Tuesday, July 1, 2014

ဘယ်လ်ဂျီယံနှင့် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်



ဇူလိုင်လ (၁)ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များတွင် အချိန်ပိုထိ ကစားပြီးမှ အာဂျင်တီးနားနှင့် ဘယ်လ်ဂျီယံတို့ ကွာတားဖိုင်နယ် အဆင့်သို့ အသီးသီး တက်ရောက်သွားခဲ့သည်။



အာဂျင်တီးနား ၀ - ၀ ဆွစ်ဇာလန် (အချိန်ပိုတွင် ၁-၀ ဖြင့် အာဂျင်တီးနား အနိုင်ရ)

အာဂျင်တီးနား အသင်းသည် လူစုံတက်စုံ ပွဲထွက်လာပြီး ဆွစ်ဇာလန် အသင်းကို ရင်ဆိုင်ခဲ့သော်လည်း ဥရောပ အသင်း၏ စနစ်တကျ တုံ့ပြန်မှုများကြောင့် မိနစ်(၉၀)လုံးလုံး ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။ အချိန်ပို မိနစ်(၃၀) ကစားရာတွင်လည်း (၂၈)မိနစ် ကြာမြင့်သည်အထိ ဆွစ်ဇာလန်၏ စနစ်တကျ ပိတ်ဆို့ထားသည့် ခံစစ်ကို ဖြိုခွဲရန် အာဂျင်တီးနား အဖြေရှာ မတွေ့ခဲ့ချေ။ သို့သော်လည်း အချိန်ပို ပြီးဆုံးရန် (၂)မိနစ် အလိုတွင် ကွင်းလယ်ကြောမှ မက်ဆီ ဆွဲယူလာပြီး ညာခြမ်းရှိ ဒီမာရီယာထံ သပ်သပ်ရပ်ရပ် ဘောလုံးထုတ်ပေးလိုက်ရာ ဒီမာရီယာက အနိမ့်ထောင့်ဖြတ် ကန်သွင်းပြီး အာဂျင်တီးနားတို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ဘယ်လ်ဂျီယံ ၀ - ၀ အမေရိကန် (အချိန်ပိုတွင် ၂-၁ ဖြင့် ဘယ်လ်ဂျီယံ အနိုင်ရ)

နာမည်ကြီး ဘယ်လ်ဂျီယံ အသင်းအနေဖြင့် ပွဲချိန်မိနစ်(၉၀)လုံးလုံး အမေရိကန်ကို ဖိကစားနိုင်ခဲ့သော်လည်း ဂိုးသမား ဟောင်းဝပ်၏ လက်စွမ်းပြမှုနှင့် အဆုံးသတ် မသေချာမှုများကြောင့် အချိန်ပိုထိ ဆက်လက် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။ အထူးသဖြင့် ဟောင်းဝပ်သည် ဘယ်လ်ဂျီယံ၏ ဂိုးသွင်းရန် အားထုတ်မှု အကြိမ်အတော်များများကို အကောင်းဆုံး ကာကွယ်သွားခဲ့သည်။



အချိန်ပို ကစားပြီး (၃)မိနစ် အကြာတွင် အမေရိကန် ခံစစ်မှူး တစ်ဦးကို ကာယအားပြု ဘောလုံးယှဉ်လုပြီး ညာခြမ်းအတိုင်း လူကာကူ တောက်လျှောက်ဆွဲပြေးကာ အလယ်ထဲ ချိုးပေးသည်ကို ဒီဘရွမ်းက အမေရိကန် နောက်ခံလူများအား လှည့်ထုတ်ပြီး အနိမ့်ကန်ချက်ဖြင့် ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။ ထို့နောက် အချိန်ပို (၁၀၅)မိနစ်တွင် ဘယ်ခြမ်းမှ ဒီဘရွမ်း ဆွဲယူထိုးဖောက်လာပြီး ခင်းပေးသည်ကို လူကာကူက အပြင်းကန်သွင်းကာ ဘယ်လ်ဂျီယံတို့ ဒုတိယဂိုး ရရှိသွားသည်။ အချိန်ပို ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်မူ အမေရိကန် ကွင်းလယ်မှ ဘရက်ဒလေ အသာအယာ ကျော်ကန်ပေးသော ဘောလုံးကို ဂရင်းက မြေမကျ ကန်ချက်ဖြင့် တစ်ဂိုး ပြန်လည် ချေပခဲ့သည်။

ယခုပွဲစဉ်များအပြီးတွင် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်ရောက်သည့် (၈)သင်းလုံး စုံစုံညီညီ ထွက်ပေါ်လာပြီဖြစ်ပြီး ထူးခြားချက် အနေဖြင့် အုပ်စုပထမ နေရာမှ ရှုံးထွက်အဆင့် တက်ခဲ့သည့် အသင်းအားလုံး ကွာတားဖိုင်နယ် ရောက်လာခြင်း ဖြစ်သည်။ ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည့် ပြိုင်ဘက်အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဘရာဇီး - ကိုလံဘီယာ
ပြင်သစ် - ဂျာမနီ
နယ်သာလန် - ကော်စတာရီကာ
အာဂျင်တီးနား - ဘယ်လ်ဂျီယံ


7Day Daily

0 comments:

Post a Comment