Monday, July 7, 2014

ပင်နယ်တီ အဆုံးအဖြတ်တွင် ဂိုးသမား ပြောင်းလဲခဲ့သည့် ဗန်ဟားလ်ကို ကင်နာဗာရိုဝေဖန်



ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ၌ ဂိုးသမား အပြောင်းအလဲ ပြုလုပ်ခဲ့သည့် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဟားလ်ကို အီတလီ အသင်းခေါင်းဆောင်ဟောင်း ဖေဘီယို ကင်နာဗာရိုက အံ့အားသင့်ဖွယ် ဝေဖန်ပြစ်တင်လိုက်သည်။နယ်သာလန်သည် မိနစ်(၁၂၀)လုံးလုံး ကော်စတာရီကာနှင့် သရေကျနေပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခါနီးတွင် ဗန်ဟားလ်က ဦးစားပေး ဂိုးသမား ဂျက်စပါ ဆီလက်ဆန်ကို အရန်ဂိုးသမား တင်မ်ကရူးလ်နှင့် လူစားလဲလှယ်ခဲ့သည်။ ကရူးလ်သည် ကော်စတာရီကာ၏ ပင်နယ်တီကန်ချက် နှစ်လုံးကို လက်စွမ်းပြ ကာကွယ်ပြီး နယ်သာလန်အသင်း အကြိုဗိုလ်လုပွဲ တက်ခဲ့သလို ဗန်ဟားလ်၏ လူစားလဲမှုမှာလည်း ကမ္ဘာ့ဖလား၏ ပြောစမှတ်တွင်စရာ အကောင်းဆုံး လှည့်ကွက်တစ်ခု ဖြစ်လာခဲ့သည်။

သို့သော်လည်း (၂၀၀၆)ခုနှစ် ကမ္ဘာ့ဖလားကို အီတလီအသင်း ဆွတ်ခူးစဉ်က ဦးဆောင်ကစားခဲ့သည့် ကင်နာဗာရိုကမူ ကွဲပြားသည့် အမြင်တစ်ရပ်မှ သုံးသပ်ခဲ့သည်။ ၎င်းက ဗန်ဟားလ်၏ လုပ်ရပ်သည် နယ်သာလန်၏ ပွဲထွက်ဂိုးသမား ဆီလက်ဆန်အတွက် ထိခိုက်နစ်နာစေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

“ဒီအပြုအမူက ဂိုးသမားကို လေးစားမှု ကင်းမဲ့တဲ့ သဘောပဲ။ နောက်ပွဲမှာ နယ်သာလန်ရဲ့ ဂိုးသမားကရော ဘယ်သူဖြစ်မှာလဲ။ ပွဲထွက် ဂိုးသမားရဲ့ စိတ်ထဲမှာလည်း သူဟာ နည်းပြဆီက (၁၀၀)ရာခိုင်နှုန်းအပြည့် ယုံကြည်မှု ရမထားဘူး ဆိုတာကို တွေးနေမိတော့မှာပဲ”ဟု ကင်နာဗာရိုက ဆိုသည်။

၎င်းက “လူတိုင်းက ခုချိန်မှာ ဗန်ဟားလ်ကို ဂန္ထဝင်ကြီး တစ်ယောက်လို၊ တကယ့် ပဉ္စလက် ဘောလုံးမှော်ကဝေ တစ်ယောက်လို သဘောထားနေမှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်တော်ကတော့ သဘောမတူဘူး။ သူက ကျွန်တော်သဘောကျတဲ့ နည်းပြမျိုးလည်း မဟုတ်ဘူး”ဟုလည်း ပြောကြားခဲ့သည်။

နယ်သာလန်သည် ကော်စတာရီကာကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်တွင် အာဂျင်တီးနားနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

_Ref: Goal
7Day Daily

0 comments:

Post a Comment