Monday, July 7, 2014

နေမာကို ခါးဆစ်ရိုး ကျိုးသွားစေသည့်တိုင် ဇူနီဂါကို အရေးယူမည်မဟုတ်ဟု FIFA အတည်ပြု



နေမာကို ခါးရိုးဆစ် ကျိုးသွားစေသည်အထိ ကစားပုံ ကြမ်းခဲ့သည့် ကိုလံဘီယာ နောက်ခံလူ ဟွမ်ဇူနီဂါကို သီးသန့် အရေးယူမှု ပြုလုပ်မည် မဟုတ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အတည်ပြု ကြေညာခဲ့သည်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်၌ အိမ်ရှင် ဘရာဇီးအသင်းက ကိုလံဘီယာကို (၂-၁)ဖြင့် အနိုင်ရခဲ့ပြီး ဇူနီဂါ၏ နောက်ဘက်မှ ဝင်ရောက်ဖျက်ထုတ်မှုကြောင့် ဘရာဇီး တိုက်စစ်မှူး နေမာ၏ ကျောတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည်။ ပွဲချိန်(၈၆)မိနစ် ဖြစ်ရပ်တွင် နေမာကို ထမ်းစင်ဖြင့်ပင် ထုတ်သွားရသော်လည်း ကွင်းလယ်ဒိုင်က တစ်စုံတစ်ရာ အရေးယူမှု မပြုလုပ်ခဲ့ချေ။ဇူနီဂါက မိမိ၏ ဖျက်ထုတ်မှုအတွက် နေမာကို ရည်ရွယ်ပြီး တောင်းပန်စကား ပြောခဲ့သော်လည်း FIFA က ဖြစ်ရပ်ကို သီးခြားစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စပိန်ကွင်းလယ်ဒိုင် ကားလို့စ် ဗီလက်စ်ကို ကာဘယ်လိုသည် ဇူနီဂါကို အဝါကတ် ပြခဲ့သင့်ကြောင်း ဝေဖန်မှုများ ကြုံနေရပြီး ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီက ဇူနီဂါသည် နေမာကို ရည်ရွယ်ချက်ရှိရှိ လိုက်ပါချောင်းမြောင်းနေကြောင်း စွပ်စွဲခဲ့သည်။

ယခုအခါ FIFA ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဗီဒီယိုမှတ်တမ်းများကို ပြန်လည်ကြည့်ရှုပြီးနောက် မိမိတို့ အနေဖြင့် တစ်စုံတစ်ရာ အရေးယူစရာ မရှိဟု ကြေညာခဲ့သည်။ ဖြစ်ရပ်ကို ပွဲချိန်အတွင်း ဒိုင်က တွေ့မြင်ခဲ့သော်လည်း အရေးမယူခဲ့သည့်နောက် FIFA ကလည်း သီးခြားအရေးယူမည် မဟုတ်ဟု ဆိုသည်။

FIFA က “FIFA ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အနေနဲ့ နေမာရဲ့ ကျန်းမာရေး အခြေအနေကို ထိခိုက်သွားစေတဲ့ ဖြစ်ရပ်အတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဖြစ်ရပ်မှာ ကိုလံဘီယာ ကစားသမား ဇူနီဂါဟာ ဒိုင်ရဲ့ မျက်မှောက်မှာ ရှိနေခဲ့တဲ့အတွက် စည်းကမ်းပိုင်းအရ သီးခြားအရေးယူဖို့ မဖြစ်နိုင်ပါဘူး။ FIFA က ဝင်ရောက်စွက်ဖက် စဉ်းစားရတဲ့ စည်းကမ်းပိုင်းဆိုင်ရာ ချဉ်းကပ်သုံးသပ်မှုတိုင်းမှာ ဖြစ်ရပ်ရဲ့ အကျိုးဆက်ကို အမှီအခိုကင်းကင်း လေ့လာဖို့ လိုပါတယ်။ နေမာအမြန်ဆုံး ပြန်သက်သာလာဖို့ ဆန္ဒပြုပါတယ်။ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ရတဲ့ ကစားသမားတိုင်းအတွက်လည်း အလားတူ ဆန္ဒပြုပေးချင်ပါတယ်”ဟု ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ဘရာဇီး အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားကမူ ဇူနီဂါ၏ ဖျက်ထုတ်မှုမှာ သတ္တိနည်းလွန်းကြောင်း ဝေဖန်ခဲ့သည်။ ၎င်းက “ကျွန်တော်လည်း ခံစစ်မှူး တစ်ယောက်ပဲ။ ဒါမျိုး မလုပ်သင့်ဘူး။ ကျွန်တော့်အမြင်မှာတော့ သူ့လုပ်ရပ်က သူရဲဘောကြောင်လွန်းပါတယ်။ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုရင်တောင်မှ ဘောလုံးက ရှေ့ဘက်မှာ ရှိနေချိန်မှာ ပြိုင်ဘက်ကစားသမား တစ်ယောက်ရဲ့ ကျောကို ဒူးနဲ့တိုက်လိုက်တာမျိုးက လုံးဝ နည်းလမ်းမကျဘူး”ဟု ဆေးလ်ဗားက ပြောကြားသွားသည်။

_Ref: Skysports

7Day Daily

0 comments:

Post a Comment