ကျွန်တော်တို့လမ်းထိပ်မှာ အမှိုက်ပုံကြီးတစ်ခုရှိတယ်။ အမှိုက်ပုံကြီးလို့ သေသေချာချာပြောထားတော့ သာမန်သေးသေးကွေးကွေးအမှိုက်ပုံလေးတော့ မဟုတ်ဘူးဆိုတာ ရိပ်မိမှာပါ။ အဲဒီအမှိုက်ပုံမှာ တစ်လမ်းလုံးက လူတွေအမှိုက်ပစ်ကြတယ်။ မီးဖိုချောင်သုံးအမှိုက်တွေ၊ လူ တိရိစ္ဆာန်တွေရဲ့ အညစ်အကြေးပေါင်းစုံတွေ၊ တိရိစ္ဆာန်အသေကောင်တွေ အဲလိုအမှိုက်သရိုက်ပေါင်းစုံနဲ့ ၂၄နာရီ ညှီစို့နံစော်နေတာများ အနားကဖြတ်လျှောက်မိရင်ကိုပဲ တော်ရုံမခံနိုင်တဲ့သူဆို မူးမေ့လဲသွားလောက်တယ်။ ကြွက်တွေ၊ ခြင်တွေ၊ ယင်တွေနဲ့ ပိုးဟပ်တွေအတွက်တော့ အဲဒီအမှိုက်ပုံကြီးက နိဗ္ဗာန်ဘုံပဲပေါ့။ လူတွေဖြတ်သွားရင် အမှိုက်ပုံမှာ နားနေတဲ့ယင်မည်းမည်းကြီးတွေ ၀ုန်းခနဲ အုပ်လိုက်ထပျံတတ်ကြတယ်။ ကြောင်ခပ်ရွယ်ရွယ်ပမာဏလောက်ရှိတဲ့ မြေကြွက်ကြီးတွေ အမှိုက်ပုံမှာ ထိုးဆွအစာရှာနေတာကိုလည်း တစ်ခါတလေမြင်ရတတ်တယ်။ လေသင့်ရင်အဲဒီအမှိုက်ပုံကြီးက ပုပ်အဲ့အဲ့အနံ့တွေဟာ တစ်လမ်းလုံးကအိမ်တွေဆီကို အော်ဂလီဆန်စရာကောင်းလောက်အောင်ကိုရောက်တယ်။ သူ့ကိုမှီပြီးပေါက်ဖွားနေကြတဲ့ အကောင်ပလောင်တွေကောင်းမှုနဲ့ တစ်လမ်းလုံးကအိမ်တွေမှာ မဖျားမနာတဲ့အိမ်ရယ်လို့ကို မရှိတော့ဘူး။ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ၊ အသည်းရောင်အသားဝါပိုးတွေ၊ အူရောင်ငန်းဖျားတွေရောဂါတွေကြောင့် ငယ်ငယ်ရွယ်ရွယ်တွေရော အသက်ကြီးကြီးတွေရော တဖြုတ်ဖြုတ်ပေါ့ဗျာ။အဲဒီအမှိုက်ပုံကြီးက ဘယ်အချိန်ကတည်းက ရှိနေလဲဆိုတာတော့ ကျွန်တော်လည်းသေချာမသိဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မွေးကတည်းက အဲဒီအမှိုက်ပုံကြီးကလမ်းထိပ်မှာရှိနေတာ။ ကျွန်တော်တို့လမ်းမှာ အရင်ကတော့ လမ်းနာမည်ရှိတယ်။ နောက်တော့ ဒီအမှိုက်ပုံကြီးရှိနေတာနဲ့ နဂိုရှိတဲ့လမ်းနာမည်ပျောက်ပြီး အမှိုက်ပုံလမ်းလို့ပဲခေါ်ကြတော့တယ်။ အခုတစ်ရပ်ကွက်လုံးမှာ အမှိုက်ပုံလမ်းဆိုရင် မသိမရှိကြတော့ဘူး။ ကျွန်တော်မမှီလိုက်ပေမယ့် ကျွန်တော့်အဖေပြောတာတော့ အရင်တုန်းက အဲဒီနေရာမှာ အမှိုက်ပုံမရှိဘူးတဲ့။ အဲဒီနေရာက ကျယ်ကျယ်ပြန့်ပြန့်နဲ့ နေရာအကွက်အကွင်းကောင်းတော့ ကလေးကစားကွင်းလိုမျိုးလုပ်ဖို့ ရာထားတာဆိုပဲ။ နောက်တော့ ဘယ်ကနေဘယ်လိုလူတွေအမှိုက်စပစ်ကြလဲမသိ တဖြည်းဖြည်းနဲ့ အမှိုက်ပုံလေးကနေ အမှိုက်ပုံကြီးဖြစ်လာလိုက်တာ ကျွန်တော့်တစ်သက်ပဲဆိုပါတော့။ အဖေပြောတော့ နားရှိလို့သာကြားရတယ်။ အမှိုက်ပုံကြီးမရှိခင်တုန်းက ကျွန်တော်တို့ရပ်ကွက်က သာသာယာယာရှိတယ်ဆိုတာ ကျွန်တော်ဖြင့်မယုံနိုင်ပါဘူးဗျာ။ ပြောမယ့်သာပြောတာ အဖေပြောတာကလည်းဖြစ်တော့ဖြစ်နိုင်တယ်။ ကျွန်တော်တို့လမ်းက ရပ်ကွက်တစ်ခုလုံးမှာဆိုရင် အတော်လေးနေပျော်တဲ့နေရာဗျ။ ဈေးနဲ့နီးတယ်၊ ကျောင်းနဲ့နီးတယ်၊ ဘတ်စ်ကားဂိတ်တွေဘာတွေနဲ့လည်းနီးတယ်။ အဖေပြောတာတော့ အဲဒီအမှိုက်ပုံကြီးကအနံ့အသက်တွေဆိုးလွန်းတာကြောင့် ကျွန်တော်တို့လမ်းထဲမှာ စီးပွားရေးလုပ်မယ့်သူတွေဘာတွေလည်း လန့်ဖျပ်ပြီးပြေးကုန်တာတဲ့။ အရင်တုန်းက လမ်းထဲမှာ တနိုင်တပိုင်စီးပွားရေးလေးတွေလုပ်တဲ့သူတွေရှိတော့ ရပ်ကွက်ထဲကလူတွေလည်းအလုပ်ရ ချောင်ချောင်လည်လည်ရှိတယ်တဲ့။ တော်တော်လေးဟောင်းနေပေမယ့် အခုထက်ထိတောင် ကျွန်တော်တို့လမ်းထဲမှာရှိတဲ့ဓမ္မာရုံက တစ်ရပ်ကွက်လုံးမှာ အကောင်းဆုံးဓမ္မာရုံဖြစ်နေတုန်း။ အမှိုက်ပုံကြီး တဖြည်းဖြည်းကြီးလာတော့ လမ်းထဲမှာရှိနေတဲ့ လုပ်ငန်းရှင်လေးတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါလေရော။ အခုတော့ တတ်နိုင်တဲ့သူတွေက အမှိုက်ပုံကြီး ဟီးနေအောင်ရှိတဲ့ ဒီလမ်းလေးကို မနေချင်ကြတော့ အခွင့်ရေးရတာနဲ့ ပြောင်းပြေးကြတယ်။ အကြောင်းကြောင်းကြောင့် မပြောင်းနိုင်တဲ့သူတွေကျတော့လည်း ဆင်းဆင်းရဲရဲ ဒုက္ခခံပြီးနေကြရတာပေါ့။ ကျွန်တော်မခံချင်အဖြစ်ဆုံးကတော့ အဲဒီအမှိုက်ပုံကြီးကြောင့် ကျွန်တော်တို့လမ်းထဲ စီးပွားရေးလာမလုပ်ကြတော့ တစ်ရပ်ကွက်တည်း ဗိန်မသာလိမ်မသာလမ်းတွေထဲက ရှိတဲ့ လုပ်ငန်းလေးတွေမှာပါ ကျွန်တော်တို့လမ်းထဲက လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေ အနှိမ်ခံပြီး သွားလုပ်နေကြရတာပါ။ စားဝတ်နေရေးအတွက် ကျွန်တော်တို့မှာ ရွေးချယ်ရာမရှိဘူးလေ။
ကျွန်တော်တို့လမ်းထဲကလူတွေကို ရပ်ကွက်ထဲ တခြားလမ်းကလူတွေနှိမ်တာလည်း အပြစ်တော့ သိပ်ပြောစရာမရှိလှဘူးရယ်။ လမ်းထိပ်က အဲလောက်ညစ်ပတ်နံစော်နေတဲ့ အမှိုက်ပုံကြီးဆိုတာက တခြားလူတွေလာလုပ်ထားတာမှမဟုတ်တာဘဲ။ ကျွန်တော်တို့လမ်းထဲက လူတွေပဲလုပ်ထားတာကိုးဗျ။ ရပ်ကွက်ထဲက တခြားလမ်းတွေမှာလည်း သူတို့ပစ်ကြတဲ့ အမှိုက်ပုံမရှိဘူးမဟုတ်ပါဘူး။ သူ့ဘာသာသူတော့ရှိကြတာပဲ။ ဒါပေမယ့် ကွာနေတာက သူတို့က သူတို့အမှိုက်ပုံတွေကို မြန်မြန်ဆန်ဆန်ပဲ ရှင်းလင်းသုတ်သင်ပြီး သာသာယာယာဖြစ်အောင်လုပ်နေတဲ့အချိန် ကျွန်တော်တို့လမ်းထဲမှာတော့ ဒီအမှိုက်ပုံဖြစ်ရတာ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်နဲ့ လမ်းထဲက လူအချင်းချင်း လက်ညှိုးပဲထိုးနေကြတာကိုး။ နင့်ကြောင့်ဖြစ်ရတဲ့အမှိုက်ပုံ နင်ပဲရှင်း၊ ငါတို့တော့မပါနိုင်ဘူးဆိုပြီး တွယ်ကပ်နေတဲ့သူတွေကရှိသေးတယ်။ ကိုယ်နေတဲ့လမ်းထိပ်က အမှိုက်ပုံကို ရှင်းသွားနိုင်အောင် လမ်းထဲကလူတွေ တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းလုပ်ရမယ့်အစား လက်ညှိုးပဲထိုးနေကြတော့ အမှိုက်ပုံကတဖြည်းဖြည်းကြီးလာတာပဲ အဖတ်တင်တော့တာပေါ့။
တစ်ခါတော့ လမ်းထဲက နိုင်ငံရေးသမားယောင်ယောင်ဘာယောင်ယောင်လူတွေစုပြီး အမှိုက်ပုံရှင်းလင်းရေး ဟောပြောပွဲဆိုတာလုပ်သေးတယ်ဗျ။ အဲဒီမှာတော့ ပြောကြတာပေါ့ဗျာ။ လမ်းထိပ်က ဒီအမှိုက်ပုံကြီးက ဘယ်လိုနံကြောင်း၊ ဘယ်လိုကျန်းမာရေးထိခိုက်ကြောင်း၊ ဒီအမှိုက်ပုံကြီးကြောင့် ဘယ်လိုစီးပွားရေးထိခိုက်ရကြောင်းတွေကို အာဘောင်အာရင်းသန်သန်ပြောသွားတာ။ ခက်တာက သူတို့ပြောသွားတာတွေက လမ်းထဲကလူတိုင်းသိနေတာတွေဖြစ်နေပြီးတော့ ဒီအမှိုက်ပုံနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းကြမယ်ဆိုတာမျိုးကြတော့ မပြောသွားပြန်ဘူး။ ဒီလိုနဲ့အမှိုက်ပုံကြီးနားမှာ အမှိုက်မပုံရ၊ စည်းကမ်းရှိပါ၊ အမှိုက်ပစ်ခြင်းသည် နိုင်ငံကြီးသားမပီသ ဆိုတဲ့ဆိုင်းဘုတ်လေးတွေပေါ်လာတယ်။ အမှိုက်ပုံကြီးကတော့ တဖြည်းဖြည်းကြီးလာနေတုန်းပဲ။
ကျွန်တော်ပြောရင်ယုံမလားတော့မသိဘူး။ ဒီလောက်ညစ်ပတ်နံစော်နေတဲ့အမှိုက်ပုံကြီးမှာ အမှိုက်ပုံစောင့်ရှောက်ရေးအဖွဲ့ဆိုတာရှိသေးသဗျ။ တရားဝင်တော့မဟုတ်ဘူးပေါ့ဗျာ။ အဲဒီလူတွေက ဒီအမှိုက်ပုံကြီးဆီကနေ အကျိုးအမြတ်ရနေတဲ့သူတွေပေါ့ဗျာ။ သူတို့က အမှိုက်ပုံက သံတိုသံစတွေ၊ ပလပ်စတစ်တွေကိုကောက်ပြီး သုံးလို့ရမယ့်နေရာတွေမှာ ပြန်ရောင်းစားကြတဲ့သူတွေပေါ့။ တစ်လမ်းလုံးဒုက္ခခံနေရတဲ့အမှိုက်ပုံကိုမှီပြီး သူတို့ကပိုက်ဆံရနေတာဆိုတော့ လမ်းထဲမှာတော့ လူပေါ်လူဇော်တွေပေါ့။ သူတို့က ဒီအမှိုက်ပုံကြီးကို မပျောက်သွားစေချင်ဘူးဗျ။ ဒီအမှိုက်ပုံရှိမှ သူတို့ပိုက်ဆံရတယ်၊ ဒီအမှိုက်ပုံမရှိတော့ရင် သူတို့စားပေါက်ပိတ်ပြီလို့တွက်ကြတော့ အမှိုက်ပုံရှင်းလင်းရေးဆိုတာမျိုးကို သူတို့အရမ်းနားခါးတယ်။ အစောနက နိုင်ငံရေးသမားယောင်ယောင်လူတွေနဲ့ ရန်စောင်နေကြတာပေါ့။ အဲဒီတော့ အမှိုက်ပုံကိုမှီပြီးရှိနေတဲ့အဖွဲ့နှစ်ဖွဲ့ရှိတယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ ဘယ်ဘက်ရယ်မဟုတ်ပါဘူး။ ဒီအမှိုက်ပုံကြီးမရှိရင်အေးတာပဲတွက်ထားတဲ့သူဆိုတော့ကာ လမ်းထဲကလူတွေသေသေကြေကြေဆိုပြီး ငတေမာရင်ပြီးရောပုံဖမ်းနေတဲ့ အမှိုက်ပုံစောင့်တွေထက်စာရင်တော့ အမှိုက်ပုံကြီးရှင်းမှကောင်းမယ်ဆိုတဲ့ နိုင်ငံရေးသမားအုပ်စုကိုတော့ သဘောကျမိသား။ သူတို့ကလည်း အပြောကနေ တက်မလာတာတော့ခက်တယ်။ ရယ်စရာတောင်ကောင်းသေးတာက အဲဒီအမှိုက်ပုံစောင့်အဖွဲ့ကလည်း အတိုက်အခံတွေနဲ့ဗျ။ ခုနကနိုင်ငံရေးသမားတွေနဲ့မတူတာက သူတို့က ဓားဓားချင်း တုတ်တုတ်ချင်းတီးကြတာ။ အဲဒီအမှိုက်ပုံကြီးဆီက သုံးလို့ရမယ့်အမှိုက်တွေကိုလုရင်း တခြိမ်းခြိမ်းရိုက်ကျသေးတာ။ ဒါပေမယ့် အင်အားချင်းသိပ်မျှတော့ လက်ရှိထိတော့ အင်အားတောင့်တဲ့ အမှိုက်ပုံစောင့်အဖွဲ့ကြီးကို ကျော်နိုင်မယ့်သူမရှိသေးဘူး။
လမ်းထဲကစိတ်ထားကောင်းတဲ့လူတချို့ကတော့ တစ်ယောက်ချင်း နှစ်ယောက်ချင်းနိုင်သလောက်အမှိုက်လေးတွေရှင်းကြည့်ပါသေးရဲ့။ ဒါပေမယ့် ကောက်နိုင်တာထက် ပစ်ကြတာကများနေတော့ မနိုင်ဝန်ထမ်းနေရသလိုပဲ။ ဒါတောင်ဘေးထိုင်ဘုပြောတချို့က မင်းတို့လိုတစ်ယောက်နှစ်ယောက်နဲ့ အလုပ်မဖြစ်ပါဘူးကွာဆိုပြီး ကဖျက်ယဖျက်ကလုပ်သေးတာ။ ကျွန်တော်ထင်တာတော့ အဲဒီဘေးထိုင်ဘုပြောတွေက အမှိုက်ပုံစောင့်အဖွဲ့နဲ့ ပတ်သက်နေတယ်ထင်တာပဲဗျာ။ သူတို့က ဒီအမှိုက်ပုံကြီးပျောက်သွားမှာစိုးတော့ နည်းအမျိုးမျိုးနဲ့ကို လုပ်နေတော့တာ။ ဒီအမှိုက်ပုံကြီးရှေ့က ဖြတ်သွားကြရတဲ့ လမ်းသွားလမ်းလာတွေ၊ လမ်းထဲကလူတွေကတော့ ဒီအမှိုက်ပုံကြီးနံကြောင်း၊ ကျန်းမာရေးထိခိုက်ကြောင်း၊ မရှိသင့်တော့ကြောင်းတွေကို ဖြတ်မိတိုင်းပြောနေကြတုန်းပဲ။ ဒါပေမယ့် အဲလိုပြောရင်းနဲ့ပဲ အမှိုက်ပုံထဲက ကွမ်းသွေးထွေးတဲ့သူကထွေးရဲ့၊ အမှိုက်တွေပစ်ချတဲ့သူတွေကပစ်ချရဲ့၊ မနက်ကျ အမှိုက်ပုံကြီးမကောင်းကြောင်းပြောရင်း ညဘက်လူချေတိတ်ချိန်တိတ်တိတ်လေး အမှိုက်ထုပ်လာပစ်ချတဲ့သူတွေကချရဲ့။ အမှိုက်ပုံကြီးပျောက်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကတော့ မတွေးသေးဘူး၊ နောက်ဆုံး အမှိုက်တစ်စနှစ်စလောက်တောင် မကောက်ကြဘူး။ သူတို့စိတ်ထဲမှာက အမှိုက်ပုံကြီးမကောင်းတဲ့အကြောင်းပဲ အာဘောင်အာရင်းသန်သန်ပြောချင်တာ ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲဆိုတာကိုတော့ ခေါင်းရှုပ်ခံမတွေးချင်ကြဘူးလေ။ သူများကိုပြောရင်း ကျွန်တော်ရော ဘာထူးလဲဗျာ။ အခုပဲ အမှိုက်ပုံကြီးအကြောင်းဋီကာဖွင့်နေပြီမဟုတ်လား။
ဒီအချိန်အမှိုက်ပုံကအမှိုက်နည်းနည်းသွားကောက်ရင်တောင် အလုပ်ဖြစ်နေဦးမယ်။ ဒါပေမယ့် ခက်သားဗျ။ ကျွန်တော်ကရွံတတ်တော့ လက်မပေချင်ဘူးလေ။ အဲဒီတော့ ဒီအမှိုက်ပုံကြီး ကိုယ်တိုင်ရှင်းတာထက် မိုးနတ်မင်းကြီးဆင်းလာပြီး ရှင်းသွားမယ်လို့ တွေးနေမိတုန်းပဲကိုဗျ။ ကိုယ့်ချည်းပဲလားဆိုတော့ တစ်လမ်းလုံး ဒီသဘောချည်းပဲဗျို့။ ခက်တာပဲဗျာ။ ဒီအမှိုက်ပုံကြီးသာ ကျွန်တော့်သားသမီးမြေးမြစ်တွေထိဆက်ရှိနေ လို့တော့ ကျွန်တော်တို့တစ်လမ်းလုံး လူညွန့်တုံးရချည်ရဲ့။
0 comments:
Post a Comment