Sunday, September 14, 2014

လိမ်လည်မှုများစွာဖြင့် ခေါင်းလောင်းရှာပုံတော်

ဓမ္မစေတီခေါင်းလောင်းကို ဦးစံလင်းဦးဆောင်၍ မြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့်ဆယ်ယူနေသည်မှာ ယနေ့တွင် ၃၈ရက်ရှိပြီဖြစ်သည်။ ခေါင်းလောင်းအား သြဂုတ်၉ရက် ကစတင်ရှာဖွေခဲ့ပြီး သြဂုတ် ၂၆ရက်တွင် နဂါးအပါအ၀င် အရိယာဝိဇ္ဇာအပေါင်းခွင့်ပြုချက်တောင်းပြီးနောက် ခေါင်းလောင်းတွေ့ပြီဟုဦးစံလင်းက ကြေညာခဲ့သည်။ ခေါင်းလောင်းစတင်တူးဖော်စဉ်ကတည်းက ယုံကြည်သူများရှိခဲ့သလို မယုံကြည်သူများလည်း ရှိခဲ့ကြသည်။ ခေါင်းလောင်းရှိသည်ကိုပင် မယုံကြည်သူများကလည်းရှိပြီး ခေတ်မီသိပ္ပံနည်းကျမဟုတ်ဘဲ မြန်မာ့နည်း မြန်မာ့ဟန်ဟုဆိုကာ နဂါးများအကြောင်းပါဝင်လာသောအခါ လက်တွေ့သမားများအတွက် ရယ်စရာတစ်ခုဖြစ်ခဲ့သည်။ ခေါင်းလောင်းကြီးကိုကုန်းပေါ်တွင်နေသူဦးစံလင်းကတွေ့ပြီဟု ကြေညာခဲ့သော်လည်း တကယ်တမ်းရေအောက်တွင်ငုပ်သူ ဦးသန်းညွန့်က မတွေ့ခဲ့ဟုပြောခဲ့သည်။ ထို့အပြင် ရေငုပ်နေသူများမှာ ဆလုံတိုင်းရင်းသားများဟုဆိုသော်လည်းလက်တွေ့တွင်ဆလုံတိုင်းရင်းသားများမဟုတ်ပေ။ ပွင့်လင်းမြင်သာမှု မရှိသလို၊ ခေါင်းလောင်းဆယ်ယူမှုနှင့်ပတ်သက်၍ ပြောဆိုမှုများစွာပြုလုပ်သောဦးစံလင်းနှင့်အဖွဲ့ ခေါင်းလောင်းနှင့်ပတ်သက်၍ ပြည်သူများ၏အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။ဦးပညာသီဟ
ရွှေည၀ါဆရာတော်

ခေါင်းလောင်းကိစ္စက ဘာသာရေးနဲ့ ဆက်နွှယ်နေတဲ့ကိစ္စဖြစ်နေ တော့ ဗုဒ္ဓဘာသာရဟန်းရှင် လူအသိပညာရှင်၊ အတတ်ပညာရှင်အားလုံး အနေနဲ့ အတိအလင်းဝေဖန်ချပြပြောဆိုဖို့ ချဉ်းကပ်ရတာအတော်လေး ချင့်ချိန်နေရတယ်။ ဗုဒ္ဓဘာသာမြန်မာတွေ အများစုဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် မျက်စိစုံမှိတ်ယုံလွန်းအားကြီးတော့ တစ်ဖက်က လိမ် မယ်၊ ညာမယ်ဆိုရင် အကောင်းဆုံးပျော့ကွက်ကို အထင်းသားတွေ့နေ ရတယ်လေ။ ဒါဟာ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စီးပွားရေးအရဘဲဖြစ်ဖြစ် လိမ်မယ့်သူတွေဘက်က အမြဲတန်းရနေတဲ့ အခွင့်အရေးကြီးဖြစ်နေ တယ်။ ဒီအချိန်မှာ အစိုးရအနေနဲ့ ၂၀၁၅ အတွက် နိုင်ငံရေးမာယာတွေကို အစွမ်းကုန်ထုတ်သုံးနေပြီ။ သူတို့အတွက် ဖိအားတွေများနေသလို အရမ်းအရေးကြီးနေတဲ့ အချိန်အခါမျိုးလည်းဖြစ်နေတော့ ခွေးကိုက်လို့ရရ တုတ် ပြစ်လို့ရရ ဘယ်လိုရရ ရမယ်ဆိုရင် ဘနှဖူးသိုက်တူးဖို့တောင် ၀န်မလေး ဘူးဆိုသလိုပဲ နိုင်ငံရေးအာရုံတွေကို နိုင်ငံသားတွေ မျက်စိလည်၊ ရှုပ်ထွေးကုန်အောင်ရတဲ့ နည်းနဲ့ ဘာသာရေး၊ လူမျိုးရေး၊ အကုန်အသုံးချ အမြတ်ထုတ်သွားဖို့ ဘယ်တော့မှ ဘာကိုမှထုတ်သုံးဖို့ ၀န်လေးနေမှာမဟုတ် ဘူး။ နိုင်ငံရေး ရုပ်ပြောင်းအာရုံပြောင်း၊ အကွက်ရွှေ့လုပ်ပြနိုင်သူဆိုရင် မင်းတင်ပြထားသလိုပဲ လိုတာအကုန်နောက်ကွယ်ကနေ ပံ့ပိုးပေးမယ်။ ဒါသူတို့ နည်းဗျူဟာတွေပဲ ဖြစ်တယ်။ စိတ်ဝင်စားသူလာကြည့်တဲ့ သူများအောင် မီဒီယာတွေပါရောက်လာအောင် (သူတို့မီဒီယာတွေကစလို့) စတုဒိသာအကျွေးအမွေးတွေနဲ့ ဧည့်ခံ၊ သူတို့လူအလံရှူးတွေထည့်အော်ခိုင်း၊ပြောခိုင်း။ ဒါတွေဟာလုပ်နေကျအကွက်တွေဆိုပေမယ့် ဘာသာရေးနဲ့ ဆက်နွှယ်နေတော့ ရဟန်းရှင်လူတွေက မပြောရဲ၊မဝေဖန်ရဲကြဘူး။ သူများတွေ ၀ိုင်းပြော၊ ၀ိုင်းတွယ်၊ ၀ိုင်းတီးကြမှာကို စိုးရိမ်ကြောက်ရွံ့နေကြတယ် လေ။ တို့ကတော့ လူရော၊ မူရောခုလို အချိန်အခြေအနေ (တိုင်းပြည်လူ မျိုးအတွက်) အရေးကြီးနေတဲ့အခါ ဘယ်သူ့ကိုမှ အားနာနေလို့ မဖြစ်ဘူး။အားနာရင် (တိုင်းပြည်နဲ့ လူမျိုး)နာတယ်။

ကိုနေသွေး
(ယာဉ်မောင်း)ရွှေပြည်သာမြို့နယ်

ခုလက်ရှိကတော့ ဆယ်တဲ့နေရာကိုသွားတဲ့သူတွေနည်းသွားပြီဆို တော့ ပြည်သူတွေအနေနဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ မယုံတော့ ဘူးလို့ထင်တယ်။ တကယ်ပေါ်လာရင်တော့ အရမ်းဝမ်းသာစရာပေါ့။ ကမ္ဘာပေါ်မှာလည်း အကြီးဆုံးခေါင်းလောင်းဖြစ်လာမှာလေ။ ဒါပေမဲ့ အရင်တစ်ခေါက်တုန်းကလည်း ဆယ်ဖို့ကြိုးစားသေးတယ်။ အဲဒီတုန်းက လုံးဝမအောင်မြင်ဘူး။ အဲဒီတုန်းကတော့ မြန်မာ့နည်း၊ မြန်မာ့ဟန်မဟုတ်ခဲ့ဘူး။ ခုက မြန်မာ့နည်း၊ မြန်မာ့ဟန်ဆိုတော့ ပြည်သူတွေစောင့်ကြည့် နေတယ်။ ဘယ်လိုနည်းတွေ သုံးမလဲ၊ ဘာတွေများထူးခြားလာမလဲ ဆိုတာကို စောင့်ကြည့်တယ်။

စဆယ်မယ်ဆိုကတည်းက ၀မ်းသာအားရနဲ့ စောင့်မျှော်နေကြတာ ပဲ။ ခုတော့ရက်တွေကလည်း ကြာနေပြီဆိုတော့ သိပ်ပြီးတော့ မယုံချင် ကြတော့ဘူး။ အစိုးရပိုင်းက ၀င်ပြီးမပြောဘူးဆိုတာတစ်ခုတော့ ဦးစံ လင်းနဲ့ ကြားမှာ ကတိတစ်ခုရှိပုံရတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ ဦးစံ လင်းရဲ့နောက်က အထောက်အပံ့ပေးတဲ့သူတွေကလည်း အစိုးရနဲ့ ဘယ်လိုတွေပတ်သက်နေလဲဆိုတာတွေ၊ အဲဒါကြောင့် အစိုးရလည်း စောင့်ကြည့်နေသေးတာလား။ ဖြစ်ချင်တာကတော့ ပြည်သူကတော့ အများ ကြီးမျှော်လင့်နေတာပဲ။ သူသာတကယ်လို့ လိမ်သွားမယ်ဆိုရင် တရား ဥပဒေအရ အရေးယူသင့်တယ် စံပြအနေနဲ့။ ပြည်သူလူထုရဲ့ယုံကြည်မှု တွေ အကုန်လုံးလိမ်သွားမယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေး ယူသင့်တယ်။ တကယ်လို့ သူဖော်နိုင်ခဲ့တယ်ဆိုရင်ကောင်းကောင်းမွန်မွန်ဂုဏ်ပြုသင့်တယ်ပေါ့။

ဦးလေးဇင် စာရေးဆရာ
ဇာတ်ပွဲမန်နေဂျာ

ကိုယ်က မိရိုးဖလာဗုဒ္ဓဘာသာဆိုတော့ ခေါင်းလောင်းကြီးရှိခဲ့တာကို တော့ ယုံခဲ့ပါတယ်။ ယုံပေမယ့် မရှိတော့ဘူးလို့ပဲယူဆလိုက်ပါတယ်။ ရှိတယ်ဆိုတာ လက်ခံလို့မရတော့ဘူး။ ဝိဇ္ဇာနည်းတွေနဲ့ဆိုတာကို လက် မခံနိုင်ဘူး။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါကလက်မခံဘူး။ သူတို့ဓာတ်ခန်းပေါ်တောင် မတက်ရတို့၊ ဘာတို့တွေနဲ့ လုပ်နေကြတာ လေ။ ဆယ်လို့ရသွားရင်လည်း နဂါးမင်းကြီးတွေ၊ ဘိုးတော်တွေကြောင့် ဆိုတာတွေဖြစ်လာရင် လူတွေမှာအတွေးတွေ၊ နောက်မပြန်စေချင်ဘူး ကွာ။ တိုင်းပြည်တောင်နောက်ပြန်ချင်နေတဲ့ ဥစ္စာကြီး။ လူတွေရဲ့အသိ ဉာဏ်ကို နောက်မပြန်စေချင်ဘူး။ မရနိုင်တာလည်းသေချာသွားပြီ။ လူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် စဉ်းစဉ်းစားစားလေးလုပ်တာကောင်းပါ တယ်။ ထစ်ခနဲဆို ခွေးနှစ်ကောင်ကိုက်လည်းထသွားကြည့်ကြတာဆိုတော့ လူတွေပိုက်ဆံကုန်သွားတာပေါ့ကွာ။ အစိုးရကလည်းပြောသင့်ပြီထင်တယ်။ တစ်စုံတစ်ရာတော့ပြောသင့်ပါပြီ။ အစိုးရကပါ အဲဒါတွေကို ယောင်တောင်တောင်ဖြစ်နေလို့လား။ ဦးစံလင်းတို့ကိုလည်း လိမ်တယ် လို့လည်းမဆိုချင်ပါဘူး။ သူတို့လည်း ယုံကြည်လို့လုပ်တာတူပါတယ်။ သူတို့ယုံကြည်တာဟာ မအောင်မြင်ဘူးပေါ့။ သူတို့က လူသိရှင်ကြား လည်း လုပ်တာဆိုတော့ ယုံကြည်မှုတစ်ရပ်အနေနဲ့ဆိုတော့ပြောရခက် သွားတယ်။ ဘာပဲဖြစ်ဖြစ် အများနဲ့ဆိုင်တဲ့ပိုက်ဆံတွေ၊ ဘာတွေနှမြော စရာကြီး။ လှူဒါန်းထားတာတွေက တစ်စုံတစ်ရာကတော့ ပြင်းပြင်းထန် ထန်ပဲဖြစ်ဖြစ်ပြောသင့်တယ်။ အစိုးရက ဒီလိုကြီးမနေသင့်ဘူး။ ငြိမ်မနေ သင့်ဘူး။

ဦးလှကို
(တရားလွှတ်တော်ရှေ့နေ၊ မန္တလေးမြို့)

ပထမတုန်းကတော့ တွေ့ပြီပြောတယ်။ တွေ့ပြီပြောပြီး လက်တွေ့ လုပ်တဲ့သူတွေရော ဆယ်တဲ့သူတွေရော မတွေ့တော့ဘူး ပြောပြန်တယ် ဆိုတော့ သူတို့က ယုံနိုင်စရာမရှိဘူးပေါ့။ လူထုထဲမှာကလည်း နဂါးတွေ က တကယ်အုပ်ချုပ်နေတယ်ဆိုတာ ယုံနေကြတော့ လိမ်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ယုံတဲ့သူတွေကရှိနေတာကိုး။ အစိုးရတာဝန်ရှိသူ တွေအနေနဲ့ အရေးယူလို့တော့ မရဘူး။ တကယ်ထိထိမိမိရှာချင်တယ် ဆိုရင်တော့ အစိုးရက ကြပ်မတ်ပြီး လုပ်သင့်တယ်။ အခုလိုလွှတ်ထားတာ မျိုးမလုပ်သင့်ဘူး။ ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာရေးအမွေအနှစ်လို့ ထင်ရင်အစိုးရကို ကြီးကြပ်လုပ်သင့်တာ။

ဦးကျော်ဇင်
လူထိပ်မိုးပြည်ပအလုပ်အကိုင်အေဂျင်စီ (မန်နေဂျင်းဒါရိုက်တာ)

သူကတွေ့ပြီလို့ပြောတာက လိမ်တာကြီးဖြစ်နေတာကိုး။ တကယ် တမ်းက သိပ္ပံပညာထွန်းကားနေတဲ့ ခေတ်ကြီးမှာ နိုင်ငံခြားအကူအညီနဲ့ ယူလို့ရတာပဲအစကတည်းက မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လုပ်နေတာလေ။ မယုံကြည်တာ မဟုတ်ဘူး။ လွဲနေတယ်ထင်တာ။ သူက ခေါင်းလောင်း မဟုတ်ဘဲ တစ်ခုခုရှာနေတာများလားမှ မသိတာ။ အဲဒီနားမှာနေတဲ့ အသက် ၈၀ ကျော် ရေငုပ်သမားတွေက အစောကြီးကတည်းက မရှိဘူးလို့ ပြောတာ။ အဲဒါကို သူတို့က ဆက်တူးနေတယ်ဆိုတော့ နောက်မိုးတွင်းဘက်ကြီးမှာ သောင်တူးစက်တွေနဲ့ တူးတာဆိုတော့ စဉ်းစားစရာပဲလေ။ ရေ ကြည်တဲ့ အချိန်ထိစောင့်သင့်တာပေါ့။ မြန်မာရေကြောင်း ရေနက်ထဲမှာ ပဲလေ။ အကယ်၍ အစိုးရက ပူးပေါင်းချင်ရင် အစတည်းက ပူးပေါင်းမှာပဲ သိပ်မကြိုက်လို့ပေါ့။ တကယ်တမ်းမတွေ့ရင် တိုင်းပြည်ကိုညာတာပေါ့။ အစိုးရအနေနဲ့ ဒီအတိုင်းမထားသင့်ဘူး။ အရေးယူဆောင်ရွက်မှုမျိုးလုပ် သင့်တယ်။

ဦးကျော်သိန်း
တောင်ဥက္ကလာပမြို့နယ် (တက္ကစီယာဉ်မောင်း)

ဦးတို့လည်း ခေါင်းလောင်းကြီးဆယ်တယ်ဆိုတော့ ၀ယ်ဖတ်တာ ပေါ့။ နောက်ရှာတွေ့ပြီဆိုတော့ ၀မ်းသာတာပေါ့။ အခုမတွေ့ဘူးဆိုတော့ဘာမှမပြောနိုင်တော့ဘူး။ ရှေ့တုန်းကလည်း ကြိုးစားခဲ့ပြီးပြီ မတွေ့ခဲ့ဘူး လေ။ ပထမက တွေ့တယ်ဆိုပြီးတော့ ရေငုပ်သမားတွေပြောသွားတာ ပိုတိကျတာပေါ့။ ရေငုပ်တဲ့သူတွေက အောက်ဆင်းတာဆိုတော့ သူတို့ အသိဆုံးပဲလေ။ အခုလို မတွေ့တော့ ဆုံးရှုံးစရာတွေဖြစ်တာပေါ့။ ငွေ ကြေးတွေ အချိန်တွေဆုံးရှုံးတာပေါ့။ တွေ့ရင်တော့ ၀မ်းသာစရာပဲပေါ့။ ယဉ်ကျေးမှုအမွေအနှစ်ပဲ။ အခုတော့ နောက်ဆုံးရယ်စရာလိုပဲ ဖြစ်တာ ပေါ့။ အစိုးရကတော့ သူတို့အပိုင်းပဲပေါ့။ အခုလို မတွေ့တော့ သူတို့ အရေးယူဖို့ အပိုင်းက အစိုးရနဲ့ပဲ ဆိုင်တယ်။ ဦးတို့က အပြင်လူတစ် ယောက်အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး နားမလည်ဘူး။

ဆရာ မင်းခန့်ကျော်
(ဗေဒင်ဆရာ)

အခုပုံစံက ခေတ်မီနည်းစနစ်တွေ မသုံးဘဲနဲ့ နဂါးလိုလို၊ ဘာလိုလို လျှောက်ပြောနေတာဆိုတော့ မဖြစ်သင့်ဘူး။ တိုင်းပြည်ကလည်း လွတ် လပ်နေပြီ ဒီမိုကရေစီခေတ်ကာလကိုပဲ ရောက်နေပြီဆိုတော့ တိုင်းသူ ပြည်သားတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အမြင်တစ် ခုကို ချပြသင့်တယ်။ ခုက ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ ဆယ်နေတာက လည်း ကြာနေပြီဆိုတော့ အစိုးရအနေနဲ့လည်း ဒါဟာမှန်ကန်တယ်။ မမှန်ကန်ဘူးဆိုတာ ၀ိဝါဒကွဲပြားအောင်တော့ လုပ်ပေးဖို့ကောင်းတယ်။ သူပြောထားတဲ့အချိန်က ၁၄ ရက် နောက်ဆုံးဆိုပြီး အခုချိန်ထိလည်း ဘာမှ မထူးသေးဘူး။ ခေါင်းလောင်းအပေါ်မှာ လူတွေ တော်တော် မျှော်လင့်ကြတယ်လေ။ အဲဒီတော့ နိုင်ငံတော်ဘက်ကလည်း ဒီခေါင်း လောင်းကြီး တကယ်ရှိနေတာလား။ ရှိရင်လည်း ရှိတယ်၊ မရှိရင်လည်း မရှိဘူး။ နည်းပညာတွေက ပေါ်နေပြီပဲ။ ရေထဲမှာရှိရင် GPS စနစ်တွေနဲ့ ရှာသင့်တယ်။ အဲဒါကို သွားကြည့်ပြီး ဒါတွေ မှန်တယ်၊ မမှန်ဘူးပြောပြ သင့်တယ်။ ဦးစံလင်းဘက်ကိုလည်း အပြစ်မပြောချင်ဘူး။ တွေ့ရင်တွေ့ တယ်၊ မတွေ့ရင် မတွေ့ဘူးဆိုတာကို ပြောသင့်တယ်။ ခုသူပြောထား တဲ့ရက်လည်း ကျော်ပြီ။ စွန်းဦးတီထွင်ပြီး ရှာတဲ့လူကို အပြစ်တော့ မပြောချင်ပါဘူး။

ကိုသန်းမြင့်
(မြောက်ဒဂုံမြို့နယ်)

ကျွန်တော်တို့ကတော့ စဖော်ကတည်းက စိတ်ဝင်စားနေတာ။ ခုတော့ ဘယ်လိုထင်သလဲဆိုတော့ ကျွန်တော်တို့ကရမယ်ထင်တာပဲ။ ကျွန်တော့်အမြင်ကတော့ရမယ်လို့ထင်တယ်။ သွားတော့မကြည့်နိုင်ဘူး။ သတင်းစာတွေတော့ ဖတ်ဖြစ်တယ်။ ပေါ်မယ်ထင်တယ်ပေါ့။

လုပ်တဲ့အဖွဲ့တွေကလည်း တကယ်လုပ်မယ်ထင်တာပဲ။ သူတို့ တွေကောင်းကောင်းလုပ်မှာပါ။ ခုပြောနေတာတွေတော့ ကျွန်တော်မသိ ဘူး။ ဒါပေမဲ့ သူ့အနေနဲ့ အဲဒီလိုတော့လုပ်မယ်လို့ မထင်ပါဘူး။ သတင်း တွေထွက်နေတယ်ဆိုပေမယ့် အဲဒီလိုလုပ်မယ်မထင်ဘူး။

ကျွန်တော့်အထင်တော့ အစိုးရက ကူညီသင့်တယ်ထင်တာပဲ။ ဘယ်လိုပြောရမလဲ။ သူတို့တွေက ဒါလုပ်ဒါလုပ်ဆိုပြီး ညွှန်ကြားပြီးပိုလို့ တောင် လုပ်ပေးသင့်တယ်လို့ထင်တယ်ပေါ့။ မလုပ်ပေးဘူးဆိုတာ အစိုးရက စိတ်မ၀င်စားဘူးထင်တာပဲ။ ကျွန်တော့်အမြင်ပဲပေါ့။ ကျွန် တော့်အမြင်ကတော့ ဦးစံလင်းက သတင်းတွေထွက်နေသလို အလှူငွေ တွေနဲ့ ပျောက်သွားမယ်လို့ မထင်ပါဘူး။ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ သူ့ဟာနဲ့သူ တရားဥပဒေအတိုင်းသွားမှာပါပဲ။

ကိုအေးသွင်
(ကမာရွတ်မြို့နယ်)

သိပ်ပြီးတော့ မထင်ဘူး။ ဘယ်လိုထင်သလဲဆိုတော့ ဒါကြီးက ရှေ့ အစဉ်အဆက်က ဘယ်သူမှ မလုပ်ခဲ့တာ။ ဒါကြောင့် သိပ်ပြီးတော့ မယုံ ကြည်ပါဘူး။ ရှိမယ်လို့လည်း မထင်ပါဘူး။ ရှိတယ်ဆိုသူ့ဟာနဲ့သူကုန် ဆုံးသွားပြီပေါ့။ ပျောက်သွားလောက်ပြီ။ အောက်တွေမှာလည်း နစ်ရင် လည်း နစ်နေမှာပဲ။ နဂါးသိုက်ရှိတယ်တို့၊ ဘာတို့၊ ဒါတွေကလည်း အရင်တုန်းကသာ သမာဓိရှိတဲ့သူတွေတုန်းကသာ မြင်တွေ့ရင် တွေ့ရ မယ်။ ခုသမာဓိရှိတဲ့သူက နည်းသွားပြီး။ ဒါတွေလည်း မရှိလောက်တော့ ဘူး။ ပိုက်ဆံတွေဆုံးရှုံးတာပဲရှိမယ်။ အဲဒါတွေကို နိုင်ငံတော်အတွက် အကျိုးအမြတ်ပြုလိုက်ရင် မရှိတဲ့သူတွေကိုပေးလိုက်ရင် ဘယ်လောက် ကောင်းမလဲ။

ဦးစံလင်းကတော့ ကောင်းအောင်လုပ်တာပဲ။ သူပြောတာက တကယ်တွေ့တယ်ဆိုပြီး ခုလိုဆိုရင်တော့ အရေးယူရမှာပဲ။ ဒါပေမဲ့ မိမိတွေ့မှ မိမိယုံရမယ်လေ။

ဇော်လတ်
(တောင်ဒဂုံမြို့နယ်)

ခုကိုယ်တို့ကတော့ ဒီသတင်းကို စောင့်နေတာပဲ။ ဦးစံလင်းနဲ့ ပတ် သက်ပြီးတော့ သူကတော့ ဘာသာရေးတရားလုပ်နေတာကြောင့် ကျွန် တော်တို့အနေနဲ့ပြောလို့မရဘူးဗျ။ ဗုဒ္ဓဘာသာတွေဖြစ်နေတာကြောင့် ဒီအပိုင်းတွေက ဝေဖန်လို့လည်း မရဘူး? ပြောလို့လည်း မရဘူးဖြစ်နေ တယ်။ကျွန်တော်တို့အနေနဲ့ ၀ိဇ္ဇာနဲ့ဆယ်တယ်ပြောပြော၊ သိပ္ပံနဲ့ဆယ် တယ်ပြောပြော။ ဒါတွေက ဗုဒ္ဓဘာသာနဲ့ ဆိုင်တယ်။ ဘုရားမှာလှူတဲ့ ခေါင်းလောင်းဖြစ်တာကြောင့် ပြန်ဆယ်လို့ရရင်တော့ ၀မ်းသာရမှာပဲ။

ဦးစံလင်းတို့အနေနဲ့ အလွဲသုံးစားလုပ်တယ်ဆိုရင်လည်း သူဟာ လူကြီးတစ်ယောက်ဆိုတော့ သူလုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ အစိုးရပိုင်းက ၀င်မပါတာကလည်း သူတို့ကအစကတည်းက ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောထားတယ်လေ ခွင့်ပြုပေးမယ်၊ မပတ်သက်ဘူးဆိုတဲ့ သဘောတော့ပြောတယ်။ ဂျာနယ်ထဲမှ ဖတ်ရတာကိုပြောတာပါ။ ဒါကိုပြည်သူတစ်ယောက်အနေနဲ့ ပြောလို့မရဘူးလေ။

ခုရှာနေတဲ့အပိုင်းကတော့ ဒီခေါင်းလောင်းရဲ့ သက်တမ်းနဲ့ ခုရှာပုံ ရှာနည်းနဲ့ကတော့ ကျွန်တော့်အနေနဲ့ ပြောရရင်သိပ်ပြီးတော့ အားမရဘူး။ရွေ့လျားသွားတာလည်းဖြစ်နိုင်မယ်။ အမျိုးမျိုးပေါ့။ နည်းပညာတွေစ သဖြင့် ဘက်စုံကနေ တကယ်ကိုရှာမယ်၊ တကယ်လည်းရှိတယ်ဆိုရင် တွေ့ကိုတွေ့ရမယ်။

ကိုအောင်ဇေယျာ
မန္တလေးစက်မှုဇုန် သံရည်ကျိုလုပ်ငန်းရှင်

ခေါင်းလောင်းရှိတယ်ဆိုရင်တောင် လွယ်လွယ်နဲ့ ဆယ်လို့ရဖို့ဆိုတာ ခက်မယ်။ ခေတ်မီစက်ကိရိယာတွေနဲ့ ဆယ်မယ်ဆိုရင်တောင် မလွယ်လောက်ဘူး။ အခုလောလောဆယ် သူတို့ကတော့ ဘယ်လိုလုပ်နေလဲမသိဘူး။ ခေတ်မီနည်းပညာတွေနဲ့ မဟုတ်ဘဲလုပ်နေကြတာက တော့ ဒါကတော့ ဘယ်လိုပြောရမလဲ။ သူတို့ယုံကြည်ရာပေါ့။ မလုပ်ပါနဲ့လို့ ပြောလို့မှမရတာ။ ပြည်သူတွေကလည်း ယုံကြည်ကိုးစားလို့လုပ်ခဲ့ကြတာပဲ။ ဒါကို အစိုးရကလည်း ခွင့်ပြုခဲ့တယ်။ ခေါင်းလောင်းကြီးရှာတွေ့ပြီး တကယ်ဆယ်ယူနိုင်ခဲ့ရင်တော့ နိုင်ငံဂုဏ်သိက္ခာ တက်တာပေါ့ဗျာ။ အခုဟာကတော့ ၀ိဇ္ဇာနည်းတွေ ဘာတွေနဲ့လုပ်ပြီး ဘာမှမတွေ့ဘဲ ဒီအတိုင်းကြီးဆိုတော့ ရှက်စရာကြီးပေါ့။ နောက်တစ်ချက်က ရေအောက်က သမ္ဗာန်ဆယ်မယ်ဆိုရင်တောင် မန္တလေးလေးမှာ တကယ်ကျွမ်းကျင်တဲ့ ဆရာတွေရှိတယ်။ ဆလုံရေငုပ်သမားတွေနဲ့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့က ရေပဲငုပ်တာလေ။ တွေ့ခဲ့ရင်တောင် ဘယ်လိုဆယ်မလဲ။ စလုပ်ကတည်းကယုံကိုမယုံဘူး။ သံ၊ သတ္တုက ရေအောက်မှာ ဒီလောက်အကြာကြီးရှိနိုင်မယ်မထင်ဘူး။ လူထုအနေနဲ့ကတော့ ဘယ်အရာဖြစ်ဖြစ် စဉ်းစားချင့်ချိန်ပြီးမှယုံဖို့လိုတယ်။ မန္တလေးပဋိပက္ခကိစ္စတုန်းကလည်း အဲဒီလိုပဲ။ သင်ခန်းစာယူစရာတွေ အများကြီးပဲ။ အစွန်းမရောက်ဘဲ ချင့်ချိန်ယုံဖို့က အရေးကြီးတယ်။ တချို့ဟာတွေက အာရုံလွှဲတဲ့သဘောတွေရှိတယ်။ အစိုးရကတော့ ဒါကို သိပ်ဂရုမထားတာလားတော့မသိဘူး။ ဘာမှအရေးယူတယ် မကြားမိဘူး။ တကယ်တော့လည်း ဒါက သိပ်ပြီးအရေးယူဖို့ မလိုအပ်ဘူးလို့ ထင်တယ်။ သူတို့လုပ်တာက သူတစ်ပါးထိခိုက်တာ မရှိဘူး။

ကိုကျော်လွင်
(၀န်ထမ်း)

တကယ်ရှိခဲ့တယ်ဆိုလို့ အရင်လူတွေလည်းရှာခဲ့တယ်။ အဲဒီအကွာ အဝေးမှာရှိတယ်ဆိုပြီး သူလည်းကြိုးစားကြည့်တာဆိုတော့ သူ့ကြိုးစား မှုကို ချီးကျူးတယ်။ နောက်ဆက်တွဲ တွေ့ခြင်း၊ မတွေ့ခြင်းကိုတော့ သေ ချာတော့ ဘယ်သိမလဲ။ ခုလည်းကြိုးစားနေတယ်။ ငွေကုန်ကြေးကျအများ ကြီးခံပြီး လုပ်တယ်ဆိုတော့ သူ့ယုံကြည်ချက်ရှိလို့ လုပ်တယ်လို့ပဲ ထင် တယ်။ မတွေ့သေးပေမယ့် ရှေ့မှာ နိုင်ငံခြားပညာရှင်တွေရော၊ ဆရာ ချစ်စံဝင်းတို့ရော အဲဒီနားမှာ တကယ်ကျခဲ့တယ်လို့ ယူဆပြီး လုပ်ခဲ့တဲ့ အတွက် သူလည်း ကြိုးစားပြီးတွေ့ချင်လည်း တွေ့မယ်ဆိုပြီး ရှာနေတာ ဆိုတော့ ဘာမှအတပ်ပြောလို့မရဘူး။ သတင်းစာရှင်းလင်းပွဲတုန်းက ရက်နှစ်ဆယ်အတွင်းမှာ ရအောင်လုပ်မယ်။ နောက်ဆယ့် ခုနှစ်ရက်ထပ်တိုးတယ်။ ဒါပေမဲ့ ခုထိ ဘာမှမထူးတော့ လူတွေယုံကြည်ချက်က တော့ လျော့သွားပြီ။ ခုချိန်ထိ ရှာဖွေနေဆဲဆိုတော့ တွေ့ဖို့တော့ မလွယ် သေးဘူးထင်တယ်။ ဒီလိုအလုပ်အကြီးကြီးကို တစ်ယောက်တည်း ထင် ယောင်ထင်မှားမလုပ်သင့်ဘူး။ တကယ်ခိုင်ခိုင်မာမာတွေ့ပြီဆိုရင် တိတိ ကျကျနဲ့ အများနဲ့ပေါင်းပြီး လုပ်သင့်တယ်လို့ ထင်တယ်။ အစိုးရဘက် ကလည်း ဒီကိစ္စက မသေချာတာကြောင့် ၀င်မပါတာဖြစ်လိမ့်မယ်။ တကယ်ဆိုရင် နိုင်ငံရဲ့ အမွေအနှစ်တစ်ခု မဖော်ထုတ်ဘဲ နေမှာမဟုတ် ဘူး။


7Day Daily

0 comments:

Post a Comment