Wednesday, July 2, 2014

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများ



ရေမွှေးများသည် အလှအပနှင့် ဖက်ရှင်ဆိုင်ရာ အသုံးအဆောင် တစ်ခုအဖြစ်သာမကဘဲ လူ့အဆင့်အတန်းကို တိုင်းတာသည့် အဆောင်အယောင် တစ်ခုအဖြစ်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။

ချမ်းသာကြွယ်ဝသူများက တန်ဖိုးကြီး ရေမွှေးအမှတ်တံဆိပ်များကို ဂုဏ်ယူစွာ ဝယ်ယူအသုံးပြုလေ့ရှိကြသည်။ ပမာဏ အနည်းငယ်မျှသာ ပါဝင်သည့် ရေမွှေးပုလင်းလေးများကို ငွေကြေးအမြောက်အမြားဖြင့် ဝယ်ယူပြီး ဂုဏ်သရေ၊ စိတ်ခံစားချက်တို့၏ ပြယုဂ်သဖွယ် ဆွတ်ဖျန်းကြသည်။အမှတ်တံဆိပ်၊ ရနံ့သင်းပျံ့မှု၊ ရနံ့စွဲမြဲမှု အစရှိသည့် ဂုဏ်ပုဒ်များဖြင့် ရေမွှေးတစ်ခုချင်းစီ၏ တန်ဖိုးကို သတ်မှတ်လေ့ရှိရာ ယင်းတို့အနက်မှ ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်မားဆုံး ရေမွှေး ၁၀ မျိုးကို စုစည်းဖော်ပြလိုက်ရပါသည်။

၁၀။ Chanel No. 5


မိမိ၏ ဘဝရည်မှန်းချက် အိပ်မက်တစ်ခုအဖြစ် ရည်စူးရသည့် အမျိုးသမီးတစ်ဦးကို ပေးအပ်ရန် အကောင်းဆုံးလက်ဆောင်အဖြစ် Chanel No.5 ရေမွှေးကို ညွှန်းဆိုလေ့ရှိကြသည်။

Chanel No.5 သည် အရည်အသွေးမြင့်မားခြင်း၏ ပြယုဂ်တစ်ခုသဖွယ် ရေမွှေးချစ်သူများ၏ ကောင်းချီးပေး ဂုဏ်ပြုမှုကိုခံရပြီး ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး ရေမွှေးအမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။

Coco Chanel သည် ရေမွှေးပညာရှင် အားနက်စ်ဘေယော့စ်၏ အကူအညီဖြင့် အမျိုးသမီးများအတွက် လိုက်ဖက်တင့်တယ်ဆုံးရနံ့ကို ကိုယ်စားပြုသည့် Chanel 5 ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

၁၀၀ မီလီလီတာ ဝင်ဆံ့သည့် ပုလင်းလေးတစ်လုံး၏ တန်ဖိုးမှာ ၂၃၄ ဒေါ်လာဖြစ်သည်။

၉။ Shalini Perfume


ပန်းရနံ့များဖြင့် ဖန်တီးထားသည့် အကောင်းဆုံး အမျိုးသမီးသုံး ရေမွှေးအဖြစ် ထင်ရှားသည်။ မောရစ်ရူဆဲလ်က အဆိုပါရေမွှေးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Shalini ၏ ရေမွှေးသည် ရှားပါးပြီး ရှင်းသန့်သည့် ရနံ့မျိုးဖြင့် ဖန်တီးထားသည်။ ကနေဒါစကားပန်း၊ နှင်းပန်း၊ ဆီးထရက်စ်ရှောက်ပန်းတို့ကို နံနံစေ့၊ ကတိုးစေ့၊ စန္ဒကူးနှစ်၊ ဗနီလာတို့နှင့် အချိုးကိုက် ရောစပ်ဖန်တီးထားသည့် အဆိုပါရေမွှေး၏ ဈေးနှုန်းမှာ ၂ ဒသမ ၂ အောင်စ ဝင်ဆံ့သည့် ပုလင်းငယ်တစ်လုံးအတွက် ဒေါ်လာ ၉၀၀ ကျသင့်သည်။

၈။ Ralph Lauren Notorious


Ralph Lauren က Notorious ကို အမျိုးသမီးများအတွက် အဓိက ရည်ရွယ်ဖန်တီးခဲ့သည်။ အဆိုပါအမည်ကို ဒါရိုက်တာ အဲလ်ဖရက်ဒ်ဟစ်ခ်ျကော့ ရိုက်ကူးသည့် ဂန္ထဝင်ဇာတ်ကားကို အစွဲပြုမှည့်ခေါ်ထားခြင်း ဖြစ်သည်။

အဆိုပါ ရေမွှေးကို Givaudanမှ အိုလီဗီရာ ဂီလော့တင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဘလက်ကားရန့်သီး၊ ပင့်ခ်ပက်ပါသီး၊ အီတလီ ဘာဂါမော့ ရှောက်သီးတို့ကို ကြွယ်ကြွယ်ဝဝ အသုံးပြု ထည့်သွင်းထားသည့် ရေမွှေးသည် တစ်ပုလင်းလျှင် ဒေါ်လာ ၃,၅၄၀ ထိ တန်ဖိုးသတ်မှတ်ထားသည်။

၇။ Hermes 24 Faubourg


ရမ္မက်အာရုံကို နှိုးဆွသော၊ ချစ်ခြင်းမေတ္တာ၏ ပြယုဂ်သဖွယ်ဖြစ်သော ဂုဏ်ပုဒ်များဖြင့် 24 Faubourg ကို Hermes က မိတ်ဆက်ခဲ့သည်။

ဂန္တဝင်မြောက်သော၊ ထူးခြားသော၊ ကျက်သရေရှိသော ရနံ့မျိုးကို ထုတ်လွှတ်ပေးနေသည့် ရေမွှေးသည် ကမ္ဘာပေါ်တွင် ရေမွှေးဝါသနာအိုးများ အမက်မောဆုံး အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။

အမျိုးသမီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ရေမွှေးသည် တစ်ကြိမ်ဆွတ်ဖျန်းထားပြီးလျှင် ၂၄ နာရီထိ ရနံ့မပြယ်သည့်အတွက်လည်း လူအများက နှစ်သက်ကြသည်။ အထူးသဖြင့် Valentine’s Day ကဲ့သို့ အမှတ်တရနေ့များတွင် ခင်ပွန်းသည်များက ဇနီးအတွက် လက်ဆောင်အဖြစ် ရွေးချယ်တတ်သော ရေမွှေးဖြစ်သည်။

စံပယ်၊ ကနေဒါစကားပန်းတို့ အပါအဝင် အနံ့ပြေပြစ် သင်းပျံ့သော ပန်းများကို အခြေခံထုတ်လုပ်ထားသော ရေမွှေးသည် တစ်ပုလင်းငယ်လေး တစ်လုံးအတွက် ဒေါ်လာ ၁,၅၀၀ ကျော်မျှ တန်ဖိုးကျသင့်သည်။

၆။ Eau D’hadrien by Annick Goutal


ကြည်မြနေသော လေးထောင့်ပုံ ဖန်သားပုလင်းလေးထဲတွင် ထည့်သွင်းထားသည့် ရေမွှေး၏အမည်ကို စီးကရက်အမှတ်တံဆိပ်တစ်ခုအား အစွဲပြု မှည့်ခေါ်ပေးထားခြင်း ဖြစ်သည်။

ဈေးကွက်ထဲရှိ ရေမွှေးအများစုနှင့် ကွဲပြားသောအချက်မှာ ဆီးထရက်စ်ရှောက်သီးများ၊ သံပရာသီးနှင့် စပျစ်သီးများကို အဓိက အခြေခံ ဖန်တီးထားခြင်းဖြစ်ပြီး ပန်းရနံ့များကို အားကိုးအားထား ပြုထားခြင်း မရှိချေ။

ရေမွှေး၏ရနံ့မှာ ကျားမ မရွေး သုံးစွဲရန် သင့်လျော်ပြီး လန်းဆန်းမှုနှင့် မြူးကြွမှုတို့ကို ခံစားရရှိအောင် ကူညီပေးနိုင်မည်ဟု ညွှန်းဆိုထားသည်။ တစ်ခုတည်းသော ပြဿနာမှာ ရနံ့ကောင်းသော်လည်း ရနံ့စွဲမြဲမှု ကြာရှည်မခံခြင်း ဖြစ်သည်။ ဈေးနှုန်းမှာ ပုလင်းငယ်လေးတစ်လုံးအတွက် ဒေါ်လာ ၁,၅၀၀ ကျော်မျှ ဖြစ်သည်။

၅။ Caron’s Poivre


အဖိုးတန် အသုံးအဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ရေမွှေးသည် နှစ်အောင်စ ပုလင်းလေးတစ်လုံးအတွက် ဒေါ်လာ ၂,၀၀၀ မျှ တန်ဖိုးကျသင့်သည်။

၁၉၅၄ ခုနှစ်က မိုက်ကယ်မော်ဆက်တီနှင့် ဖီလစ်စီဝန်ပူအီလီတို့က ပထမဆုံးအကြိမ် စတင်မိတ်ဆက်ကတည်းက ရနံ့ပြင်းပြင်းနှင့် ဆွဲဆောင်အား ပြင်းပြသည့် ရေမွှေးကို လူအများ နှစ်သက်လက်ခံခဲ့ကြသည်။

အမျိုးသားများရော၊ အမျိုးသမီးများပါ အဆင်ပြေပြေ သုံးစွဲနိုင်သည့် ရေမွှေးသည် ဖြူလွသော ပန်းတစ်မျိုးနှင့် ရနံ့ပြင်းသည့် သစ်စေ့များကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။

ရေမွှေးအမျိုးမျိုး အနက်တွင်မှ ရှားပါးပြီး အဆင့်မြင့် တန်ဖိုးကြီးစာရင်းဝင် အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခံရသည့် Poivre သည် အသုံးပြုသူ၏ အဆင့်အတန်းနှင့် လူနေမှုဘဝကိုလည်း ထင်ဟပ်စေသည့် အသုံးအဆောင်တစ်ခု ဖြစ်သည်။

၎။ Clive Christian No. 1


နှစ်အောင်စ ပုလင်းလေးတစ်လုံးအတွက် ဒေါ်လာ ၂,၃၅၀ ပေးချေရမည် ဖြစ်သော်လည်း ပုလင်း၏ လှပကျက်သရေရှိသော ဒီဇိုင်းနှင့် ရေမွှေး၏ ရနံ့တို့ကြောင့် ပေးရသမျှ တစ်ပြားမကျန် ထိုက်တန်သည်ဟု ဆိုရမည့် ရေမွှေးဖြစ်သည်။

သံပရာအနွယ်ဝင် အသီးအချို့နှင့် အရှေ့တိုင်းမှ ဇာတိပ္ဖိုလ်သီးတို့ကို ကနေဒါစကားပန်း၊ စံပယ်ပန်း၊ နှင်းဆီပန်း၊ စမုန်ဖြူ အစရှိသည့် ပါဝင်ပစ္စည်း အမြောက်အမြားနှင့် ပေါင်းစပ်ပြီး Clive Christian No.1 ကို ဖန်တီးထားခြင်း ဖြစ်သည်။ ပေါင်းစပ်ပစ္စည်းများတွင် စန္ဒကူး၊ သစ်မွှေး၊ ပယင်းသစ် အစရှိသည်တို့လည်း ပါဝင်သည်။

ပုလင်းတစ်လုံးချင်းမှာ လက်ဖြင့်ဖန်တီးထားသည့် Hand-Made သီးသန့်များ ဖြစ်ကြသည်။ ပုလင်းလည်ပင်းမှာ ၂၄ ကရက် ရွှေသားကို စတာလင်ငွေသားဖြင့် ကွပ်ပြီး အလှဆင်ထားသည်။

Clive Christian No.1 သည် အမျိုးသားသုံး ရေမွှေးဖြစ်ပြီး အမျိုးသားများအတွက် သီးခြားထုတ်လုပ်သည့် ရေမွှေးအားလုံးတွင် ကမ္ဘာပေါ်၌ တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်နေသည်။

၃။ Baccarat “Les Larmes Sacres de Thebes”


တစ်ပုလင်းလျှင် ဒေါ်လာ ၆,၈၀၀ မျှ တန်ဖိုးရှိသည့် ရေမွှေးသည် စံပယ်၊ စကားပွင့်၊ ကြွေပန်း၊ စန္ဒကူး၊ ကတိုး၊ ငရုတ်ကောင်း အစရှိသည့် ပါဝင်ပစ္စည်းများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

ချိုမြစွဲဖက်ဖွယ် ရနံ့မျိုးရှိသော ရေမွှေးသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး တန်ဖိုးကြီး ရေမွှေးတစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပြီး Limited Edition အဖြစ် အရေအတွက် ကန့်သတ်ထုတ်လုပ်ထားသည်။

ထို့ကြောင့်လည်း ဒေါ်လာ ၆,၈၀၀ မျှ ရှိနေ၍ ယင်းရေမွှေးကို ဝယ်ယူလိုသည့်တိုင် ဈေးကွက်ထဲတွင် အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ချေ။

၂။ Clive Christian Imperial Majesty


တစ်ပုလင်းလျှင် ဒေါ်လာ ၂၁၅,၀၀၀ ထိ တန်ဖိုးရှိခြင်းကြောင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများတွင် Clive Christian Imperial Majesty က ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့သည်။

အမျိုးသားရော၊ အမျိုးသမီးပါ အသုံးပြုနိုင်သည့် သင်းပျံ့သော ရနံ့မျိုးရှိပြီး ရနံ့စွဲမြဲမှုမှာလည်း တာရှည်စွဲမြဲစေသည်။ စံပယ်၊ ဖာလာစေ့၊ ဇော်မွှားပန်း၊ ရှောက်ပန်း အစရှိသည်တို့ကို အသုံးပြုထားပြီး ပုလင်းပေါ်တွင် ဈေးနှုန်းကိုပါ တစ်ပါတည်း ရိုက်နှိပ်ထားသည်။

စေ့စေ့ပေါက်ပေါက် ပြစ်ချက်ရှာပါက ရေမွှေးနှင့် ပတ်သက်ပြီး ပြောစရာရှိသော တစ်ချက်မှာ ပမာဏ နည်းလွန်းခြင်း ဖြစ်သည်။ ဈေးနှုန်းများလွန်းသော်လည်း ရေမွှေး၏ တန်ဖိုးကို ထိန်းသိမ်းသည့်အနေဖြင့် ပမာဏအနည်းငယ်မျှကိုသာ ထည့်သွင်းပေးထားသည်။

၁။ DKNY Golden Delicious Million Dollar Perfume


ရေမွှေးကြောင့်ရော၊ ထည့်သွင်းထားသည့် ပုလင်းကြောင့်ပါ အလွန်တန်ဖိုးကြီးသည့် အသုံးအဆောင်တစ်ခု ဖြစ်လာသည့် ရေမွှေးဖြစ်သည်။ DKNY က အမည်နှင့် လိုက်ဖက်အောင် တစ်ပုလင်းလျှင် ဒေါ်လာတစ်သန်း တန်ဖိုးရှိသော ရေမွှေးကို ရွှေသားနှင့် ရွှေဖြူသား ရောစပ်ပြီး လှပစွာထုဆစ်ထားသည့် ပုလင်းထဲ ထည့်သွင်းထားသည်။

ပုလင်းပေါ်တွင် စိန်ပွင့်၊ နီလာ၊ ပန်းရောင်ပတ္တမြား၊ ကနေရီစိန်ဝါတို့ အပါအဝင် ကျောက်မျက်အမျိုးမျိုး ၂,၉၀၉ ပွင့်ထိ ထည့်သွင်းစီခြယ် အလှဆင်ထားသည်။

အဆိုပါရေမွှေးကို ပန်းသီး၊ စန္ဒကူးနှစ်နှင့် ရှားပါးလှသည့် ကတိုးဖြူတို့ကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်သည်။

_mixtopten

7Day Daily

0 comments:

Post a Comment