Sunday, February 9, 2014

လူ့သမိုင်း ငြိမ်းချမ်းရေးဗိသုကာ ချန်ရစ်ထားခဲ့သော သင်ခန်းစာလက်ဆောင်များ

လွန်ခဲ့သော နှစ်အနည်းငယ်ကတည်း သူ့အတွက် အချိန် သိပ်မကျန်တော့ဟူ၍ ခံစားမိခဲ့ပါသည်။ နောက်ဆုံးအချိန်ကို ရောက်ရှိလာခဲ့ပြီး သူ အမှန်တကယ် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပြီကို ကြားသိရသောအခါ ယခင် နာရေး သတင်းများနှင့် မတူသော ခံစားမှု ဖြစ်တည်ခဲ့သည်။ အထူးသဖြင့် ကျွန်တော်တို့ မျိုးဆက်များမှာ သူ၏ ဒဿန၊ လွတ်မြောက်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေး ဗိသုကာလုပ်ငန်းစဉ်များ၊ မဟာတော်လှန်ရေး ခရီးလမ်းနှင့်အတူ ရှင်သန် လာကြသူများပင်။ ၅ ရက်၊ ဒီဇင်ဘာ ၂၀၁၃ ခုနှစ်တွင် သူ၏ နေအိမ်ရှိရာ တောင်အာဖရိကနိုင်ငံ၊ ဂျွန်ဟန်စ်ဘာ့ဂ်မြို့တွင် သူကား ကွယ်လွန်သွားခဲ့ပြီ။ အသက် ၉၅ နှစ် အရွယ် လူပုဂ္ဂိုလ်တစ်ဦး အနေဖြင့်သော်ကား လောက ဓမ္မတာအရ သက်တမ်း ကုန်ဆုံးချိန်ဖြစ်သဖြင့် မထူးခြားလှပါ။ သို့သော် လူ့သမိုင်းကို ပြုပြင်ပြောင်းလဲ နိုင်စွမ်းခဲ့သော ပုဂ္ဂိုလ်ထူး တစ်ဦးအနေဖြင့် သူ၏ ရှင်သန်လှုပ်ရှားခဲ့မှုတို့က ကျွန်တော်တို့ မျိုးဆက်များကို ထုနှင့်ထည်နှင့် ရိုက်ခတ် နိုင်စွမ်းလွန်းလှပါသည်။ ကမ္ဘာကြီးကလည်း သူ့အပေါ်မှာ များစွာ လေးနက်ခဲ့ကြရသည် မဟုတ်ပါလော။

Resize of nelson mandela
ပညာရေးသမားတစ်ဦးအနေဖြင့် ကျွန်တော်သည် နယ်လ်ဆင်မန်ဒဲလား ၏ ဘ၀ ခရီးလမ်းကြောင်း အပေါ်မှာ များစွာ ဆင်ခြင်စဉ်းစားနေ မိပါသည်။ သူချစ်သော တောင်အာဖရိက နိုင်ငံအတွက် သူ၏ တန်ဖိုးနှင့် အဓိပ္ပါယ်များ၊ ကမ္ဘာတ၀ှမ်းတွင် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးစားရုန်းကန် တိုက်ပွဲ ၀င်နေကြသူများ အတွက် မန်ဒဲလားက ပေးအပ်ခဲ့သော ဒဿနများ၊ သန်းပေါင်းများစွာသော တောင်အာဖရိက ပြည်သူများ၏ စိတ်နှလုံးသားများနှင့် နိုင်ငံ့ အကျင့်ကို အောင်မြင်စွာဖြင့် ပြုပြင်ပြောင်းလဲ ခဲ့ရာတွင် ပါဝင်ခဲ့သော သူ၏ အထင်ကရ ကဏ္ဍများ၊ ကျွန်တော်တို့ မျိုးဆက်အပေါ် သူ၏ လွှမ်းမိုးမှုများနှင့် ချန်ရစ်ထား ရှိခဲ့သော ပြုပြင်ပြောင်းလဲရေး အမွေအနှစ်များ။ ဘ၀ တစ်သက်တာတွင် လူသားတစ်ဦးအနေဖြင့် သူ၏ အံ့မခန်း လုပ်ဆောင်ချက်များကို လူ့သမိုင်းက အစဉ်ဂုဏ်ပြုနေ မည်သာဟူ၍ ကျွန်တော် လေးနက်နေမိသည်။ အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရသော ဘ၀၏ သုံးပုံနှစ်ပုံခန့် နှစ်ကာလများတွင် သူ ထားရှိနိုင်ခဲ့သော ခိုင်ကြည်လှ သည့် မေတ္တာတရား၊ သူ၏ ကြောက်ရွံ့မှု ကင်းစင်လှသည့် သူရသတ္တိနှင့် နှလုံးရည်၊ ဇွဲနဘဲ လုံးဝ မလျှော့ခဲ့ဘဲ တစိုက်မတ်မတ် လျှောက်လှမ်းခဲ့သည့် မဟာတော်လှန်ရေး ခရီးကြမ်းများ…။

မန်ဒဲလား၏ ချစ်ခြင်းမေတ္တာ ဒဿန
“အသားအရောင်၊ ဘ၀နောက်ခံ အခြေအနေနဲ့ ကိုးကွယ်ရာ ဘာသာတရားတွေကြောင့်တော့ အခြားသူတပါးကို မုန်းတီးစိတ်နဲ့ ဘယ်လူသား တစ်ဦးတစ်ယောက်မျှ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ မုန်းတီးစိတ်ဆိုတာ ဖြစ်ပေါ် လာဖို့ရာအတွက် လူတွေဟာ လေ့ကျင့်ပေး ခံခဲ့ရတာဖြစ်တယ်။ တကယ်လို့သာ အဲဒီလို မုန်းတီးမှုဖြစ်အောင် လေ့ကျင့်ပေးလို့ ရနိုင်တယ် ဆိုခဲ့ရင် လူတွေကို ချစ်ခြင်းမေတ္တာ ထား တတ်အောင်လို့လည်း သင်ပေးလို့ ရရမှာဖြစ်တယ်။ ချစ်ခြင်း မေတ္တာတရားနဲ့ ဆန့်ကျင်ဖက်တရားတွေထက် ချစ်ခြင်းမေတ္တာကသာလျှင် လူသားရဲ့ နှလုံးသားထဲကို သဘာဝအလျောက် စီးမျော ၀င်ရောက်နိုင်လို့ပါပဲ။” နယ်လ်ဆင်မန်ဒဲလား
သူကွယ်လွန်ခဲ့သော ညနေခင်းတွင် သူ၏ သမိုင်းဝင်ဓါတ်ပုံများကို ကျွန်တော် အင်တာနက် စာမျက်နှာများကတဆင့် ကြည့်ရှုနေခဲ့ပါသည်။ လေးနက်သော ကြေကွဲ ၀မ်းနည်းစိတ်တို့နှင့်အတူ ဤအချိန်အခါတွင် တကမ္ဘာလုံး၏ စိတ်ခံစားမှုတို့ကိုလည်း ဖတ်ရှုနေခဲ့သည်။ မှတ်စုတို ကွန်းမန့်များစွာတွင် သူ၏ အရှိန်အ၀ါ ကြီးမား လွန်းလှခဲ့သော ခေတ်ပြောင်းလှုပ်ရှားမှု သမိုင်းအောင်ပွဲနှင့်အတူ သူ၏ နူးညံ့လှသော အကြင်နာတရားကိုလည်း ထပ်တူထပ်မျှ ဖော်ကျူးထားကြပါသည်။ တကယ်တော့လည်း လူ့သမိုင်းအတွက် ရှားပါးလွန်းလှသော ချစ်ခြင်း မေတ္တာပုံပြင် တစ်ပုဒ်သဖွယ် ဖြစ်နေပြန်ပါသည်။ ဆန့်ကျင်တော်လှန်သော နိုင်ငံရေးအမှုဖြင့် သူအကျဉ်းကျခဲ့ရာ ၂၇ နှစ်သော နှစ်ကာလများတွင် အကျဉ်းထောင် လုံခြုံရေး လူဖြူဝန်ထမ်းများကို မကြာခဏဆိုသလို လဲလှယ်ပေးနေခဲ့ရသည်။ မန်ဒဲလားမှာ များမကြာမီမှာပင် သူတို့၏ ချစ်ခင်လေးစားမှုကို ရရှိလေရာ အကျဉ်ထောင် ဥပဒေတို့ကို လိုက်နာကျင့်သုံးရန် များစွာ ခဲယဉ်းနေ ခြင်းကြောင့်ပင်။ လူသားတို့အပေါ်တွင် မခွဲခြားဘဲ ထားရှိနိုင်စွမ်းသော မန်ဒဲလား၏ ကရုဏာတရားများကို ရက်စက်ကြမ်းကြုတ်မှုတို့က မည်သည့်အခါကမျှ အနိုင်မယူနိုင်ခဲ့ပါ။ တရားမျှတသော လူ့ဘောင်ကို တည်ဆောက်ရန်အတွက်လည်း သူ၏ စိတ်ဆန္ဒတို့ ပိုင်းဖြတ်ထား ပုံမှာလည်း အံ့မခန်းဖွယ်ရာဖြစ်ပြန်သည်။
မန်ဒဲလား၏ ရဲစွမ်းသတ္တိနှင့် မျိုးဆက်များအတွက် ပညာရေးလမ်းကြောင်း
“ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲတဲ့ နေရာမယ် သင်အသုံးပြုနိုင်တဲ့ အင်အားအကြီးဆုံးသော လက်နက်ကတော့ ပညာရေးပဲဖြစ်တယ်။”မန်ဒဲလား
၁၉၁၈ ခုနှစ်တွင် တောင်အာဖရိက လူမျိုးနွယ်စုခေါင်းဆောင် မိသားစုမှ မွေးဖွားလာခဲ့သူ Rolihlahla Mandela မှာ ငယ်ရွယ်စဉ် အခါက ခရစ်ယာန်မစ်ရှင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် ၇ နှစ် အရွယ်တွင် Nelson အမည်ပေးခဲ့သည်။ သူ၏ ကမ္ဘာကျော် စာအုပ်ဖြစ်သည့် A long walk to freedom လွတ်မြောက်ခြင်းဆီသို့ ခရီးရှည် - စာအုပ်ထဲတွင် မန်ဒဲလားက ဤသို့ ရေးမှတ်တင်ပြ ထားသည်။ “ကျွန်တော် ရရှိခဲ့တဲ့ ပညာရေးက ဗြိတိသျှ ပညာရေးစနစ်ပါ။ ဗြိတိန်တို့ရဲ့ အတွေးအမြင်၊ အင်္ဂလိပ်ယဉ်ကျေးမှုနဲ့ အင်္ဂလန်လူ့ အဖွဲ့အစည်းတွေကို ပိုမိုသာလွန်တဲ့ လူတန်းစား အလွှာအနေနဲ့ ရှုမြင်ကြတဲ့ ကာလမှာပါ။ အာဖရိက ယဉ်ကျေးမှုဆိုတာ တစိုးတစိတောင်မျှ မပါရှိခဲ့ပါဘူး။”
ဗြိတိသျှယဉ်ကျေးမှုထဲက ကောင်းနိုးရာရာများကို မှတ်သားလေ့လာခဲ့သည်။ အထူးသဖြင့် ဗြိတိသျှတို့၏ တရားမျှတမှုနှင့် တန်းတူညီမျှမှု စနစ်မှာ တောင်အာဖရိက လူမျိုးနွယ်စုခေါင်းဆောင်ငယ်လေး၏ ရင်ဘတ်ထဲတွင် စွဲမြဲတည်ရှိနေခဲ့သည်။ သို့ရာတွင် သူ၏ မူလ ဇစ်မြစ်ဖြစ်သော အာဖရိက ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များမှာ လွင့်ပြယ်မသွားခဲ့ပါ။
ငြိမ်းချမ်းရေးအတွက် တော်လှန်ခရီးရှည်ကြီးဖြင့် တိုင်ပြည်ထူထောင်ခဲ့ပုံမှာ အင်မတန်မှ ရှားပါးလွန်းလှသော ရဲစွမ်းသတ္တိမျိုးဟု ဆိုရပါမည်။ သို့ရာတွင် ရှင်သန် ကျန်ရစ်နေသေးသော ကျွန်တော်တို့ မျိုးဆက်များစွာတို့ လေ့လာ ကျင့်ယူနိုင်သည့် စိတ်ဓါတ်သတ္တိလည်း ဖြစ်နေ ပြန်ပါသည်။ ပုံစံတူ ပွားယူနိုင်ခြင်းအတွက်တော့ ကမ္ဘာကြီးအတွက် ၀မ်းမြောက်ဖွယ်ရာ။ ပညာရေးပြုပြင်ပြောင်းလဲမှုတို့ လုပ်နေသော မြန်မာနိုင်ငံအတွက်လည်း မန်ဒဲလားအစိုးရ၏ လူထုပညာရေးလှုပ်ရှားမှုများ၊ ဆရာအတတ်ပညာရေး မြှင့်တင်မှုများနှင့် ငြိမ်းချမ်းရေး သင်ရိုးညွှန်းတမ်းတို့မှာ အတုယူဖွယ်ရာ ဖြစ်ပါသည်။ စံတန်ဖိုးများကို ညီမျှခြင်း ချကြည့်ပြီး ပူးပေါင်း ဆောင်ရွက်သင့်မှ သာလျှင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ မန်ဒဲလား၏ ဘ၀တစ်သက်တာ လှုပ်ရှားမှုများက ကျွန်တော်တို့ အတွက် ပညာရေးဆိုင်ရာ ရွေးချယ်စရာများကို လမ်းညွှန်ပေးနေပါသည်။ ပညာရေး စံနှုန်းများနှင့် ကျင့်ဝတ်သိက္ခာကို ထိပါးစေမည့် မူဝါဒများကိုတော့ ရဲရဲကြီး ဆန့်ကျင်ရန် ၀န်မလေးသင့်ပါ။
ကျောင်းတွင်းနှင့် စာသင်ခန်းများအတွင်းမှာလည်း အခြားသူတပါး၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် တရားမျှတမှုတို့ကို  ထိပါးစေမည့် လုပ်ဆောင်မှုများကို ရှောင်ရှားတတ်စေရန်နှင့် အမှန်တရားကို ချစ်မြတ်နိုးတတ်စေရန် မန်ဒဲလားက နှစ်ပေါင်းများစွာ စောင့်ထိန်းပြသခဲ့လေပြီ။
မန်ဒဲလား၏ မဆုတ်မနစ်သော စိတ်ဓါတ်
“ကျွန်တော်ဟာ လွတ်မြောက်ရေး ပန်းတိုင်ဆီသို့ ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့ပါပြီ။ အင်အားနဲ့ အရှိန်အဟုန် မကုန်ဆုံးသွားစေဖို့ ကြိုးစားခဲ့တယ်။ ဒီခရီးရှည်ကြီးထဲမှာ ခြေလမ်းမှားတွေနဲ့ အလွဲလွဲ အချော်ချော်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တယ်။ အင်မတန်မြင့်မား မက်စောက်လှတဲ့ တောင်ကြီးကို ကျော်လွှားပြီးခဲ့တဲ့ အခါတိုင်းမှာ နောက်ထပ်လို့ တက်ရောက်ရမယ့် တောင်တွေ အများကြီး ရှိနေသေးတယ်ဆိုတာ ပါပဲ။ ဒီနေရာလေးမှာ ခေတ္တခဏငယ်လောက်တော့ အနားယူပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က ရှုမငြီးတဲ့ မြင်ကွင်းကျယ်ကြီးကို ချောင်းမြောင်း ကြည့်ရှုပါတယ်။ လျှောက်လှမ်းလာခဲ့ပြီးတဲ့ လမ်းကြောင်းနဲ့ အကွာအဝေးကို ပြန်မျှော်ကြည့်မိတယ်။ ဒါပေမယ့် ကျွန်တော် ခေတ္တခဏငယ်မျှသာ အနားယူနိုင်ခွင့်ရှိပါတယ်။ လွတ်မြောက်မှုနဲ့အတူ တာဝန်ဝတ္တရားတွေ တသီကြီး ပါလာခဲ့ပြီ။ ကျွန်တော် မကြန့်ကြာဝံ့၊ မနှောင့်နှေးဝံ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ ခရီးရှည်ကြီးဟာ အဆုံးမသတ်သေးလို့ပါပဲ။” မန်ဒဲလား
ဤအဆိုအမိန့် စကားထဲမှာ ကျွန်တော်တို့ ပညာရေးသမားများအတွက် ထုတ်နုတ်ယူစရာ သင်ခန်းစာများစွာ ပါရှိနေပါသည်။ မျိုးဆက်သစ် ကျောင်းသား လူငယ်များနှင့်လည်း ကျွန်တော်တို့က ဆက်လက် ပြောဆိုဆွေးနွေးရန် လမ်းကြောင်း ခင်းပေးထားသေးသည်။ ခေတ္တခဏငယ်မျှ အနားယူပြီး မြင်ကွင်းကျယ်ကို ချောင်းမြောင်း ကြည့်ရှုရန်ကိစ္စလည်း ပါနိုင်ပါသည်။ ခရီးလမ်းတိုင်းတွင် အနားယူခြင်းမှာ လိုအပ်သည် မဟုတ်ပါလား။ လာခဲ့ရာ လမ်းကြောင်းကို ပြန်မျှော်ကြည့်ရှု ရန်လည်း အကြံပေးထားသည်။ သမိုင်းဆရာတို့က ဆိုကြသည်။ အတိတ်လမ်းကြောင်းကို ပြန်လှန်ဆန်းစစ် လေ့လာတတ်ရန် လွန်စွာ အရေးကြီးသည်တဲ့။ ဤသို့ဖြင့် ကျွန်တော်တို့၏ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို တွေ့မြင်လာရသည်။ လမ်းကြောင်းကို ထိန်းညှိခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မည်။ မိမိတို့ ကြိုးပမ်း လျှောက်လှမ်းနေခြင်းကို တန်ဖိုးထားနိုင်မည်။ နောက်ဆုံး သတိပေးစကားကိုလည်း မမေ့မလျော့သင့်ပါ။ ဆက်လက် ချီတက်ရဦးမည့် ခရီးရှည်ကြီးက ရှိနေသေး သည်တဲ့။ ခရီးရှည်ကြီးမှာ မည်သည့်အခါမျှ အဆုံး မသတ်သင့်ကြောင်းကို မျိုးဆက်များအတွက် လမ်းညွှန်ထား ဘိသကဲ့သို့…။ ကျွန်တော်တို့ တိုင်းပြည်မှာကော…။ မည်သူတို့အတွက် ခရီးရှည်ကြီးကို ဆက်လက် ချီတက်ရမည်လဲ။ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းရေးကို ငတ်မွတ်နေသူတို့ သန်းပေါင်း မည်မျှ ရှိနေပါသလဲ…။ တာဝန်ကိုယ်စီ ရှိကြသည်ဟူ၍တော့ ပိုမို ရှုမြင်လာကြပြီ။ ဘာတွေ လုပ်ဖို့ ကျန်ရှိနေပါသလဲ။ ဘယ်သူတွေက လုပ်ရမှာလဲ။ ကျွန်တော့်၏ စာသင်ခန်းထဲမှ ကျောင်းသူ ကျောင်းသားများနှင့် ဆွေးနွေးစရာ မေးခွန်းတွေ၊ ခေါင်းစဉ်တွေက တသီတသန်းကြီး ပေါ်ထွက်လာခဲ့ပြီ။
******
နှစ်စဉ်နှစ်တိုင်းတွင် စာသင်ခန်းအတွင်း ဖတ်ရှုလေ့လာရန်၊ ဆွေးနွေးဝေဖန်ရန်၊ သင်ခန်းစာကြီးကြီး ရယူရန် အတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ် တော့ဖြင့် တိုးလာခဲ့ပြီ။ တိုင်းပြည် တည်ဆောက်မှု၊ ပေးဆပ်စွန့်လွှတ်မှု၊ ခေါင်းဆောင်မှု စွမ်းဆောင်ရည်၊ ချစ်ခြင်းမေတ္တာ၊ ဇွဲလုံ့လ၊ သူရသတ္တိ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ ရောပြွမ်းပါဝင်နေသော အတ္ထုပ္ပတ္တိ တစ်ပုဒ်ကိုတော့ဖြင့် ကျောင်းသူကျောင်းသားများ မလွဲမသွေ ဖတ်ရှုနိုင်ရန် သင်ခန်းစာများ ပြင်ဆင်ရပါဦးမည်။
သိန်းနိုင်
Maukkha Education Magazine

0 comments:

Post a Comment