Wednesday, December 3, 2014

အချစ်သစ်ကို တွေ့ပေမယ့် လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဖွင့်ဟခဲ့တဲ့ မထက် (Pop Soul)နှင့် တွေ့ဆုံခြင်း

သေးသွယ်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေနဲ့ အတူ ရင်ဖိုရှိုက်သွယ် အဖြာဖြာတွေက ပုရိသများ အဖို့ ရင်ခုန်စရာ ဖြစ်ခဲ့ ရသလို မိန်းမလှတွေ ထဲမှာတောင် သာလွန်ထူးခြား နေတာကြောင့် မိန်းမသားများ ကတောင် မနာလိုစရာ ဖြစ်ခဲ့ရသူပါ။ သူကတော့ ပုရိသ ဘ၀ကနေ ဣထိယ ဘ၀ကို ကူးပြောင်းထား ခဲ့တဲ့ အလှဖန်တီးရှင် မထက် (Pop Soul)ပါ။ မိန်းမသား တစ်ဦး ဘ၀ကို ခံယူလာတာနဲ့ အညီ ချစ်သူတွေလည်း ရှိခဲ့ပေမယ့် သူတကာနဲ့ မတူတဲ့ ဘ၀ အခြေအနေကြောင့် လမ်းခွဲခဲ့ကြ ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ အခု သူ့မှာ အမှန်တကယ် ချစ်ရမယ့် ချစ်သူရှိလာပြီး အဲဒီ ချစ်သူကို သူ့ရဲ့ မိဘတွေကပါ လက်ခံတယ်လို့သိရတာမို့ သူ့အတွက် အချစ်စစ် အချစ်မှန် တွေ့ခဲ့တာ အမှန်လား ဆိုတာကို ပွင့်လင်းစွာ မေးခဲ့ပါတယ်။


မထက်အနေနဲ့ ယောကျာ်းတွေရဲ့အချစ်ကို ယုံကြည်လား။
ဒီတစ်ယောက်က လူကြီးမို့လားမသိဘူး တည်ငြိမ်အေးဆေးတယ်။ အရာရာဦး ဆောင်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် သူ့အချစ်ကို ယုံကြည်တယ်ဆိုပေမယ့်လည်း သူ့အသိုင်းအ၀ိုင်းက လွယ်လွယ်ကူကူ လက်ခံနိုင်ဖို့က တော်တော် ခဲယဉ်းတော့ ချစ်တာ မချစ်တာထက်စာရင် ဘ၀လမ်းတစ်ခုကို အတူတူ လျှောက်ဖို့ အတွက်က ကိုယ့်ကို ရေရှည်အထိ ချစ်နိုင်ပါ့မလား ဆိုတာ စိုးရိမ်မိပါတယ်။ဒါဆို အချစ်စစ်နဲ့ တွေ့ပြီလို့ထင်လား……။
လုံးဝတွေ့နိုင်မယ်လို့မထင်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်မဖြစ်နိုင်တာလဲဆိုတော့ ကိုယ်က မိန်းကလေးမဟုတ်လို့ပါပဲ။ဘယ်လောက်ပဲ မိန်းကလေးနဲ့ပဲတူတူ မိန်းကလေးအစစ်မဟုတ်တဲ့အခါကျတော့ တကယ်တမ်း လူမှုအသိုင်းအ၀ိုင်းကြားမှာ ယှဉ်တွဲသွားလိုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ဖက်သူအနေနဲ့လည်း လက်ခံနိုင်မဲ့ သူ့မိဘ၊သူ့အပေါင်းအသင်းတွေ အဘက်ဘက်ကနေ လက်ခံလာနိုင်ဖို့ဆိုတာ အရမ်းကို ခဲယဉ်းပါတယ်။ အဲအတွက်ကြောင့် ရေရှည်မှာ နှစ်ယောက် တစ်ဘ၀ တည်ဆောက်ဖို့ ဆိုတာ မလွယ်ပါဘူး။ အသိုင်းအ၀ိုင်း အကုန်လုံး လက်ခံနိင်အောင် ညှိဖို့ခဲယဉ်းတဲ့ အတွက်ကြောင့် မဖြစ်နိုင်ပါဘူး။

မထက်အနေနဲ့ လိင်ပြောင်းမယ်ဆိုတာက အခုချိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးပြီလား။
ပြောင်းဖို့တော့ရှိပါတယ်။ ဘယ်တော့လဲ ဆိုတာတော့ အတိအကျ သေချာပြောလို့ မရနိုင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါတွေ ပြောင်းလဲရင် အချိန်အရမ်း ပေးရတဲ့ အတွက် ခုချိန်မှာ အလုပ်တွေကလည်း များတော့ မလုပ်နိုင်သေး တာပါ။ နဂိုကတည်းက ပြောင်းဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ဖူးပါတယ်။

အခုချိန်မှာ နှစ်ဖက်မိဘတွေ သဘောကျတယ်လို့ ကြားပါတယ်။ အဲ့ အတွက် မထက်ရဲ့ ပီတိက...။
နှစ်ဖက်မိဘ သဘောကျတယ်လို့တော့ မဟုတ်ပါဘူး။ အသွား အလာ အနေအထိုင်ပေါ် မူတည်ပြီးတော့ ကိုယ့်အိမ်ကလည်း ခွင့်ပြုတယ်ဆိုတဲ့ သဘောပါပဲ။ သူကလည်း လူကြီးလူကောင်း ပီသတော့ လက်ခံပေးတာပါ။ ဟိုဘက်မိဘတွေ ကတော့ သိတောင် မသိပါဘူး။



အခြေအနေတွေ ပေးလာလို့ နှစ်ဖက်မိဘတွေ သဘောတူရင် လက်ထပ်ဖို့ရှိလား။
ဒါက လုံးဝမဖြစ်နိုင်ပါဘူး။ သူ့ဘက်ကကော လူသိခံမှာမဟုတ်ပါဘူး။အပြင်ကို နှစ်ယောက်ထဲ သွားဖို့ဆိုတာလည်း ရှားပါတယ်။ နှစ်ယောက်စလုံးအတွက် လူသိခံလို့မရနိုင်ပါဘူး။ ဓာတ်ပုံတောင် နှစ်ယောက်ပုံမရိုက်ဖူးပါဘူး။

ချစ်သူက မထက်ကို ရွေးချယ်တယ်ဆိုတာ အတတ်ပညာ ကြောင့်လား၊ ရုပ်ရည်ကြောင့်လား၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကြောင့်လား။ ဘာကြောင့်ဆိုတာကို ပြောနိုင်လား။
သူတို့ပိုင်ဆိုင်မှု ကတော့ မထက်တို့ထက် ဆယ်ဆလောက် သာပါတယ်။ ရုပ်ရည်ကြောင့်လည်း မဟုတ်ပါဘူး။ ခင်မင် ပေါင်းသင်း လာရင်းနဲ့ သံယောဇဉ်ရှိပြီး တစ်ယောက်ကို တစ်ယောက် လေးစားမှုနဲ့ ချစ်တာပါ။

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဘယ်လိုမျိုး တည်ဆောက် သွားမယ်လို့ စိတ်ကူးထားလဲ။
ဒါက ရေရှည်သွားဖို့ မဖြစ်နိုင်ပါဘူး။ ချစ်သူ သက်တမ်း ကလည်း ခုနှစ်လ လောက်ပဲ ရှိသေးတာဆိုတော့ ဒီလိုတွေ ပြောနေရတာကိုပဲ တော်တော်ရှက်စရာ ကောင်းနေပါပြီ။ တကယ်တော့ ထက်တို့ ဘ၀ဟာ နှစ်ကိုယ်တူ တည်ဆောက်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။

မထက်ချစ်သူနဲ့ အသက်ကွာခြားမှုက…။
သူ့အသက်က ၂၉နှစ်ပဲ ရှိပါသေးတယ်။ မထက် ထက် ငယ်ပါတယ်။ အသက်ငယ်ပေမယ့် လူကြီးဆန်ပြီး လူကြီး တစ်ယောက်လို နေတယ်။

ချစ်သူနဲ့ စတွေ့ခဲ့တာက …။
စတွေ့တာက နည်းနည်းတော့ ခေတ်မီတယ်လို့ပဲ ပြောရမလားပဲ။ ၀ီချက်မှာ စကားပြောရင်းနဲ့ ခင်သွားပြီး နောက်ဆုံး ချစ်သူ ဖြစ်သွားတာပါ။

သူက မထက်အတွက် ဘယ်လို ချစ်သူမျိုးလဲ။ ဘာကြောင့် သူ့ကိုသဘောကျခဲ့တာလဲ။
သူက မထက်နားမလည် တာတွေကို သေချာရှင်းပြ ပေးနိုင်တယ်။ အရာရာကို ဦးဆောင်နိုင်တဲ့ သူမျိုးဖြစ်တယ်။ ကိုယ့်အတွက် လိုအပ်တဲ့ အကြံအစည်တွေ၊ အကူအညီတွေ ပေးနိုင်တဲ့သူမျိုးပါ။ အဓိက ကတော့ အရာရာကို ကိုယ့်ကို ဦးဆောင်နိုင်တဲ့ဖြစ်လို့သဘောကျတာပါ။

မထက်ရဲ့ ပထမချစ်သူက ဘာကြောင့် သစ္စာမဲ့သွားခဲ့တာလို့ထင်လဲ။
အရင်က ရည်းစားနှစ်ယောက် ရှိခဲ့ဖူးတယ်။ နှစ်ယောက်စလုံးက ဆယ်နှစ်ငယ်တဲ့ အတွက်ကြောင့် ဆယ်ကျော်သက်တွေ ဆိုတော့ ဆယ်ကျော်သက်ယောက်ျားလေး တွေရဲ့ ထုံးစံပေါ့။ ချောမောတဲ့ ယောက်ျားတိုင်းက ခုခေတ်မှာ ရည်းစားနှစ်ယောက် သုံးယောက်ထားဖို့ ဆိုတာ မခဲယဉ်းဘူး။ အရမ်းကို လွယ်ကူ ကြတယ်လေ။ ခုခေတ် ရည်စားထားပြီး အတူသွားလာ နေထိုင်တာက ထမင်းစား ရေသောက်လို ဖြစ်နေပြီ။ ဒါက သူတို့ကို အပြစ်တင်လို့ မရဘူး။ ကိုယ်က အသက်အရွယ် ကွာခြားတော့ အပင်ပန်းလည်း မခံနိုင်တော့ ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြ တာပါ။



မထက် (Pop Soul)ဆိုတာ ဖြစ်လာဖို့အတွက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ။
အများကြီး ကြုံခဲ့ရ ပါတယ်။ မိတ်ကပ် လောကမှာ နာမည်ကြီး ဆရာတွေဆီက ပညာတွေရခဲ့လို့ တက်လာတာ မဟုတ်ပါဘူး။ အပြင် သင်တန်းတွေတက်ပြီး ကြိုးစား ခဲ့ရတာပါ။ ကိုယ့်ကို လက်တွဲခေါ်မယ့်သူ မရှိခဲ့ပါဘူး။ အတိုက်အခိုက်တွေကို တစ်ယောက်တည်း ရုံးကန်ရင်းနဲ့ပါ။ မဂ္ဂဇင်း တွေမှာ လုပ်ပေးရင်းနဲ့ နောက်ဆုံးမှာ လူတွေသိပြီး ဒီနေရာအထိ ရောက်လာတာပါ။ လူတိုင်း အတွက် နေရာ တစ်နေရာ ရဖို့က လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။

အောင်မြင်မှု ရှိလာတဲ့ မထက်ကို တခြား ချူစားတဲ့သူမျိုးနဲ့ တွေ့ခဲ့ရဘူးလား။
အဲလိုမျိုးတော့ မရှိပါဘူး။ ကိုယ်ကလည်း ပေးခဲ့တာလည်း မရှိပါဘူး။ ကိုယ့်မှာ ရလာတဲ့ ဥစ္စာ ပစ္စည်းတွေက လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်လို့ ဘယ်သူ့ ကိုမှလည်း အလွယ်တကူ ပေးဖို့မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရာရာကို ဦးနှောက်နဲ့ပဲ ဆုံးဖြတ်လို့ ပါပဲ။

ဘ၀ကို ချစ်သူနဲ့ ဘယ်လို ဖြတ်သန်းမယ်ဆိုတာ အစီအစဉ်ဆွဲထား တာမျိုး ရှိလား။
မရှိပါဘူး။ ဘ၀တစ်ခု ဖြတ်သန်းဖို့ ချစ်သူ၊ အိမ်ထောင်ဘက်ဆိုတာ မရှိပါဘူး။ ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ကို ဘယ်လို အကောင်းဆုံး ကျော်ဖြတ် နိုင်မလဲ ဆိုတာပဲ အမြဲတမ်း စဉ်းစား ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က မိန်းမတစ်ယောက် မဟုတ်လို့ မိန်းမအစစ်ဘ၀ကို ဒီဘ၀မှာ ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ ပါဘူး


Mizzima

0 comments:

Post a Comment