Tuesday, January 13, 2015

ကျိုးပေါက်နေသော လုံခြုံရေး


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အထူးခရီးစဉ်တစ်ခုအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်တစ်ဦး/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် တရုတ်နိုင်ငံက သစ်ခိုးထုတ်သောအဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော ယာဉ်စုစုပေါင်းအစီးငါးရာနီးပါးရှိပြီး စုစုပေါင်း လူအင်အားလေးရာကျော်ရှိသည်။ အချို့မှာ ထွက်ပြေးလွတ်မြောက်သွားကြသဖြင့် ထိုယာဉ်ပမာဏနှင့် တွက်ချက်ကြည့်ပါက အနည်းဆုံး လူတစ်ထောင်ခန့် ရှိမည်ဖြစ်သည်။ ထိုသူအများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်။ဖမ်းဆီးရမိသော ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် ၀င်ရောက်လာပြီး ရက်ပေါင်းများစွာကြာမြင့်မှ ဖမ်းဆီးရမိခြင်းဖြစ်နိုင်သည်။ အချို့ကားများမှာ သစ်လုံးများပင် တင်ထားကြသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း မြန်မာ-တရုတ်နယ်စပ်မှတစ်ဆင့် လက်နက်ဖြင့် ၀င်လာသူများကို စစ်ကိုင်းတိုင်းဒေသကြီးရောက်မှပင် ဖမ်းဆီးရမိခဲ့သည်။

‘‘ဒီဖြစ်ရပ်တွေကိုကြည့်ရင် လုံခြုံရေးကျိုးပေါက်တာပေါ့’’ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မှတ်ချက်ပြုသည်။

‘‘ဂိတ်တံခါးတွေပွင့်နေတာ လေဆိပ်၊ ရေဆိပ်နဲ့ ဘော်ဒါ(နယ်စပ်)တွေကို မစစ်နိုင်ဘူးဖြစ်နေတာ။ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်ဖြစ်နေတာ’’ဟု စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကဆိုသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း လားရှိုးမြို့ခံ ရပ်မိရပ်ဖတစ်ဦးအား တရုတ်နိုင်ငံသားများက လားရှိုးမြို့ထိ လာရောက်ခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်သည် ရှမ်းပြည်နယ်နယ်စပ်ဂိတ်များ မလုံခြုံခြင်းနှင့် စစ်ဆေးရေးအဖွဲ့များအားနည်းခြင်းကို ပြသရာရောက်သည်။

ပြီးခဲ့သောနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသားရှစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် လက်နက်ခဲယမ်းအပြည့်အစုံ တင်ဆောင်လာသည့်ကားဖြင့် ဖမ်းမိခဲ့သည်။ ထိုဖြစ်စဉ်၏ နောက်ကွယ်မှ အကြောင်းအရာများကလည်း စိတ်ဝင်စားစရာတစ်ပုံတစ်ပင်ရှိနေသည်။ လက်နက်ကိုင် တရုတ်နိုင်ငံသားရှစ်ဦးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် စစ်သင်တန်းတက်ခဲ့ပြီး ထိုသင်တန်းမှ တပ်စုမှူးတစ်ဦးကိုသတ်ကာ ထွက်ပြေးလာသူများဖြစ်သည်။ ထိုမြို့မှ တမူးမြို့အထိ မြို့ပေါင်းနှစ်ဆယ်ထက်မနည်းဖြတ်ကာ ကားတစ်စီးအတွင်း သေနတ်ရှစ်လက်နှင့် ခဲယမ်းမီးကျောက်များ သယ်ဆောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က လမ်းခုလတ်ရှိ လားရှိုးမြို့သို့ဝင်ကာ (၁၂)ရပ်ကွက်ရှိ လယ်ကွင်းထဲတွင် သေနတ်၊ ကျည်ဆန်၊ မိုင်းနှင့် လက်နက်ပစ္စည်းမျိုးစုံကို မြေကျင်းတူးပြီး ၀ှက်ထားခဲ့သေးသည်။

၎င်းတို့ကိုဖမ်းမမိမီ အခြေအနေထိ ထိုတရုတ်နိုင်ငံသားများက ရှမ်းပြည်နယ်အစွန်မှ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့အထိ စစ်ဆေးရေးဂိတ်များကို ထုံးလိုမွှေရေလိုနှောက် ရှောင်ထွက်သွားနိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်များနှင့် အခြားဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက နယ်စပ်ခြံစည်းရိုးများ မလုံခြုံခြင်း၊ စစ်ဆေးရေးဂိတ်များ အားနည်းခြင်းနှင့် တာဝန်ရှိသူများ၏ စုံစမ်းထောက်လှမ်းမှု စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းကြောင့်ဖြစ်ကြောင်း ပေါ်လွင်စေသည်။

မြန်မာနိုင်ငံနယ်နိမိတ်၏ ဘေးပတ်ချာလည်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ဆက်စပ်နေပြီး နယ်စပ်ဒေသအများစုမှာ ခြံစည်းရိုးခတ်ထားခြင်း မရှိသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ထိန်းချုပ်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိစပ်နေသောနေရာများတွင် အစိုးရဘက်မှ ဖွင့်လှစ်ထားသော တရားဝင်ဂိတ်များမရှိခြင်း၊ တပ်များမချထားနိုင်ခြင်းတို့ကြောင့် ထိုနေရာများမှ အပေါက်ကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဖြေလျှော့မှုများ ပြုလုပ်လာခြင်းတို့ကြောင့်လည်း လုံခြုံရေးတွင် အားနည်းသွားခဲ့သည်။ ကုန်သွယ်မှုချောမွေ့စေရေးအတွက် လားရှိုးမြို့အနီးတွင်ရှိသော စစ်ဆေးရေးဂိတ်တစ်ခုကို ရုပ်သိမ်းခဲ့သည်။

ထိုကဲ့သို့ ဖြေလျှော့မှုများပြုလုပ်လာသော်လည်း မြန်မာနိုင်ငံ နယ်ခြားဒေသအများစုကို စိုးမိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်မှုမရရှိသေးသည့်အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အင်အားစုများနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် နယ်စပ်ဒေသများကို မြန်မာအစိုးရက ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံမြို့ကြီးအချို့တွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများက မြန်မာနိုင်ငံကို ပစ်မှတ်ထားခဲ့ကြသည်။ ကမ္ဘာကျော် အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြောလာခဲ့သည်။ ထို့နောက်ပိုင်းတွင် ရှမ်းနှင့် ရခိုင်တို့မှ နယ်စပ်မြို့အချို့တွင် အကြမ်းဖက်ဖောက်ခွဲရေးသမားဦးရေ ဆယ်နှင့်ချီ၍ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှုများ ရှိခဲ့သည်။ ဇန်န၀ါရီ ၁၂ ရက်ကပင် နိုင်ငံတော်သမ္မတရုံးဝန်ထမ်းတစ်ဦးပါဝင်သည့် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်သူ ၂၀ ဦးကို တောင်ကြီးခရိုင်တရားရုံးက ထောင်ဒဏ်များ ချမှတ်ထားသည့်ဖြစ်စဉ်မှာ လောလောလတ်လတ်ပင်ရှိသေးသည်။


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသော အကြမ်းဖက်သမားအချို့ကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင်အချို့မှာ လွတ်မြောက်ဆဲဖြစ်သည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တွင် အကြမ်းဖက်သမားများအား သင်တန်းပေးခြင်း စသည့် အချက်အလက်များရရှိထားကြောင်း စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာက ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဖမ်းမိခဲ့သည့် ဘာသာခြားအမျိုးသားတစ်ဦးမှာ ဒေသတွင်း အခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၌ စစ်သင်တန်းပေးနေသူတစ်ဦးဖြစ်ပြီး ၎င်းကပေါက်ကွဲစေတတ်သော ပိုတက်ဆီယမ်နိုက်ထရိတ်အိတ်ပေါင်း ရာနှင့်ချီ၍ ရန်ကုန်မြို့ရှိ ဂိုဒေါင်သုံးခုတွင် သိုလှောင်ထားခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းအမှုနှင့်ပတ်သက်၍ အမျိုးသားသုံးဦးကို အချိန်မီဖမ်းဆီးခဲ့သည်။ ယင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများအောက်တွင် အကြမ်းဖက်သမားများ နည်းမျိုးစုံဖြင့် ၀င်ရောက်နေသည်။


အကြမ်းဖက်မှုနှင့် ဆက်သွယ်သည်ဆိုသူမျာကို တောင်ကြီးတရားရုံးသို့ ဇန်နဝါရီ ၁၂ ရက်က ရုံးထုတ်လာစဉ်/ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း

သြစတြေးလျနိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုက ပြုလုပ်သည့် သုတေသနစစ်တမ်းတွင် ၂၀၁၅ အတွက် အကြမ်းဖက်အန္တရာယ်တိုးပွားလာနိုင်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကိုလည်း ပထမဆုံးထည့်သွင်းဖော်ပြထားသည်။

တပ်မတော်အစိုးရလက်ထက်တွင် စစ်ထောက်လှမ်းရေးများမှာ ရက်စက်ကြမ်းကြုတ်သော်လည်း ထောက်လှမ်းရေးနည်းပညာလုပ်ပိုင်ခွင့်နှင့် သတင်းပေးများ မွေးထားနိုင်၍ သတင်းအချက်အလက် ဦးဦးဖျားဖျားရရှိခဲ့သည်။

သို့သော် ဦးခင်ညွန့်ခေါင်းဆောင်သော ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း လက်ရှိထောက်လှမ်းရေးတာဝန်ယူထားသူများ လုပ်ပိုင်ခွင့်အာဏာနှင့် အသုံးအဆောင်တို့မှာ လျော့ကျသွားခဲ့သည်။

ထို့ကြောင့် အစိုးရအနေဖြင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) ပြန်လည်ဖွဲ့စည်းရန် စီစဉ်လာသော်လည်း မြန်မာ့တပ်မတော်ဘက်မှ အဆိုပါကိစ္စကို ချင့်ချိန်စဉ်းစားလျက်ရှိကြောင်း သတင်းရရှိသည်။ မကြာသေးမီ ရက်ပိုင်းက မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့ကြား ထောက်လှမ်းရေးနည်းပညာဖလှယ်ရန် နားလည်မှုစာချွန်လွှာထိုးခဲ့ကြသည်။

‘‘ကျွန်တော့်အမြင်ပြောရရင် ကြိုတင်သတင်းရယူတဲ့အဖွဲ့တွေမှာ အားနည်းချက်တွေရှိနေတယ်။ ကွန်ရက်တွေ မတည်ဆောက်နိုင်ဘူးဖြစ်နေတယ်’’ဟု တပ်မတော်စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကသုံးသပ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ အရေးကြီးသော ကာလတစ်ခုကို ရောက်နေခြင်းကြောင့် အဖျက်အမှောင့်လုပ်သူများရှိနေကာ လုံခြုံရေးအတွက် သတိကြီးစွာထားနေရကြောင်း ပြောသည်။

ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာလုံခြုံရေး အကြီးအကဲတစ်ဦးက ‘‘စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာရှိတာပေါ့’’ဟု မှတ်ချက်ပြုပြောကြားသည်။


7Day Daily

0 comments:

Post a Comment