုဟေးကင်တားနား၏
ရာထူးသက်တမ်းမှာ မေလတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ၊ သူသည် သူ၏
မြန်မာခရီးစဉ်နှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီထံသို့ မတ် လ ၁၇ ရက်တွင် တင်သွင်းမည်ဖြစ်သည်။
မဇ္ဈိမစီးပွားရေး အပတ်စဉ်မဂ္ဂဇင်း၏ Hans Hulst က ထိုင်းနိုင်ငံ၏မြို့တော်
ဘန်ကောက်တွင် မစ္စတာအို ဟေးကင်တားနားနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ
မစ္စတာအိုဟေးကင်တားနားက အထူးကိုယ်စား လှယ်အဖြစ် ဆောင်ရွက်ခဲ့ရသည့် သူ၏
ခြောက်နှစ်ကြာ အတွေ့အကြုံများကို ပြောပြခဲ့ပြီး မြန်မာနိုင်ငံတွင်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နေစဉ်အတွင်း
ရင်ဆိုင်နေရသည့် စိန် ခေါ်မှုများအကြောင်းကို ပြောပြခဲ့သည်။ ကင်တားနားနှင့်
တွေ့ဆုံမေးမြန်းမှုတွင် မြန်မာနိုင်ငံအတွက် ခြောက်နှစ်ကြာ
တာဝန်ထမ်းဆောင်ခဲ့စဉ် သူ၏အတွေ့အကြုံများ၊ မြန်မာနိုင်ငံ၏ လက်ရှိ
လူ့အခွင့်အရေးအခြေအနေ၊ ပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်ဖွယ်အချက်များ၊
မြန်မာအစိုးရအဖွဲ့ဝင်များနှင့်ပတ်သက်၍ သူ၏အမြင်များ ပါဝင်ပါသည်။
ခင်ဗျားအနေနဲ့ ၂၀၀၈ ခုနှစ်မှာ ဒီတာဝန်ကို စတင်ယူခဲ့တဲ့အချိန်တုန်းက အဓိက လူ့အခွင့်အရေး ကိစ္စရပ်တွေက ဘာတွေများပါလဲ။
ကျွန်တော်
ပထမဆုံး အာရုံစိုက်ပြီး ဆောင်ရွက်ခဲ့တာက နိုင်ငံရေးအကျဉ်းသားတွေကိစ္စပါ။
သူတို့ကို စကားပြောဖို့အတွက် အကျဉ်းထောင်တွေဆီကို ကျွန်တော် စပြီး
သွားခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဒီလူတွေ ပါဝင်ခွင့်ရဖို့
ထိုက်တန်တယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ
အဲဒီအချိန်ကတည်းက အလားအလာရှိခဲ့ပါတယ်။ ဒါပေမဲ့ လူနည်းစု တွေရဲ့ဒေသတွေမှာ
ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လည်း တကယ်ကို
စိုးရိမ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တိုက်ပွဲတွေဟာ ဒေသအနည်းငယ်မှာ
ဖြစ်ပွားနေတုန်းပါ။ ရလဒ်တွေက တော့ ရွာသူရွာသားတွေအပေါ် လူ့အခွင့်အရေး
အကြီးအကျယ် ချိုးဖောက်တာတွေပဲ ဖြစ်ပါတယ်။ နှိပ် စက်ညှဉ်းပန်းတာတွေ၊
သတ်ဖြတ်တာတွေ၊ နေရပ်တွေကနေ မောင်းထုတ်တာတွေ စတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေပဲ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်၊ မေလမှာ ကျွန်တော်
လုပ်ငန်းစတင်ခဲ့ပါတယ်။ သြဂုတ်လထဲမှာ ကျွန်တော် မြန်မာနိုင်ငံထဲ
မှာရှိနေခဲ့ပြီးတော့ ပထမဆုံးတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီကာလတုန်း က တစ်ဖက်မှာ လေးနက်ပြင်းထန်တဲ့
လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်တစ် ဦးအဖြစ်
ပြောဆိုထောက်ပြရမယ့် ၀တ္တရားတွေကို မထိခိုက်စေဘဲ၊ တစ်ဖက်မှာ
ချိတ်ဆက်ညှိနှိုင်းဆောင် ရွက်လို့ရနိုင်မယ့် အနေအထား နည်းနည်းလေးကို
ထိန်းသိမ်းချင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဟန်ချက် ညီဖို့
ကြိုးစားခဲ့ရပါတယ်။ တချို့အတွက် ကျွန်တော်က ပျော့ပြောင်းလွန်းခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ပထမ ဆုံးခရီးစဉ်အပြီးမှာ မြန်မာနိုင်ငံကို ကျွန်တော်
ကိုးကြိမ် သွားရောက်ခဲ့ပါတယ်။
ခင်ဗျားရဲ့ ပထမဆုံး အားထုတ်မှုတွေကြောင့် ရလဒ်တစ်စုံတစ်ရာ ထွက်ခဲ့ပါသလား။
အဲဒီတုန်းက၊
အင်းစိန်ထောင်ထဲက ဦးဝင်းတင်ဆီကို ကျွန်တော် သွားလည်ခဲ့ပါတယ်။ သူဟာ
မြန်မာနိုင် ငံမှာ ဒုတိယအရေးအကြီးဆုံး နိုင်ငံရေးအကျဉ်းသားပါ။ သူဟာ ၁၉
နှစ်လောက် အကျဉ်းထောင်ထဲမှာနေ ခဲ့ရတာပါ။ ကျွန်တော်ထွက်ခွာသွားပြီး
သုံးလေးရက်လောက်မှာ သူ့ကို ထောင်ကနေ လွှတ်ပေးလိုက်ကြပါတယ်။
အဲဒီတုန်းက မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး
နိုင်ငံရေးကစားနေတာ ပါ။ သူတို့ဟာ အကျဉ်းသားတွေကို မဟာဗျူဟာကျကျ
လွှတ်ပေးခဲ့တာပါ။ ဥပမာပြရရင် မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး အရေးကြီးလှတဲ့
ဥရောပသမဂ္ဂအစည်းအဝေးတစ်ခု မတိုင်မီလေးမှာ အကျဉ်း သားတစ်သုတ်ကို
လွှတ်ပေးခဲ့ပါတယ်။ သူတို့တွေဟာ ခင်ဗျားကိုလွှမ်းမိုးဖို့ရော
ကြိုးစားခဲ့ပါသလား။
ခင်ဗျားဆိုလိုတာကို
ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အကျဉ်းသားတွေ လွှတ်ပေးနေသရွေ့ ကျွန်
တော်ဝမ်းသာပါတယ်။ ခင်ဗျားရဲ့ မဟာဗျူဟာကို သူတို့ရဲ့ မဟာဗျူဟာက
ကျူးကျော်ထိပါးလာမှာကို လည်း ခွင့်မပြုသင့်ပါဘူး။ ၂၀၁၀
ရွေးကောက်ပွဲကာလမတိုင်မီ ၂၀၀၉ ခုနှစ်မှာ အလွန်အရေးကြီးတဲ့
အစီရင်ခံစာတစ်စောင်ကို ကျွန်တော် ထုတ်ပြန်ခဲ့ပါတယ်။ ဒီစစ်အစိုးရဟာ
သူတို့အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း ၄၀ ကာလအတွင်းမှာ ရာဇ၀တ်မှု အများအပြားကို
ကျူးလွန်ခဲ့ကြောင်း ကျွန်တော် ရေးသားခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့
စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့ဖို့ လိုအပ်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ
ပြင်းထန်တဲ့ စကားလုံးတွေကို သုံးခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ
ကျွန်တော့်အနေနဲ့ အပြင်းအထန် တွန်းအား ပေးချင်ခဲ့တာပါ။
(စစ်အစိုးရခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး) သန်းရွှေအပါအ၀င်
ရာထူးကနေ ထွက်သွားခဲ့တဲ့ ခေါင်းဆောင်တွေအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကနေ
လွတ်မြောက်သွားမှာမဟုတ် ဘူးလို့လည်း ကျွန်တော်အချက်ပြချင်ခဲ့တာပါ။
အခြေခံဥပဒေဟာ အဲဒီရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို
အကာအကွယ်ပေးနေပါတယ်။ အဲဒါဟာ ဥပဒေရေးရာဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုမဟုတ်ပါဘူး။ အချက်အလက်တွေအရ
ခင်ဗျားပြောတာမှန်ပါတယ်။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ
ဝတ်မှုတွေကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်မယ့် အနေအထားမျိုး
လက်ရှိကာလမှာ လုံးဝ မရှိ သေးပါဘူး။ ဒါပေမဲ့ အမှန်တရားအတွက်
စုံစမ်းစစ်ဆေးမယ့် ကော်မရှင်တွေက အတိတ်ကာလနဲ့ပတ်သက်ပြီး
ကိုင်တွယ်ဆောင်ရွက်မယ့် အချိန်အခါတစ်ရပ် ရောက်ရှိကောင်း
ရောက်ရှိလာနိုင်ပါတယ်။ အတိတ်ကာလကို ဘယ်တုန်းကမှ မေ့မထားကြပါဘူး။ ၈၈
လှုပ်ရှားမှုအတွက် ကြီးကျယ်တဲ့ သတိရ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို
ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ တွေ့ခဲ့ပြီးပါပြီ။ တစ်နေ့မှာ
အကျဉ်းချုပ် ခြုံငုံသုံးသပ်ထားတဲ့ စာတမ်းအဖြစ် ကျွန်တော့်ရဲ့ အစီရင်ခံစာကို
အသုံးပြုကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။
ခင်ဗျား အထူးတာဝန်တွေ ထမ်းဆောင်နေတုန်းမှာ ခင်ဗျားသွားချင်တဲ့ နေရာတွေကို သွားနိုင်ခဲ့တယ်လို့ ခံစားရပါသလား။
အစပိုင်းမှာတော့
မလွယ်ကူခဲ့ပါဘူး။ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ကျွန်တော့်လုပ်ငန်းတွေ
စခဲ့တာ မို့၊ အကန့်အသတ်တွေ အများကြီးရှိခဲ့ပါတယ်။
ကျွန်တော်မသွားနိုင်ခဲ့တဲ့ နေရာဒေသတွေ ရှိပါတယ်။ အစီအစဉ်တစ်ရပ်ကို ကြိုတင်
ပြင်ဆင်ရတာကလည်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ရဲ့အစီအစဉ်ကို
သူတို့ရဲ့အစည်းအဝေးတွေနဲ့ လွှမ်းမိုးပစ်ဖို့လည်း သူတို့အမြဲတမ်း
ကြိုးစားခဲ့ကြပါတယ်။ ဥပမာပေးရမယ်ဆိုရင် တစ်ရက်တည်းမှာ အစည်းအဝေး ၁၀ ခုလောက်
ကျွန်တော်တက်ရေးကို သူတို့ အလိုရှိခဲ့ကြပါတယ်။ အဲ ဒါဟာ
သူတို့ရဲ့မဟာဗျူဟာပါ။ အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ ကောင်းကောင်း
သိကြပါတယ်။ ပထမအခေါက်တုန်းက ကျွန်တော့်ကို လူနှစ်ယောက်လောက်က
စောင့်ကြပ်နေပြီးတော့ ကျွန်တော့်ကို လည်း ငါးရက်ထက်ပိုပြီး
အချိန်မပေးခဲ့ပါဘူး။ ဒီလောက်ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ လူ့အခွင့်အရေး အခြေ
အနေတစ်ခုလုံးကို ငါးရက်အတွင်း ခြုံငုံမိဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။
ဦးသိန်းစိန်ရဲ့အစိုးရနဲ့ ဆက်ဆံရေးကရော ခြားနားမှုတွေ ရှိပါသလား။
အကန့်အသတ်တွေ
နည်းသွားပါတယ်။ ကျွန်တော်သွားချင်တဲ့နေရာတွေကိုလည်း သွားနိုင်ပါတယ်။ ဥပ
မာအားဖြင့် ဒီတာဝန်တွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်က လိုင်ဇာကို
သွားနိုင်ခဲ့ပါတယ်။ လိုင်ဇာဟာ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ ဒေသမျိုး
မဟုတ်ပါဘူး။ ကေအိုင်အိုကလည်း ကျွန်တော်နဲ့တွေ့ရလို့ ၀မ်းသာခဲ့ကြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့တဲ့ အဲဒီဒေသကို
လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ်တစ်ယောက် သွားခဲ့ခြင်း ဖြစ်ပါတယ်။
ကေအိုင်အိုဥက္ကဋ္ဌနဲ့ ကာကွယ်ရေးဦးစီး ချုပ်နဲ့လည်း အလွန်ကောင်းမွန်တဲ့
တွေ့ဆုံဆွေးနွေးမှုတစ်ခု လုပ်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်နဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို သူတို့ရဲ့ရှုထောင့်ကနေ
ကျွန်တော့်ကို ပြောပြခဲ့ကြပါတယ်။ အစိုးရကို သူတို့ ဘာကြောင့်
မယုံကြည်ကြသလဲဆိုတာရယ်၊ သူတို့ တောင်းဆိုနေတဲ့ နိုင်ငံရေးဒိုင်ယာလော့ဂ်
(နိုင်ငံရေးဆွေးနွေးခြင်း) ဘာကြောင့် အဓိက အရေးပါသလဲဆိုတာရယ်ကို
ကျွန်တော့်ကို ရှင်းပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အစိုးရဘက်က
အဓိကညှိနှိုင်းရေးကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့လည်း ကျွန်တော်
စကားပြောခဲ့ပါတယ်။ ကျွန် တော့်ကို ကေအိုင်အိုနဲ့ စကားပြောခွင့်ပြုရေးဟာလည်း
အစိုးရရဲ့ အရေးကြီးတဲ့ ပြုမူလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ကျွန်တော်
ပြောခဲ့ပါတယ်။ နိုင်ငံရေးဒိုင်ယာလော့ဂ် လုပ်မယ့်အကြောင်း အစိုးရကလည်း
ထုတ်ဖော်ပြောဆိုပြီးသားလို့ သူက ပြောခဲ့ပါတယ်။ ဘက်အားလုံးနဲ့
စကားပြောခွင့်ရလို့ ကျွန်တော် ၀မ်းသာခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအခြေအနေက ဘယ်လိုရှိ ပါသလဲ။
ကျွန်တော့်အနေနဲ့
နိုင်ငံရေးပြဿနာတွေကို အဓိက ကိုင်တွယ်နေပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေး
အဖြေတစ်ရပ် ထွက်လာတဲ့အခါ၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာလိမ့်မယ်လို့
ကျွန်တော် ယူဆလို့ပါ။ စစ်ချီလာတဲ့ အစိုးရတပ်ဖွဲ့တွေကြောင့်
ထွက်ပြေးလာခဲ့ရတဲ့ ရွာသားတွေနဲ့ လိုင်ဇာမှာ ကျွန် တော် တွေ့ဆုံခဲ့ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်စခန်း (IDP camps) တွေကိုလည်း ကျွန်တော် သွားခဲ့ ပါတယ်။
သူတို့ရဲ့လိုလားချက်တွေကို ကျွန်တော်ကြားခဲ့ရပြီး မကြာသေးခင်က
လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကိုလည်း ကျွန်တော်
နားထောင်ခဲ့ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးပြော ရမယ်ဆိုရင်
ကချင်ပြည်နယ်ကအခြေအနေဟာ ပြင်းထန်ဆိုးရွားနေတုန်းပါပဲ။
အစိုးရအနေနဲ့ တပ်မတော်ကို ကွပ်ကဲထိန်းချုပ် (control လုပ်) နိုင်တယ်လို့ ခင်ဗျား ခံစားရပါသလား။
ကျွန်တော့်အနေနဲ့
“control” ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ပြဿနာကတော့ အစိုးရထဲမှာ စစ်
ဘက်ရဲ့ အာဏာအဆင့်အတန်းနဲ့ သက်ဆိုင်တဲ့ ပြဿနာကို ကျွန်တော်တို့ ဘယ်လို
ရင်ဆိုင်ကိုင်တွယ် မလဲဆိုတဲ့အရာပါ။ ဦးအောင်မင်းနဲ့ကျွန်တော်
ဆွေးနွေးခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ တစ်နိုင်ငံလုံးအတိုင်း အတာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိစ္စကို ပြောနေချိန်မှာ၊ စစ်ဘက်ကတော့
ဒေသတွင်း မှာ တပ်တွေတိုးပြီးချထားနေတုန်းပဲလို့ ကေအိုင်အိုကပြောနေတယ်လို့
ကျွန်တော် ဦးအောင်မင်းကို ပြော ခဲ့ပါတယ်။ အဲဒီပြဿနာကို ခင်ဗျား
ဘယ်လိုမြင်သလဲလို့ ဦးအောင်မင်းကို မေးခဲ့ပါတယ်။ ဦးအောင်မင်း
ပြန်တုံ့ပြန်တာက အစိုးရအဆင့်မှာ ပိုပြီး ချိတ်ဆက်ညှိနှိုင်း
ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတဲ့အကြောင်း ပြောခဲ့ပါတယ်။
ပြဿနာတစ်ခုရှိနေကြောင်းလည်း သူက အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။
ခင်ဗျားရဲ့
ရာထူးသက်တမ်းအတွင်းမှာ သတင်းကောင်းကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စအခြေ အနေ
သိသိသာသာ တိုးတက်လာတာပါပဲ။ နိုင်ငံရေးအကျဉ်းသားအများစုကို လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့
လွတ်လပ်ခွင့်နဲ့ဆက်စပ်နေတဲ့ ဖမ်းဆီးမှုအသစ်တွေ ရှိနေပါတယ်။ လွတ်လပ်စွာ
ဆန္ဒထုတ်ဖော် တဲ့အတွက် ဖမ်းဆီးမှုမျိုးပေါ့။ ပြီးတော့ အခုတလော
စာနယ်ဇင်းသမားအချို့လည်း အဖမ်းခံခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒါကို
စိုးရိမ်မိပါတယ်။ (ဓာတုဗေဒလက်နက်စက်ရုံ ဆောင်းပါးနဲ့ပတ်သက်ပြီး ၁၉၂၃ ခုနှစ်
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့)
ယူနတီဂျာနယ်က သတင်းထောက်တွေနဲ့ ကျွန်တော် စကားပြောချင်ခဲ့ပေမယ့်၊
ကျွန်တော်မသွားခင် နှစ်ရက်အလိုမှာ သူတို့ ကို တခြားအကျဉ်းထောင်တစ်ခုကို
ပို့လိုက်ကြပါတယ်။ ဒါကြောင့်၊ ကျွန်တော် သူတို့နဲ့စကားမပြောလိုက် ရတာဟာ
ဝမ်းနည်းစရာကောင်းလှပါတယ်။ အဲဒီလိုမျိုးကိစ္စတွေမှာ ပြန်ကြားရေးဝန်ကြီးနဲ့
သူ့ရဲ့ ဒုဝန်ကြီး တို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကျွန်တော်
ကြားခဲ့ရတော့၊ အဲဒီကိစ္စကို သူတို့ နဲ့ ကျွန်တော် မေးမြန်းပြောဆိုခဲ့ပါတယ်။
ကျွန်တော်တို့ ထိထိရောက်ရောက် ဆွေးနွေးခဲ့ပါတယ်။ စာနယ် ဇင်းသမားတွေဟာ
ကျင့်ဝတ်နဲ့ လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်တွေကို မလေးစားကြဘူးဆိုတဲ့
စိုးရိမ်မှု ကို သူတို့က ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ပြီးတော့
စာနယ်ဇင်းသမားတွေ စွမ်းရည်မဲ့နေတာကိုလည်း သူတို့က ပြောခဲ့ကြပါတယ်။
ကျွန်တော် ပြန်ပြီး တုံ့ပြန်ပြောဆိုလိုက်တာကတော့ အစိုးရအဖွဲ့ရဲ့ တချို့အ
စိတ်အပိုင်းတွေမှာလည်း စွမ်းရည်မဲ့နေကြတယ်လို့ ပြန်ပြောခဲ့ပါတယ်။
သူတို့အနေနဲ့ မီဒီယာလွတ်လပ် ခွင့်နဲ့ သူတို့ သဘောမတူနိုင်တဲ့
ဆောင်းပါးတွေကို ရင်ဆိုင်ဆောင်ရွက်ဖို့အတွက် အခက်အခဲ ရှိနေပါ တယ်။
စာနယ်ဇင်းသမားတွေကို ဖမ်းဆီးတာဟာ ပြင်းထန်တဲ့ ခံစားတုံ့ပြန်မှုရဲ့
အရိပ်လက္ခဏာ ဖြစ်နိုင်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးတွေဟာ
လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတုန်းပဲလို့ ခင်ဗျား ခံစားရပါသ လား။
ယေဘုယျ
အကဲဖြတ်မှုတစ်ခုအရဆိုရင်၊ အသွင်ကူးပြောင်းရေးဟာ အထိအခိုက်မခံတဲ့ နုနယ်တဲ့
အခြေ အနေမှာပဲ ရှိနေသေးပေမဲ့၊ နောက်ကြောင်းပြန်လှည့်ဖို့
အခြေအနေနည်းပါတယ်လို့ ကျွန်တော် ပြောချင် ပါတယ်။ ရခိုင်ပြည်နယ်အတွင်း
မတည်မငြိမ်ဖြစ်မှုတွေဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထိခိုက်
နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြဿနာက ဘာသာရေးအကြမ်းဖက်မှုတွေ
ပျံ့နှံ့သွားတာပါ။ အဲဒါ မျိုး ထပ်ဖြစ်နိုင်ပါတယ်။ အစတုန်းကတော့၊ အဲဒါဟာ
ရိုဟင်ဂျာတွေ လူနည်းစုလူမျိုးစုနဲ့ပဲ ပတ်သက်ခဲ့ တာပါ။
ဒါပေမဲ့မကြာသေးခင်ကတော့ ဘာသာရေးအကြမ်းဖက်မှုပုံစံ ပြောင်းသွားပြီး
မြန်မာနိုင်ငံရဲ့အခြား နေရာတွေကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။ ဥပမာအားဖြင့်
ပြောရမယ်ဆိုရင် မိတ်္ထီလာနဲ့ လားရှိုးပါ။ အဲဒီအခြေ အနေနှစ်ခုဟာ
ဆက်စပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ သွေးထိုး
လှုံ့ဆော် မှုတွေ ရှိခဲ့ပါတယ်။ ဘယ်နေရာကလဲဆိုတာတော့ ကျွန်တော်
မပြောနိုင်ပါဘူး။ လားရှိုးမှာ အာဏာပိုင် တွေနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။
သူတို့ရဲ့ မြို့နယ်အပြင်ဘက်ကနေ လာခဲ့ကြတဲ့ စနစ်တကျ စု စည်းထားတဲ့
လူအုပ်ကြီးဖြစ်တဲ့အကြောင်း သူတို့ကကျွန်တော့်ကို ပြောပြခဲ့ပါတယ်။
ကျွန်တော့်အမြင်အရ တော့၊ နိုင်ငံအတွင်းက အုပ်စုအားလုံးကို ကာကွယ်ပေးရမယ့်
ဝတ္တရား အစိုးရမှာ ရှိပါတယ်။ ပြီးတော့ အဲ ဒီလို လူအုပ်ကြီးကို ဘယ်သူက
စုစည်းထားတာလဲဆိုတာကို ရှာဖွေစုံစမ်းရမယ့် ၀တ္တရားလည်း သူတို့မှာ ရှိပါတယ်။
မကြာသေးခင်က
သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားဖို့ တိုက်တွန်းချက်တစ်ခု
ထွက်ပေါ် လာခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ လက်ရှိ သန်းခေါင်စာရင်း
မေးခွန်းပုံစံဟာ နိုင်ငံရေး အရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ ပေါက်ကွဲနိုင်တဲ့
အခြေအနေ ရှိကောင်းရှိနိုင်လို့ ဆိုပါတယ်။
သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကိစ္စကို
ကျွန်တော် မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ (လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၀န်ကြီးဦးခင်ရီက အဲဒီမြို့မှာ
မရှိခဲ့လို့ပါ။ ပြီးတော့ ကျွန်တော့် အနေနဲ့ UNFPA (ကုလသမဂ္ဂ
လူဦးရေရန်ပုံငွေအဖွဲ့) နဲ့လည်း အဆက်အသွယ်မရခဲ့ပါဘူး။ မူအားဖြင့် တော့
အန္တရာယ်တွေကို ကျွန်တော် နားလည်ပါတယ်။ လူနည်းစုလူမျိုးစုတွေဟာ
သန်းခေါင်စာရင်းကိစ္စနဲ့ ပတ်သက်တဲ့ သူတို့ရဲ့စိုးရိမ်မှုတွေကို ကျွန်တော့်ကို
ပြောပြခဲ့ကြပါတယ်။
မီဒီယာတွေမှာ
အမုန်းစကား/အမုန်းတရား (hate speech) တွေ အများအပြား ရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဆန့်ကျင်ဆန္ဒပြမှုတွေ
ရှိနေခဲ့ပါတယ်။ ခင်ဗျား ကို ဖိအားတစ်စုံတစ်ရာပေးတာမျိုး ရှိပါသလား။
ကျွန်တော့်အပေါ်
ဆန့်ကျင်ဆန္ဒပြမှုတွေကို ကျွန်တော် ထပ်ခါထပ်ခါ ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တော့
ဒီတာဝန်ကို နောက်ဆုံးထမ်းဆောင်မှုမှာ ကျွန်တော် ရခိုင်ပြည်နယ်ကို
သွားချင်ခဲ့ပြီးတော့၊ အဲဒီမှာလုပ် နေတဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အဲဒီကိစ္စကို
ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ဆန့်ကျင်ဘက် ရလဒ် တွေများ ထွက်လာမလားလို့
ကျွန်တော်မေးခဲ့ပါတယ်။ မလိုမုန်းထားမှုတွေ အများအပြား ရှိနေပါတယ်။
ကျွန်တော်တို့ရဲ့ နောက်ဆုံးကောက်ချက်အရ ကျွန်တော့်အနေနဲ့
အဲဒီကိုသွားရမယ်လို့ အဖြေထွက်ပါ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့
ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြည်
နယ်အာဏာပိုင်တွေရယ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ရယ်နဲ့
တွေ့ဆုံခဲ့ပါတယ်။ တချို့တွေရဲ့အဆိုအရ၊ အကြမ်းဖက်မှုလှုံ့ဆော်ရေးမှာ RNDP ဟာ
အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့
ကောင်းမွန်တဲ့ ဆွေးနွေးမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒါဟာ ခဏလောက်
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမယ့် အပြင်းအထန် ရန်လိုဆန့်ကျင်တာတော့
မဟုတ်ပါဘူး။
အာဏာပိုင်တွေနဲ့
ဆက်ဆံရေးပျိုးထောင်ရတာကို ခင်ဗျားက တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဒုချရာ
တန်းမှာ မွတ်ဆလင် ၄၈ ဦး အသတ်ခံခဲ့ရတယ်ဆိုတဲ့ ယုံကြည်စိတ်ချရလောက်တဲ့
အထောက်အ ထားတွေ ရှိနေတယ်လို့ ဇန်န၀ါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့
ကြေညာချက်ထွက် ပေါ်လာအပြီးမှာ ကုလသမဂ္ဂနဲ့ အစိုးရရဲ့ဆက်ဆံရေးဟာ
ဆိုးရွားသွားခဲ့ပုံရပြီးတော့ လူသားချင်း စာနာညှာတာမှုအတွက်
လုပ်ကိုင်ဆောင်ရွက်လို့ရမယ့် အနေအထားကလည်း သိသိသာသာ ကျ ဆင်းသွားခဲ့ပါတယ်။
မောင်တောမြို့နယ်ဖြစ်ရပ်ဆိုးမှာ
ကလေးငယ်တွေ၊ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အသတ်ခံခဲ့ရတယ် ဆိုတဲ့
ပြင်းထန်တဲ့ စွပ်စွဲချက်တွေ ကျွန်တော် လက်ခံရရှိခဲ့ပါတယ်။ အဲဒါတွေကို
ထုတ်ပြောခြင်းအားဖြင့် လုပ်ကိုင်ဆောင်ရွက်လို့ရမယ့် အနေအထား
ဆုံးရှုံးသွားနိုင်တယ်လို့ ခင်ဗျားအနေနဲ့ စောဒကတက်နိုင်ပါ တယ်။ ဒါပေမဲ့
တကယ့်လက်တွေ့မှာတော့ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကနေ ပြန်လာခဲ့ပါပြီ။
ရခိုင်ကို လည်း သွားခဲ့ပါတယ်။ အဲဒီကိစ္စတွေကိုလည်း
တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရဲ
တပ်ဖွဲ့အကြီးအကဲနဲ့လည်း တစ်နာရီကြာ ဆွေးနွေးပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
သူကတော့ အရာရာကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့
ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရအနေနဲ့ ကြေညာချက်တွေကိုမနှစ် မြို့ပေမယ့်
အဲဒီမှာ လုပ်ကိုင်ဆောင်ရွက်လို့ရမယ့် အနေအထား ရှိပါသေးတယ်။ အခု လိုအပ်နေတာက
တော့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒါကို
မြန်မာအစိုးရနဲ့ တွဲပြီးတော့ လုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို
ကျွန်တော်ပြောထားပါတယ်။ ဘာကြောင့်လဲဆိုတော့၊ ဖြစ်ရပ်မှာ
အသက်ဆုံးရှုံးမှုမရှိဘူးလို့ဆိုတဲ့ မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ၊
လွတ်လပ်မှုကင်းမဲ့ပြီးတော့ ယုံ ကြည်စိတ်ချရမှု မရှိလို့ပါပဲ။
မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ခံရမှုမရှိခြင်းဆိုတဲ့ ပြဿနာရှိနေတာကို ဒီလိုအခြေ
အနေတွေက ရောင်ပြန်ဟပ်နေပါတယ်။
ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးလူတွေကို
မောင်တောကိုလွှတ်ပြီး အကောင်း ဆုံး စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့လူတွေဟာ လုံလောက်အောင် ကောင်းမွန်ခြင်းမရှိ ဘူးလားလို့
မြန်မာအစိုးရက ပြောကောင်းပြောပါလိမ့်မယ်။ စုံစမ်းစစ်ဆေးမှု
အသစ်တစ်ရပ်ပြုလုပ် ဖို့ တောင်းဆိုတာဟာ ထောက်ခံမှုတော့ ရမှာမဟုတ်ဘူး ထင်တယ်။
ပြည်ထဲရေးဝန်ကြီးက
ဘာပြောသွားခဲ့လဲ ဆိုတာကို ခင်ဗျားသိချင်လား။ သူပြောသွားတာက “ကျွန်တော်
တို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုချရာတန်းကို သွားခဲ့ပါတယ်။
ဘာမှမဖြစ်ခဲ့တာကို တွေ့ခဲ့ရပါ တယ်”ဆိုပြီး ပြောသွားပါတယ်။ အဲဒီကော်မရှင်ကို
သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်လို့ လွတ်လပ်မှုမရှိပါ ဘူးလို့ သူ့ကို
ကျွန်တော် ရှင်းပြခဲ့ပါတယ်။ အဲဒါကို သူလက်ခံခဲ့ပါတယ်။ ဥရောပသမဂ္ဂ (EU) က
လေ့လာ သူတွေကို သူက ထောက်ပြပြန်ပါတယ်။ သူတို့တွေရော ဘက်လိုက်ခဲ့သလား။
ဘက်မလိုက်ပါဘူး။ ဒါပေ မဲ့ သူတို့ဟာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေခဲ့ကြတာ
မဟုတ်ပါဘူး။ အဲဒါကိုလည်း သူကောင်းကောင်း လက် ခံခဲ့ပါတယ်။ သူက “ကောင်းပါပြီ၊
အဲဒီလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အကောင်အထည် ဖော်ဖို့အတွက်
ကျွန်တော်တို့ကို ခင်ဗျား ဘယ်လိုကူညီမှာလဲ”လို့ ပြန်ပြောခဲ့ပါတယ်။
သူ့အနေနဲ့ မူလပုံစံကနေ လွတ်ကင်းသွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါမျိုးက အစိုးရရဲ့ တရားဝင် ရပ်တည်ချက်မျိုး မဟုတ်ပါဘူး။
အဲဒါလည်း
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အစီရင်ခံစာနဲ့ ကျွန်တော့်ရဲ့
ကြေညာချက်ထဲမှာ ပြည် ထဲရေးဝန်ကြီးရဲ့ မှတ်ချက်တွေ ပါမှာပါ။ လွတ်လပ်စွာ
စုံစမ်းစစ်ဆေးရေးအတွက် စဉ်းစားဖို့ ဆန္ဒရှိတာ ဟာ သက်ဆိုင်တဲ့အကြောင်းအရာ
ဖြစ်ပါတယ်။
ခင်ဗျားဟာ အထူးကိုယ်စားလှယ်အဖြစ် ခြောက်နှစ်လောက် လုပ်ခဲ့ပါတယ်။ စိတ်မကောင်းဖြစ်ရ တာမျိုး တစ်စုံတစ်ရာ ရှိခဲ့ပါသလား။
ကျွန်တော်တို့အားလုံးဟာ
လူသားတွေပါ။ ဒါပေမဲ့ ခြုံငုံပြီးပြောရရင် ကျွန်တော် ၀မ်းသာပါတယ်။ မြန်မာ
အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ထဲမှာ လူ့အခွင့်အရေးလုပ်ငန်းဟာ
ထိပ်ဆုံးနားကနေ ရှိနေတဲ့ အတွက် ကျွန်တော် အလွန်ဝမ်းသာမိပါတယ်။
လုပ်ပိုင်ခွင့်တွေကြောင့် မြင်သာမှုတွေ အများကြီး ရှိလာခဲ့ ပြီးတော့
ကျွန်တော့်အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝန်းကို သွားခဲ့နိုင်ပါတယ်။
လုပ်ငန်းစဉ်ဟာ လူအများ အပြားကို ကယ်ဆယ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။
လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်တွေချည်း တော့လည်း အမြဲတမ်း
မထွက်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒါဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်က လူတွေကို
အားပေးနိုင်ခဲ့ပါတယ်။ နောက်လာမယ့် အထူးကိုယ်စားလှယ်အတွက် ဘာတွေ
ချန်ထားနိုင်ခဲ့မလဲဆိုတာ ကိုပြောရရင်တော့၊
လူ့အခွင့်အရေးကိစ္စကြီးကြီးမားမားတချို့ ကျန်ရှိနေဆဲဖြစ်ပြီးတော့
အသွင်ကူးပြောင်း ရေးဟာလည်း အထိခိုက်မခံတဲ့အခြေအနေမှာရှိနေဆဲပါပဲ။
အထူးကိုယ်စားလှယ်အသစ်အတွက် အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုကတော့
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့အရှိန်အဟုန်ကို ဆက်လက်ထိန်း
သိမ်းနိုင်အောင် ကူညီနိုင်ဖို့ကိစ္စ ဖြစ်ပါလိမ့်မယ်။
Mizzima
0 comments:
Post a Comment