Sunday, February 9, 2014

ကျင့်ဝတ်နဲ့ မညီတာလား၊ သတင်းပညာရပ် အားနည်းတာလား၊ ဖမ်းလိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘဲ အစိုးရကိုယ်တိုင် ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကိစ္စရပ်တွေ. . .

Published on: February 9, 2014
Written by: နေထွန်းနိုင်

(၁)
“ဓာတုလက်နက်ဆိုင်ရာ စာချုပ်ကို အတည်မပြုသေးဘဲ ဂျာနယ်လစ်တွေကို ဖမ်းဆီးတာနဲ့ မြန်မာအာဏာပိုင်တွေ အလုပ်များနေတယ်”

အထက်ပါစာပိုဒ်ဟာ DVB အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြခဲ့တဲ့ သတင်းခေါင်းစဉ်ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးတိုင်း ပေါက်မြို့နယ်မှာရှိနေတဲ့ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတာ ရေးခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီသတင်းနဲ့ ပတ်သက်သူငါးဦးကို ဖမ်းဆီးထားပါတယ်။ သူတို့ရေးထားသလို ‘လျှို့ဝှက်ဓာတုလက်နက်စက်ရုံ မဟုတ်ဘဲ အခြားကာကွယ်ရေး ပစ္စည်းစက်ရုံသာဖြစ်တယ်’ လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ တစ်ဦးတည်းက ငြင်းချက်ထုတ်ထားပါတယ်။ အသေးစိတ် ရှင်းလင်းတာတွေ၊ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောတာတွေ၊ သတင်းထောက်တွေကို စက်ရုံခေါ်ပြီး ရှင်းပြတာတွေ မရှိသေးပါဘူး။

လက်ရှိအခြေအနေဟာ ‘မဟုတ်ဘူး’ ဆိုတဲ့ ပြောဆိုချက် တစ်ခုတည်းနဲ့ ငြင်းချက်ထုတ်လို့ရတဲ့ အနေအထား မဟုတ်တော့ပါဘူး။ မြန်မာအခြေစိုက် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းအပြင် နိုင်ငံတကာ မီဒီယာတွေက ဒီကိစ္စကို စိတ်ဝင်းစားနေကြပါတယ်။ စုံစမ်းလေ့လာမှုတွေ လုပ်နေပါတယ်။ လက်ရှိအစိုးရ မတိုင်ခင်ကာလ နိုင်ငံတကာ မီဒီယာအချို့မှာ မြန်မာနိုင်ငံက လက်နက်စက်ရုံတွေနဲ့ ပတ်သက်ပြီး သတင်းဖော်ပြတာတွေ ရှိခဲ့ပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဆွီဒင်ဂျာနယ်လစ် ဘာတေးလ်လစ်တနာက ‘ပေါက်မြို့နယ်မှာရှိနေတဲ့ လက်နက်စက်ရုံဟာ ဓာတုလက်နက်စက်ရုံ ဟုတ်၊ မဟုတ်တော့ မပြောနိုင်ဘူး။ သိထားတာက ဒါ  Missile (ဒုံးကျည်) ထုတ်တဲ့ စက်ရုံတစ်ခုဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒီအကြောင်းကို ရေးခဲ့ဖူးတယ်’ လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကျွန်တော့်ကို ပြောခဲ့ပါတယ်။

မြန်မာအစိုးရဟာ ၁၉၉၃ ခုနှစ်အချိန်က ဓာတုလက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ထိုးထားပါတယ်။ ဒါပေမဲ့ စာချုပ်ပါ အချက်အလက်တွေ အကောင်အထည်ဖော် အတည်ပြုလက်မှတ်ထိုးခြင်း အပိုင်းမှာ ကြန့်ကြာနေပါတယ်။

(၂)
နိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး ရှုထောင့်ကကြည့်ပြီး လျှို့ဝှက်ထားရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ယူနတီဂျာနယ်သတင်း ဖော်ပြပြီးနောက်ပိုင်းမှာတော့ ပေါက်မြို့နယ်က လျှို့ဝှက်လက်နက်စက်ရုံ ကိစ္စဆိုတာ ပိုပြီးရှင်းရှင်းလင်းလင်းလုပ်ဖို့ လိုလာပါတယ်။ အပေါ်ယံ ငြင်းချက်ထုတ်ရုံနဲ့ လုံလောက်မှု မရှိတော့ပါဘူး။ မရှင်းဘဲထားရင် သို့လော၊ သို့လော ပြောဆိုမှုတွေက ပိုများလာမှာပါ။

နောက်တစ်ချက်က ယူနတီသတင်းဂျာနယ်ရဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုမှုတွေ ဖြစ်ပါတယ်။ ကျင့်ဝတ်ကို နားမလည်ဘူး။ သတင်းပညာရပ် အားနည်းတယ်။ စသဖြင့် ပြောတာတွေ ရှိခဲ့ပါတယ်။ တချို့ရေးသားချက်တွေမှာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံကို မှန်ကန်တယ်ဆိုတဲ့ ရှုထောင့်ကနေ ရေးခဲ့တာ တွေ့ရပါတယ်။

(၃)
လက်နက်စက်ရုံသတင်း ဖော်ပြတာနဲ့ ဆက်စပ်လို့ ပေါက်မြို့နယ်သတင်းထောက် အဖမ်းခံရပြီး နောက်တစ်နေ့မှာ ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ကိုတင်ဆန်းကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ပါတယ်။ ကျွန်တော်နဲ့တွေ့ပြီးလို့ မိနစ်ပိုင်းမှာပဲ ကိုတင်ဆန်းကို အာဏာပိုင်တွေက ထပ်ဖမ်းလိုက်ပါတယ်။ အဲဒီညနေပိုင်းမှာ ကျန်တဲ့သတင်းထောက်သုံးဦးကို ဆက်ဖမ်းပြီး သူတို့နဲ့ဆက်စပ်နေတယ်လို့ ထင်ရတဲ့သူတွေကို ဆက်တိုက်ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

ကိုတင်ဆန်းနဲ့ တွေ့တုန်းက သူတို့ရဲ့ သတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ မေးခွန်းတော်တော်များများ မေးဖြစ်ပါတယ်။ သတင်းကို ဘယ်လိုရယူခဲ့သလဲ ဆိုတာကိုလည်း ဂျာနယ်လစ်ဇင် ရှုထောင့်က မေးခဲ့ပါတယ်။ ဂျာနယ်လစ်ဇင် ရှုထောင့်ကနေ သတင်းဖော်ပြမှုရဲ့ အားနည်းချက်တွေကိုလည်း မေးခဲ့ပါတယ်။ အဓိကအချက်က သတင်းရင်းမြစ် ဘယ်ကယူသလဲဆိုတဲ့ အချက်ပါ။ ဒေသခံတွေဆီက ရတယ်လို့ သူကဆိုပါတယ်။ Investigative journalism လို့ခေါ်တဲ့ စုံစမ်းထောက်လှမ်း ဖော်ထုတ်ရေးသားခြင်း သတင်းပညာရပ်မှာ ဒေသခံတွေရဲ့ ဖွင့်ဆိုပြောကြားချက် သတင်းရင်းမြစ်ကို အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်တစ်ချက် ပါပါတယ်။ တာဝန်ရှိသူတွေဆီက အတည်ပြုချက် ယူသလားလို့ ထပ်မေးပါတယ်။ ဖုန်းဆက်တယ်။ ဖုန်းမကိုင်ဘူး။ ဒါပေမဲ့ စက်ရုံကတာဝန်ရှိသူတွေ ပြောတယ်လို့ သူကဆိုပါတယ်။ ကိုယ်တိုင်ရောက်ခဲ့သလားဆိုတော့ ကိုယ်တိုင်ရောက်ခဲ့တယ်လို့ ဖြေပါတယ်။

(၄)
နောက်ထပ်မေးခွန်းတစ်ခု ‘လျှို့ဝှက်ဓာတုလက်နက်စက်ရုံ’ လို့ သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး မေးခဲ့တယ်။ မြန်မာနိုင်ငံဟာ ဓာတုလက်နက်နဲ့ ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားပါတယ်။ ဒါကို ချိုးဖောက်တယ်ဆိုရင် ဖြစ်လာမယ့် ပြဿနာတွေက အတိုင်းအဆမရှိ ကြီးနိုင်ပါတယ်။ ကိုတင်ဆန်းက ‘လျှို့ဝှက်ဓာတု လက်နက်စက်ရုံ’ ဆိုတာကို ဒေသခံတွေရဲ့ ပြောကြားချက်ကို အတည်ယူပြီး ဖော်ပြလိုက်ပါတယ်။ ဒါက သူ့ရဲ့အားနည်းချက် ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေကို ဆက်သွယ်မေးခဲ့ပေမဲ့ အတည်ပြု ပြန်မဖြေခဲ့ဘူး ဆိုတာကို သတင်းထဲ မဖော်ပြခဲ့တာဟာ အားနည်းချက် တစ်ခုပါပဲ။ အားနည်းချက် ဖြစ်ခဲ့တယ်ဆိုတာကို သူဝန်ခံခဲ့ပါတယ်။

    သတင်းရေးသားသူတွေဟာ နိုင်ငံတော်လုံခြုံရေး လျှို့ဝှက်အက်ဥပဒေကို ကျွမ်းကျင်မှု မရှိခဲ့ဘူး။ ဥပဒေအရ အရေးယူခံရနိုင်မှုကို ချိန်ဆနိုင်မှု မရှိခဲ့ဘူး။ စာနယ်ဇင်းဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းပါးခဲ့တယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခြင်းထက် လယ်ယာမြေအသိမ်းခံရတဲ့ လယ်ယာမြေအသိမ်းခံရခြင်းကိုသာ တင်ပြလိုခြင်းဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကို ဥပဒေအရ ကိုင်တွယ်အရေးယူတဲ့ နေရာမှာ . . . . .

သတင်းမှန်ခြင်း၊ မှားခြင်းထက် သူတို့လုပ်ဆောင်မှုဟာ Investigative journalism ကို အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ သူကိုယ်တိုင် သူတို့ရဲ့လုပ်ဆောင်မှုဟာ Investigative journalism ဖြစ်ခြင်း၊ မဖြစ်ခြင်းကို သဲသဲကွဲကွဲ နားမလည်ခဲ့ပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်က ကာလတန်ဖိုးထက် မတန်တဆ ချိုးနှိမ်ခံရတဲ့ ပေါက်ဈေးနဲ့ လယ်ယာမြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ နစ်နာမှုကို ဖော်ထုတ်ချင်တယ်လို့ ဆိုပါတယ်။

သတင်းခေါင်းစဉ်အရ ဖော်ပြချက်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်ရင် သတင်းထောက်တွေရဲ့ ဖော်ပြချက်ဟာ အကန့်အသတ် ရှိရပါတယ်။ ထိန်းသိမ်းရမယ့် အချက်တွေ ရှိပါတယ်။ ယူနတီဖော်ပြမှုက နိုင်ငံတော်လုံခြုံရေးကိစ္စကို မစဉ်းစားခဲ့ဖူးလားမေးတော့ ‘စဉ်းစားခဲ့တယ်’ လို့ သူပြန်ဖြေပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုတာ နိုင်ငံသားတစ်ဦး လိုက်နာရမယ့် စည်းကမ်း၊ နိုင်ငံတော်လုံခြုံရေးကို တန်ဖိုးထားတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့စေတနာက လယ်သမားတွေဘက်ကို ဦးစားပေးတယ်လို့ ကိုတင်ဆန်းက ထပ်ပြောပါတယ်။

(၅)
ကိုတင်ဆန်းကို မေးမြန်းခဲ့ပြီးနောက်ပိုင်း ယူဆနိုင်တာက ကိုတင်ဆန်းနဲ့ ယူနတီ သတင်းဖော်ပြမှုဟာ ကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမျိုး မဟုတ်ပါဘူး။ သတင်းပညာရပ် အားနည်းခဲ့တာ ဖြစ်ပါတယ်။ သတင်းကို ကိုယ်တိုင်သွားရောက် ရယူဖော်ပြခဲ့သူတွေဟာလည်း ဝါရင့်သတင်းထောက်တွေ မဟုတ်ကြပါဘူး။ ပေါက်မြို့နယ် သတင်းထောက်ဆိုရင် သတင်းထောက်လုပ်သက် ရက်သတ္တနှစ်ပတ်ပဲ ရှိပါသေးတယ်။ ဒီသတင်းမတိုင်မီက ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ နေပြည်တော်အမြန်လမ်းက သမ္မတအိမ်၊ သမ္မတအကြံပေး ဦးနေဇင်လတ်၏ဟိုတယ် စတဲ့ကိစ္စရပ်တွေအပြင် ဝန်ကြီးဦးအုန်းမြင့်ရဲ့ ပြောကြားချက်သတင်း၊ ဒါတွေကို ပြန်ဖတ်ရင်လည်း သူတို့ရဲ့သတင်းပညာရပ် အားနည်းမှုကို တွေ့မြင်ရမှာပါ။

ဒီအတွက်ကြောင့် ကျွန်တော်တို့ Eleven Media Group က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပေးပို့တဲ့ မေတ္တာရပ်ခံစာမှာ ဒီအချက်တွေကို အဓိကထား ရေးသားခဲ့တာ ဖြစ်ပါတယ်။

သတင်းရေးသားသူတွေဟာ နိုင်ငံတော်လုံခြုံရေး လျှို့ဝှက်အက်ဥပဒေကို ကျွမ်းကျင်မှု မရှိခဲ့ဘူး။ ဥပဒေအရ အရေးယူခံရနိုင်မှုကို ချိန်ဆနိုင်မှု မရှိခဲ့ဘူး။ စာနယ်ဇင်းဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းပါးခဲ့တယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခြင်းထက် လယ်ယာမြေအသိမ်းခံရတဲ့ လယ်ယာမြေအသိမ်းခံရခြင်းကိုသာ တင်ပြလိုခြင်းဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကို ဥပဒေအရ ကိုင်တွယ်အရေးယူတဲ့ နေရာမှာ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပျောက်စေဆိုတဲ့ စကားအတိုင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က လိုအပ်သလို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာကို EMG က ပို့ခဲ့တာဖြစ်ပါတယ်။

(၆)
နောက်တစ်ချက်က အာဏာပိုင်တွေရဲ့ အရေးယူဆောင်ရွက်မှုအပိုင်း ဖြစ်ပါတယ်။ ကနဦး ဆောင်ရွက်မှုတွေက အရင်အာဏာရှင်အစိုးရ လက်ထက်က ဥပဒေမဲ့ ဖမ်းဆီးတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ လူကြီးနဲ့တွေ့ဖို့၊ မေးဖို့ဆိုပြီး ခေါ်သွားတယ်။ ဟိုရောက်တဲ့အချိန်မှာ ဖမ်းလိုက်ပြီလို့ ပြောတယ်။ ကျန်တဲ့သူတွေကိုလည်း ဥပဒေပုဒ်မ ဘယ်လောက်နဲ့အညီ ခေါ်ယူတယ်၊ စစ်ဆေးတယ်၊ မေးမြန်းတယ်၊ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို ရှင်းမပြခဲ့ပါဘူး။ ရောက်ရှိလာတယ်။ ခေါ်သွားတယ်။ ဘယ်ကိုခေါ်သွားလဲ ဆိုတာကို အစောပိုင်းမှာ လုံးဝထုတ်ဖော်ပြောခဲ့တာ မရှိပါဘူး။ သတင်းမီဒီယာတွေက ဝေဖန်တော့မှ ဥပဒေပုဒ်မ ဘယ်လောက်နဲ့အညီ ဥပဒေအတိုင်း လုပ်ပါတယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။ ကိုတင်ဆန်းနဲ့ သတင်းထောက်လေးဦး၊ ငါးဦးစလုံးကို ထိန်းသိမ်းလိုက်တဲ့အချိန်မှာ ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကို သမ္မတပြောရေးဆိုခွင့်ရှိသူကို ကျွန်တော်ကိုယ်တိုင် အီးမေးလ်ပို့မေးခဲ့ပါသေးတယ်။ သူ့ဘက်က ပြန်ဖြေထဲအထဲမှာ ‘လျှို့ဝှက်ချက် ဥပဒေနဲ့အညီ သတင်းထောက်များကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်’ ဆိုတာပဲ ပါခဲ့တယ်။ ပုဒ်မဘယ်လောက်နဲ့ဖမ်းဆီးပြီး ပုဒ်မဘယ်လောက်တွေနဲ့ အရေးယူဆောင်ရွက်နေတယ် ဆိုတာကို မပြောခဲ့ပါဘူး။ နောက်ပိုင်းဝေဖန်သံတွေ များလာတော့မှာ ဥပဒေနဲ့အညီ လုပ်တာပါလို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ယူနတီဂျာနယ် ပေါက်မြို့နယ် သတင်းထောက်ကလွဲလို့ ကျန်တဲ့သူတွေကို ဘယ်ပုဒ်မတွေနဲ့ အရေးယူထားပါတယ်၊ ဘယ်နေရာမှာ ထားပါတယ်၊ မိသားစုဝင်တွေ လာတွေ့နိုင်ပါတယ် ဆိုတာကို ဖမ်းဆီးပြီး ၅၂ နာရီကျော်ကြာမှ သက်ဆိုင်ရာက အကြောင်းကြားခဲ့တာပါ။

ယူနတီဂျာနယ် သတင်းထောက်များ ထိန်းသိမ်းခံရခြင်းအပေါ် နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းအချို့၏ ထုတ်ပြန်ချက်

ဖမ်းဆီးခံလိုက်ရပြီဆိုတဲ့ သတင်းကို ဖော်ပြနိုင်ရုံနဲ့ သတင်းလွတ်လပ်ခွင့်ရပြီလို့ မပြောနိုင်ပါဘူး။ စတင်ဖမ်းလိုက်တဲ့ အချိန်ကတည်း ဘယ်ပုဒ်မတွေနဲ့ ဖမ်းဆီးသွားတယ်၊ ဘယ်ကိုခေါ်သွားတယ်။ ဘာတွေလုပ်နေတယ် ဆိုတာကို မိနစ်၊ စက္ကန့်မရွေး ရရှိဖော်ပြနိုင်မှာသာ သတင်းလွတ်လပ်ခွင့်ရတယ်လို့ ဆိုနိုင်မှာပါ။ ဒီအချက်တွေကို သတင်းထောက်တွေက မေးမြန်းပါတယ်။ စုံစမ်းပါတယ်။ အာဏာပိုင်တွေဘက်က တာဝန်ခံဖြေကြားသူ မရှိခဲ့ပါဘူး။ အချိန်တွေနောက်ကျပြီး မပြောလို့မဖြစ်တော့တဲ့ အချိန်ရောက်မှ ထုတ်ပြောခဲ့ကြတာပါ။ အပြည့်အစုံ မဟုတ်ဘဲ တစ်ပိုင်းတစ်စပဲ ဖော်ပြခွင့်ရတာဟာ သတင်းလွတ်လပ်ခွင့် တစ်ပိုင်းတစ်စရခြင်းသာ ဖြစ်ပါတယ်။ အခုအခြေအနေကိုလည်း သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရှိနေဆဲဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ သတင်းလွတ်လပ်ခွင့်မှာ ဟန့်တားနေတဲ့ ကန့်သတ်ချက်တွေ အများကြီး ရှိနေတုန်းပါ။

(၇)
နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုကိုလည်း ထည့်ပြောရပါမယ်။ ဖမ်းထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သူတို့တိုက်တွန်းခဲ့ပါတယ်။ သူတို့ဟာ ပြည်တွင်းကပေးပို့လာတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ အခြားသော ရင်းမြစ်တွေဆီကလည်း သတင်းအချက်အလက် ရယူကြပါတယ်။ ဒီနောက် တာဝန်ရှိသူ အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ ကြေညာချက်တွေ ထုတ်ကြတာပါ။ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ဆိုရင် ပြည်တွင်းကရရှိတဲ့ အချက်အလက်တွေတင် မကဘဲ DVB၊ ဧရာဝတီ အစရှိတဲ့ သတင်းဌာနတွေက သတင်းဖော်ပြချက်တွေကို အခြေခံအချက်ယူပြီး ကြေညာချက်ထုတ်ခဲ့တာပါ။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ဆိုလည်း ဒီအတိုင်းပဲ လုပ်ခဲ့ပါတယ်။ မကြာသေးမီ ရက်ပိုင်းက မြန်မာနိုင်ငံကို လာခဲ့တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ဆိုရင် ‘ဒီကိစ္စကို သူတို့သီးခြားစုံစမ်းမှု လုပ်နေတယ်။ ဒါပေမဲ့ သတင်းထောက်တွေက ပြည်သူတွေသိသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူတာမျိုး မရှိသင့်ဘူး’ လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ လျှို့ဝှက်ချက်ဆိုတာ များများစားစား မရှိသင့်ဘူး။ ဘာတွေက လျှို့ဝှက်ချက်ဆိုတာကို သေချာသတ်မှတ်ထားသင့်တယ်လို့လည်း ပြောပါတယ်။

ယူနတီ သတင်းထောက်တွေကို အရေးယူထားတဲ့ ဥပဒေဟာ အစိုးရရဲ့ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ အရေးယူထားတာပါ။ ဒီဥပဒေဟာ ကိုလိုနီခေတ်ကတည်း အခုချိန်ထိ ရှိနေတဲ့ ဥပဒေ ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ် ဧပြီ ၂ ရက်မှာ ပြဌာန်းထားတဲ့ဥပဒေ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် သတင်းထောက်တွေကို ဒီဥပဒေနဲ့ အရေးယူဖို့ လုပ်ဆောင်တာဟာ ဒါပထမဆုံးပါပဲ။ ဒီမတိုင်ခင်အချိန်က အရေးယူခဲ့တာတချို့ ရှိပေမဲ့ သိရတဲ့သတင်းတွေအရ သတင်းထောက်တွေ မဟုတ်ပါဘူး။

    အစိုးရလက်ဝေခံတချို့က ကြိုးကိုင်ပြီး ထုတ်ဝေနေတဲ့ ဂျာနယ်တချို့မှာ လူကြိုက်များနိုင်ငံရေး အတင်းအဖျင်း သတင်းတွေကို အချက်အလက် မခိုင်မာဘဲ ဖော်ပြတာမျိုး ရှိနေပါတယ်။  အခြားတစ်ဖက်မှာလည်း ဟိုဘက်ဒီဘက် နှစ်ဖက်ခွထားတဲ့ ဂျာနယ်လစ်တွေက ယူနတီဂျာနယ်လို ကိစ္စမျိုး ပေါ်လာချိန်မှာ သတင်းထောက်တွေ ကျင့်ဝတ်နဲ့ညီအောင်လုပ်ဖို့ဆိုပြီး ပြောလာပါတယ်။ ဒီလိုဖြစ်အောင် ဘယ်သူတွေက ဖန်တီးနေတာလဲ . . . . .

နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံလို နိုင်ငံပေါင်းများစွာရဲ့ အခြေအနေတွေကို သိရှိထားသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဘာပြီးရင်၊ ဘာဆက်ဖြစ်မယ်ဆိုတဲ့ အကျိုးဆက်ကို မှန်းဆတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ သတင်းလွတ်လပ်ခွင့် အပြည့်မရသေးဘူး ဆိုတာကို သူတို့သိထားပါတယ်။ စောင့်ကြည့်နေရဆဲ ကာလမှာ သတင်းထောက်တွေ အန္တရာယ်ရှိနေတာကို သူတို့ကိုယ်တိုင် ထုတ်ပြောထားတာတွေ ရှိပါတယ်။ EMG နယ်သတင်းထောက် မခိုင်ကိစ္စအပေါ် သူတို့ရဲ့ တုံ့ပြန်ချက်တွေမှာလည်း ဒီအချက်ကို တွေ့နိုင်ပါတယ်။ ဖြစ်စဉ်မှန်ခြင်း၊ မှားခြင်းထက် ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတတဲ့ တရားစီရေးစနစ်ကို သတင်းထောက်တွေ ရင်ဆိုင်လာရတော့မယ် ဆိုတာကို သိတဲ့အတွက် သူတို့က ကြေညာချက်တွေ ဆက်တိုက်ထုတ်ခဲ့ကြတာပါ။ သူတို့ရဲ့ ထုတ်ပြန်ချက်တွေ သေသေချာချာပြန်ဖတ်ရင် ဒီအချက်ကို အထင်အရှား တွေ့ရပါမယ်။

(၈)
ယူနတီဂျာနယ် သတင်းထောက်တွေကို ဆောင်ရွက်မယ့် တရားစီရင်ရေးစနစ်ကို အားလုံးက စောင့်ကြည့်နေပါတယ်။ ဥပဒေနဲ့အညီ လွတ်လပ်စွာ၊ တရားမျှတစွာ စီရင်ဆုံးဖြတ်မယ်လို့ ယုံကြည်ကြောင်း အစိုးရက ပြောထားပါတယ်။ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ပုံရိပ်ကောင်းမရသေးတဲ့ မြန်မာ့တရားစီရင်ရေးစနစ်နဲ့ ယူနတီဂျာနယ် သတင်းထောက်တွေရဲ့ ကိစ္စဟာ အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါပြီ။

အစိုးရပိုင်းကတော့ ‘ဓာတုလျှို့ဝှက်လက်နက်စက်ရုံ’ မဟုတ်ဘူးဆိုရင် မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ဖြေရှင်းဖို့ လိုလာပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်အလက်တွေကို ဂျာနယ်လစ်တွေကို ထုတ်ဖော်ပြောဆိုတာ၊ စက်ရုံကိုခေါ်ယူပြီး ရှင်းပြတာ၊ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းတာတွေ လုပ်ရတော့မှာပါ။ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးတည်းရဲ့ ဖြေကြားချက်တွေတင် မကဘဲ တပ်မတော်ရော၊ အစိုးရဘက်ကပါ ဖြေရှင်းဖို့ လိုလာပါပြီ။

ဒေသခံတွေဆီမှာ နာကျင်မှုတွေ ရှိနေတုန်းပါပဲ။ အခုချိန်မှာ ‘ဓာတုလျှို့ဝှက်စက်ရုံ’ ဆိုတာကို တိတိကျကျ မပြောကြတော့ပေမယ့် လျှို့ဝှက်တဲ့စက်ရုံ ဖြစ်တယ်ဆိုတာကို ပြောနေကြဆဲ ဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာ မဟုတ်ဘဲ ပြည်ပမီဒီယာ၊ နိုင်ငံတကာ မီဒီယာတွေမှာ အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာခဲ့ရင် အစိုးရဘက်က ဘယ်လိုဖြေရှင်းမလဲ။ အခုချိန်ထဲက ရှင်းရှင်းလင်းလင်းလုပ်ဖို့ လိုအပ်နေပါပြီ။

(၉)
ဒီကိစ္စမှ မဟုတ်ပါဘူး။ အခုချိန်ထိ ဖြစ်နေဆဲဖြစ်တဲ့ ဘာသာရေးအသွင်ဆောင် ပဋိပက္ခဆိုင်ရာ ကိစ္စရပ်တွေမှာ အစိုးရဘက်က ရှင်းရှင်းလင်းလင်း မထုတ်ပြန်တာတွေ၊ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်ပြီး တိတိကျကျ အရေးယူမှု မရှိတာတွေ၊ သတင်းထုတ်ပြန်မှု နောက်ကျခဲ့တာတွေ၊ သတင်းထောက်တွေ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့တာတွေကြောင့် နိုင်ငံတကာ စာမျက်နှာတွေမှာ မျက်နှာပျက်ခဲ့ရပြီး မလိုလားအပ်တဲ့ ဖြေရှင်းမှုတွေကိုလည်း လုပ်ခဲ့ရပါတယ်။ အခုချိန်ထိလည်း အစိုးရရဲ့ သတင်းထုတ်ပြန်မှုတွေက ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး။

(၁၀)
မြန်မာသတင်းမီဒီယာလောကမှာ သတင်းပညာရပ် အားနည်းနေတာ လူတိုင်းသိပါတယ်။ ဒီအချက်ကို ဖြည့်ဆည်းဖို့လည်း ပြင်ဆင်နေကြတယ်။ ဒီလိုအခြေအနေ ဖြစ်နေတာကလည်း နှစ်ပေါင်း ၅ဝ ကျော်ကြာ သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံထားရခြင်းရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပါတယ်။ ဒါကိုဖြည့်ဆည်းနိုင်ဖို့ အချိန်တစ်နှစ်၊ နှစ်နှစ်တည်းနဲ့ မဖြစ်နိုင်ပါဘူး။

ဒီကြားထဲမှာပဲ အစိုးရလက်ဝေခံတချို့က ကြိုးကိုင်ပြီး ထုတ်ဝေနေတဲ့ ဂျာနယ်တချို့မှာ လူကြိုက်များနိုင်ငံရေး အတင်းအဖျင်း သတင်းတွေကို အချက်အလက် မခိုင်မာဘဲ ဖော်ပြတာမျိုး ရှိနေပါတယ်။  အခြားတစ်ဖက်မှာလည်း ဟိုဘက်ဒီဘက် နှစ်ဖက်ခွထားတဲ့ ဂျာနယ်လစ်တွေက ယူနတီဂျာနယ်လို ကိစ္စမျိုး ပေါ်လာချိန်မှာ သတင်းထောက်တွေ ကျင့်ဝတ်နဲ့ညီအောင်လုပ်ဖို့ဆိုပြီး ပြောလာပါတယ်။ ဒီလိုဖြစ်အောင် ဘယ်သူတွေက ဖန်တီးနေတာလဲ။

အထူးသဖြင့် သတင်းလွတ်လပ်ခွင့် တောင်းဆိုနေခြင်းကို လမ်းလွဲရောက်အောင် တွန်းပို့နေကြခြင်းပါ။ သတင်းလွတ်လပ်ခွင့်ဆိုတာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ပါပဲ။ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ဟန့်တားလာတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်လာမယ်ဆိုရင် ဆန့်ကျင်သွားရမှာ ဖြစ်ပါတယ်။

ယူနတီကိစ္စနဲ့ ပတ်သက်ပြီး EMG က စာနယ်ဇင်းကောင်စီကို မေတ္တာရပ်ခံစာ ပို့တာလည်း ရှင်းပါတယ်။ ကြားဝင်ဖြေရှင်းပေးပို့၊ ပြဿနာကို ဖြေရှင်းတဲ့အခါ လမ်းကြောင်းလွဲမသွားဘဲ လမ်းကြောင်းမှန်အတိုင်း ဖြေရှင်းဖို့ ပြောခဲ့တာပါ။

(၁၁)
လက်ရှိအခြေအနေတွေအရ ယူနတီဂျာနယ်လို ကိစ္စရပ်တွေ အများကြီး ဖြစ်လာမှာပါ။ အစိုးရရဲ့ ခြစားမှုတွေ၊ အာဏာအလွဲသုံးစား ပြုလုပ်မှုတွေ၊ တရားစီရင်ရေး ချို့ယွင်းမှုတွေ၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ ပြည်သူလူထုရဲ့ နစ်နာမှုတွေကို ရတဲ့နည်းလမ်းတွေကနေ သတင်းထောက်တွေက ရေးနေဦးမှာပါပဲ။ ဒီလိုဖြစ်လာတိုင်း သတင်းထောက်တွေကို ဖမ်းဆီးအရေးယူလိုက်တယ် ဆိုတာက အဖြေမဟုတ်ပါဘူး။ ဥပဒေနဲ့အညီ ဖမ်းတယ်ဆိုရင်တောင် မြန်မာနိုင်ငံက ဥပဒေတွေဟာ မျှော့ကြိုးဖြစ်နေတုန်းပါပဲ။

ဥပဒေအထက်မှာ သတင်းထောက်တွေ မရှိပါဘူး။ ဘယ်သူမှလည်း ဥပဒေအထက်မှာ မရှိရပါဘူး။ ယူနတီဂျာနယ်ကို အရေးယူမှုဟာ ဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်ရှိတယ် ဆိုပေမဲ့ သူတို့ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ထောက်ပြပြီး ကျန်တဲ့သူတွေ ထပ်မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သင့်ဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

ယူနတီဂျာနယ် သတင်းထောက်များ ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသော သတင်းအချို့ကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Eleven Media Group

0 comments:

Post a Comment