Monday, January 12, 2015

စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေး ၅၃၈ သိန်းပေးရန် ဂျွန်လွင် တောင်းဆိုထားမှုအပေါ် ပြန်လည်ဖြေရှင်းသွားမည်ဟု အလင်းရောင်ဆို


အနုပညာလောကတွင် တီဗီကြော်ငြာနှင့် ဂီတဗီဒီယိုများ ရိုက်ကူးပြီး အောင်မြင်မှု ရလာခဲ့သော သရုပ်ဆောင် အလင်းရောင်က Stars & Models Int’L ၏ အုပ်ချုပ်သူ ကိုဂျွန်လွင်က ၎င်းကို စာချုပ်ဖောက်ဖျက်မှုအတွက် တရားရုံးတွင် တရားစွဲဆိုထားပြီး စာချုပ်လျော်ကြေး ၅၃၈ သိန်းပေးရန် တောင်းဆိုထားမှုအပေါ် ၎င်းဘက်မှလည်း ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းသွားမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။“ကိုဂျွန်လွင်၊ မနှင်းဝေဝေနဲ့ ကျွန်တော်တို့သုံးဦး ချုပ်ဆိုထားတဲ့ စာချုပ်ကို ကျွန်တော့်ဘက်က ဖောက်ဖျက်ခဲ့တဲ့အတွက် လျော်ကြေး ၅၃၈ သိန်းပေးဖို့ ကိုဂျွန်လွင်က တရားရုံးမှာ တရားစွဲခဲ့တာပါ။ စာချုပ်ချုပ်စဉ်ကတော့ စာချုပ်ဖောက်ဖျက်ရင် သိန်း ၁၀၀၀ လျော်ကြေးပေးရမယ်လို့ ပါပါတယ်။ အဲဒီ သိန်း ၁၀၀၀ ပေးရမယ့် အထဲက ကိုဂျွန်လွင်က သူ့ကိုပေးရမယ့် သိန်း ၅၀၀ ကို တောင်းတာပါ။ ကျန်တဲ့ ၃၈ သိန်းကတော့ ဘာအတွက် တောင်းတာလည်း ကျွန်တော်မသိပါဘူး” ဟု ယင်းအမှုနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောကြားသည်။

ကိုဂျွန်လွင်က ၎င်းကို စာချုပ်ဖောက်ဖျက်သည်ဟု ဆိုကာ လျော်ကြေးရလိုမှုအတွက် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့သည့်အပေါ် ၎င်းဘက်မှ ရုံးချိန်းကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ တရားရုံးသို့ စာချုပ်ကိစ္စနှင့် ပတ်သက်၍ ကိုဂျွန်လွင် တင်ပြထားသော အချက်များ မဟုတ်မှန်ကြောင်းကို ၎င်းဘက်မှလည်း ပြန်လည်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အလင်းရောင်က ဆိုသည်။

“သူ့ကိုတရားရုံးမှာ တရားမမှုနဲ့ ကျွန်တော်တို့ စပြီး တရားစွဲထားပါပြီ။ စာချုပ်ဖောက်ဖျက်ရင် သိန်းတစ်ထောင် လျော်ရမယ်လို့ ချုပ်ထားပေမယ့် တစ်ဝက်က ဂျမန်းတို့ ပိုင်တယ်။ တစ်ဝက်က ကျွန်တော်နဲ့ ဆိုင်တယ်။ နောက် ကျွန်တော်တို့နဲ့ လက်တွဲ အလုပ်လုပ်တဲ့အတွက် သူပေးရမယ့် ၇၆ သိန်းထဲက ကျွန်တော်ရမယ့် ၃၈ သိန်းကို ပေါင်းပြီး ၅၃၈ သိန်း တောင်းတာပါ။ ဒီအမှုမှာ ကျွန်တော်မှန်သလား၊ သူမှန်သလား ဆိုတာတော့ တရားရုံးက ဆုံးဖြတ်ပေးမှာပါ” ဟု ယင်းအမှုနှင့် ပတ်သက်ပြီး ကိုဂျွန်လွင်က ပြောကြားသည်။

စာချုပ်ကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင် အလင်းရောင်နှင့် ကိုဂျွန်လွင်တို့က ကြေညာချက်များကို ကြေးမုံသတင်းစာတွင် အပြန်အလှန် ထည့်ခဲ့ကြပြီးနောက် တရားရုံးတွင် အမှုရင်ဆိုင်သည့် အခြေအနေသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment