Tuesday, July 8, 2014

ဘရာဇီးကို ဂိုးပြတ်နိုင်ခဲ့ခြင်းမှာ ရူးလောက်သည့် ရလဒ်မျိုးဟု မူလာညွှန်းဆို



ဘရာဇီးအသင်းကို ဂိုးပြတ် အနိုင်ရခဲ့ခြင်းသည် ရူးလောက်သည့် ခံစားချက်မျိုးဟု ဂျာမနီ တိုက်စစ်မှူး သောမတ်စ်မူလာက ပြောကြားခဲ့သည်။

ဂျာမနီသည် အိမ်ရှင် ဘရာဇီးကို (၇-၁)ဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရာ ဘိုင်ယန်မြူးနစ် ကစားသမား မူလာက အဖွင့်ဂိုးကို (၁၁)မိနစ်တွင် သွင်းယူနိုင်ခဲ့သည်။ အသက်(၂၄)နှစ်ရှိ ကစားသမားက ယခုကဲ့သို့ ရလဒ်မျိုးကို လုံးဝ မျှော်လင့်မထားခဲ့ဟု ဝန်ခံခဲ့သည်။“အမှန်ပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ဖြစ်လာမယ်လို့ လုံးဝထင်မထားပါဘူး”ဟု မူလာက ဆိုသည်။ ၎င်းက “ဘောလုံးပွဲတွေဟာ ထင်ကြေးနဲ့ ဘယ်လောက် ကွာခြားသွားနိုင်သလဲ ဆိုတာကို အခုပွဲက လက်တွေ့ပြသွားတာပဲ။ ဘရာဇီးဟာ ခံစစ်ကို ပိတ်ကစားတတ်တဲ့ အသင်းမျိုး မဟုတ်ဘူးလေ။ အဲဒီအချက်ကိုပဲ ကျွန်တော်တို့က အကောင်းဆုံး နည်းလမ်းတစ်ခုနဲ့ အခွင့်အရေး ယူခဲ့တာပဲ။ ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ရူးလောက်ပါတယ်”ဟု ပြောကြားခဲ့သည်။

မူလာက ဘရာဇီးကို အနိုင်ရခဲ့ခြင်းမှာ ပျော်စရာ ကောင်းသော်လည်း ယင်းကို ခေတ္တမေ့ထားပြီး ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် နယ်သာလန်၊ သို့မဟုတ် အာဂျင်တီးနားတို့ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေးအတွက် စိတ်အာရုံ စူးစိုက်ထားရန် အသင်းဖော်များကို တိုက်တွန်းခဲ့သေးသည်။

“ဒီပွဲရလဒ်ကို ပြိုင်ပွဲရဲ့ အစိတ်အပိုင်း တစ်ရပ်လောက် အနေနဲ့သာ ခံယူထားသင့်တယ်။ ပွဲတိုင်းက ခြားနားမှုတွေ ရှိနိုင်ပါတယ်။ အယ်လ်ဂျီးရီးယားနဲ့ ပွဲတုန်းက ကျွန်တော်တို့ ခြေကျသွားပြီလို့ လူတိုင်းက ပြောတယ်။ ခုတော့ ဂျာမနီရဲ့ ခြေစွမ်းက အကောင်းဆုံးလို့ ပြောကြပြန်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အရည်အသွေးမြင့် ကစားသမားတွေ ပေါင်းစပ်ထားတဲ့ ထိပ်တန်းအသင်းတစ်ခု ဖြစ်ပါတယ်”ဟုလည်း မူလာက ပြောကြားသွားသည်။

_Ref: Goal

7Day Daily

0 comments:

Post a Comment