Sunday, July 6, 2014

ကြာမြင့်စွာ ဆွမ်းဘုဉ်းမပေးဘဲနေနိုင်သော ဝစီပိတ်ဆရာတော်တစ်ပါး ဒိုက်ဦးနယ်တွင် ဖူးမြော်သူများပြား

ရန်ကုန်၊ ဇူလိုင် ၅- ပဲခူးတိုင်းဒေသကြီး ဒိုက် ဦးမြို့နယ်တွင် နှစ်လတိုင်တိုင် ဆွမ်းမစားဘဲ ဝစီပိတ်ကျင့်ကြံတော်မူသော ထူးခြားသည့် ဆရာတော်တစ်ပါးအား သွားရောက်ဖူးမြော် သူများ ပိုမိုများပြားလာကြောင်း သိရသည်။''ဆရာတော်က စကားနည်းသွား တာ သုံးလလောက်ရှိပြီ။ ဆွမ်းဘုဉ်းမပေး တာတော့ နှစ်လကျော်သွားပြီ။ ဆွမ်းစားနည်း လာရာက လုံးလုံး ဆွမ်းဘုဉ်းမပေးတော့ဘူး။ ဆရာတော်ကို ဒီလိုဖြစ်ပြီးတော့မှ လာရောက် ဖူးမြော်တဲ့သူတွေ များပြားနေပါတယ်''ဟု ဆရာတော်ဦးကာရုည၏ အစ်ကိုတော်စပ်သူ ဦးဆန်းဝင်းက ပြောပြသည်။
အဆိုပါဘုန်းတော်ကြီး၏ဘွဲ့အမည်မှာ ဦးကာရုညဖြစ်ပြီး သူမွေးရပ်ဇာတိ ဒိုက်ဦးမြို့နယ် နှင်းသဇင်ကျေးရွာအုပ်စု ကုန်း ပိုင်းကြီးကျေးရွာရှိ ဆရာတော်၏ အစ်ကို တော်စပ်သူ ဦးဆန်းဝင်းလှူဒါန်းထားသည့် ယာယီကျောင်းတွင် သီတင်းသုံးနေသည်။''ပထမတော့ ဆင့်ကူးကျေးရွာ အောင်တော်မူက အောင်တော်မူကျောင်း တိုက်မှာ သီတင်းသုံးတယ်လို့ ပြောတယ်။ဆရာတော် အဲဒီလိုဖြစ်ပြီးချိန်မှာ သူ့အစ်ကို ရဲ့နေအိမ်မှာ သီတင်းသုံးနေတာပါ။ အခုလာ ဖူးတဲ့သူတွေ အများကြီးပဲ။ တစ်နေ့ကို လူ ၂ဝဝ ကျော်လောက် လာကြတယ်''ဟု ဆရာ တော်အား သွားရောက်ဖူးမြော်ခဲ့သော အမျိုး သမီးတစ်ဦးကပြောသည်။
ယင်းကဲ့သို့ ဆရာတော်၏ ထူး ခြားသောဖြစ်စဉ်ကြောင့် ဒိုက်ဦးမြို့နယ် သံဃ နာယကအဖွဲ့မှ ဒိုက်ဦးမြို့နယ်ဆရာဝန်ကြီး ကို ခေါ်ဆောင်ပြီး ကျန်းမာရေးစစ်ဆေးပေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
''ဆရာတော်ကို အဲဒီလိုစစ်ဆေး တော့ ဆီးချို၊ သွေးချိုမရှိဘူး။ ဘာရောဂါ ဝေဒနာမှ မရှိဘူးလို့ ဆရာဝန်ကပြောတယ်။ အသိ၊ သတိတော့ရှိတယ်။ ဆွမ်းဘုဉ်းမပေး တော့လို့ ဝမ်းမသွားတော့ဘူး။ ဆီးတော့သွား တယ်လို့ ဆရာတော်ရဲ့ အစ်ကိုကပြောတယ်'' ဟု ဒိုက်ဦးမြို့နယ်သို့ ကိုယ်တိုင်ကိုယ်ကျသွား ရောက်လေ့လာခဲ့သူတစ်ဦးက ပြောသည်။
ယင်းကိစ္စနှင့်ပက်သက်၍ တရား အားထုတ်ဖူးသော ယောဂီတစ်ဦးက''အချို့ တရားဘာဝနာ ပွားများသူတွေက တည်ငြိမ် မှု သမထပွားများနေရင် ထမင်းမစားချင် တော့ဘူး။ သမထ(တည်ငြိမ်မှု)တစ်ခုတည်း နဲ့ နေကြတယ်။ နေနိုင်ကြတယ်။ မြတ်စွာ ဘုရား ဒုက္ကရစရိယာကျင့်တုန်းကလဲ မစား သောက်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီလမ်းက အစွန်း ရောက်နေလို့ မဇ္ဈိမပဋိပဒါလမ်းစဉ်အဖြစ် မြတ်စွာဘုရားက ဆွမ်းပြန်ဘုဉ်းပေးခဲ့တယ် လို့သိရပါတယ်''ဟု ပြောသည်။

ဆရာတော်ဦးကာရုညကို ခမည်း တော် ဦးစံဝင်း၊ မယ်တော်ဒေါ်အေးတို့မှ ၁၃၃၂ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ငယ်ဖြူဆရာ တော်တစ်ဦးဖြစ်ကာ သက်တော် ၄၄ နှစ် သိက္ခာတော် ၂၄ ဝါရှိပြီဖြစ်ကြောင်း၊ ဓမ္မာ စရိယတန်း ဖြေဆိုခဲ့ပြီးနောက် အောင်တော် မူကျောင်းတိုက်တွင် စာချဆရာတော်အဖြစ် လည်းကောင်း၊ တိုက်အုပ်ဆရာတော်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ငွေစန္ဒီ၊ သူသူ - FLOWER NEWS journal အတွဲ(၁၀)၊ အမှတ်(၂၆)
Yangon Media Group

0 comments:

Post a Comment