Tuesday, December 16, 2014

ရန်ကုန်မြို့ က အကြာဆုံးသပိတ်နဲ့ မြေသိမ်းမြေလျှော် အမှုတွဲ နောက်ဆက်တွဲ


ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး ပြန်လည်အရှိန်မြှင့်လာတဲ့ သင်္ကန်းကျွန်းမြို့နယ်က မိချောင်းကန်သပိတ် ဆင်နွဲသူတွေဟာ မြို့တော်ခန်းမရှေ့တွင် သပိတ်ဆင်နွဲနေသည်မှာ ၄ ရက်ရှိလာပြီဖြစ်သည်။ ၎င်းသပိတ်မှာ ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၅ လကြာ သပိတ်ထိုင် ဆန္ဒပြနေသော မိကျောင်းကန်(၁၊၂၊၃) မူလ မြေများပြန်လည်ရရှိရေး သပိတ်စခန်း၏ နောက်ဆက်တွဲဖြစ်ပါသည်။ ယင်းသပိတ်စခန်းသည် စတုတ္ထအကြိမ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သပိတ်စခန်းဖွင့်လှစ်ရခြင်းအကြောင်းမှာ မြေနေရာ စုစုပေါင်းဧရိယာ ၃၅.၈၅၅ ဧက ရှိသော သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေများအား ၁၉၉၁ တွင် န.ဝ.တ အစိုးရ လက်ထက်၌ နှစ်ကြိမ်တိုင် သိမ်းဆည်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ပထမအကြိမ်အားဖြင့် ၃၁.၇၆၂ ဧက နှင့် ဒုတိယအကြိမ် ၁.၁၄၃ ဧက ဖြစ်ပြီး သိမ်းယူခဲ့တဲ့မြေများအား ကြည့်လျှင် မီးရထားပိုင်မြေ ၂၉ ဧက ၊ လမ်းနယ် ၂ ဧက ၊ နိုင်ငံခြားသားပိုင် ၀.၆ ဧက ၊ ပုဂ္ဂလိကပိုင် ၀.၂ ဧက ဖြစ်ကြောင်း တွေ့ရှိရပါသည် ။ ယင်းမြေများကို တပ်မတော် မှတ်တမ်းရုံးမိသားစုအတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အသုံးပြုခဲ့ ပါသည်။ ၁၉၉၂ တွင် မီးရထားနဲ့ဆောက်လုပ်ရေးမှ တပ်မတော်သို့ လွှဲပေးခဲ့သည် ဟု သိရပါသည် ။

ယခင်က မိကျောင်းကန် ရပ်ကွက်တွင် မူလနေထိုင်သူ အိမ်ထောင်စု ၈၃၅ စုရှိခဲ့သည်ကို တွေ့ရှိရပြီး ၁၉၉၂ ခုနှစ် တွင် ဒဂုံ ၊ လှိုင်သာယာ ၊ ရွှေပြည်သာ တို့တွင် ၂၀ x ၆၀ ၊ ၄၀ x ၆၀ မြေကွက် ၈၃၅ ကွက် ပေးလျှော်ခဲ့ပြီး ဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ပြောင်းရွှေ့ရေးအတွက် ထိုစဉ်က တပ်မတော်မှ စစ်သုံး ထရပ်ကားများ အသုံးပြုပြီး လိုက်ပို့ပေးခဲ့ကြသည်ဟု ကျုးကျော်နေထိုင်သူများမှ ဆိုပါသည် ။ ယခုအခါ မိကျောင်းကန် အပိုင်း(၁/၂/၃) မှနေရာများ ပြန်လည်ရလိုမှု ၊သို့တည်းမဟုတ် နေရာအစားထိုးပေးရန်၊ တန်ရာ တန်ကြေး အလျှော်ပေးရန်ဟူသော တောင်းဆိုမှုများနှင့် ဆန္ဒပြမှုအကြိမ်ကြိမ် ပြုလုပ်သည့်အပြင် သပိတ်စခန်း များ ဆက်တိုက်ဖွင့်လှစ်၍ တောင်းဆိုနေသည်ကို တွေ့ရပါသည် ။ တာဝန်ရှိသူများမှလည်း ဖြေရှင်းပေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ကျေနပ်မှုမရှိနိုင်သေးပဲ သပိတ်စခန်းပြန်လည်ဖွင့်လစ်လာသည်ကို တွေ့ရှိရပါသည် ။

တပ်မတော်မှတ်တမ်းရုံးမှ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရန် သိမ်းဆည်းခဲ့သည့် ၎င်းမြေတွင် မြေယာပိုင်ဆိုင်မှုမရှိပဲ ကျုးကျော်နေထိုင်သူ ၂၁၂ ဦး ရှိနေသည်ကို ၂၀၁၃ ခုနှစ်တွင် စစ်ဆေးတွေ့ရှိ သောကြောင့် ကျုးကျော်များအတွက် ၂၀၁၃ ဇွန်လ တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၌ ၂၀ x ၆၀ မြေကွက်ပေါင်း ၁၈၉ ကွက် နေရာချထားပေးခဲ့ပါသည် ။ မိကျောင်းကန်သပိတ်နှင့် ဆန္ဒပြမှုများသည် ဦးစိန်သန်း ဦးဆောင်၍ ၃၅၇ ဦး နှင့် စတင်ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းတွင် လူ(၆၀)ခန့်သာကျန်တော့ကာ ရပ်နားခဲ့ပြီးနောက် ယခုအခါ တစ်ကျော့ပြန် အရှိန်မြှင့်လာသည်ကို တွေ့ရှိရပါသည်။ မူလ ကနဦးဆန္ဒပြသူများ ထဲတွင် ၁၉၉၂ မြေယာပြန်လည်လျှော်ပေးခြင်း ခံရသူများအထဲမှ မြေကွက်ရပြီးသူ (၇၈) ဦး၊ မြေဝယ်ထားသူ (၈၅) ဦး နှင့် မြေကွက်နှင့်မသက်ဆိုင်သူ ၁၉၄ ဦး ပါဝင်ခဲ့သည်ဟု စာရင်းများအရ သိရှိထားပါသည် ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ တပ်စည်ပင် ၊ နယ်/လုံ ဝန်ကြီး ၊ ဦးအောင်သိန်းလင်းနှင့် ဦးသိန်းညွှန့် စသည့် အဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ်များသည် မိကျောင်းကန်မြေကိစ္စအား ဖြေရှင်းပေးနေသည်မှာ ရက်ပေါင်းများစွာ ကြာရှည်နေပြီဖြစ်သော်လည်း သပိတ် ခေါင်းဆောင် ဦးစိန်သန်း၏ တောင်းဆိုချက်သည် “လွတ်လပ်တဲ့ မြေယာ စုံစမ်း ကော်မရှင်ဖွဲ့။ ပြီးရင် စစ်ဆေး။ နောက်အမှန်တကယ် နစ်နာတယ် ဆိုရင် တစ်စုံတစ်ရာသော လျော်ကြေး တစ်ခုခုပေး။ ဒါမျိုး သေချာတဲ့ အဖြေမျိုး လိုချင်တာ” ဟုဆိုပါသည်။ သို့သော် သပိတ်စခန်းဖွင့်ချိန်တွင် “မြေယာကော်မရှင်ကို မယုံလို့ လက်မခံနိုင်ဘူး” ဟူ၍ ထပ်မံပြောဆိုပါသည်။

သပိတ်ခေါင်းဆောင်ဦးစိန်သန်းကိုယ်တိုင်လည်း ၎င်း၏ဇနီး ဒေါ်ခင်အုန်းမြင့် အမည်ဖြင့် ၁၉၉၂ တွင် မြေအစားထိုး ပြန်ပေးစဉ်ကတည်းက ၄၀ x ၆၀ မြေကွက် တစ်ကွက် ရရှိပြီးသား ဖြစ်သည်ကို တွေ့ရှိရပါသည်။ မြေကွက်၏ တန်ဖိုးသည် ယခုချိန်တွင် ကျပ်သိန်း ၆၀၀ နှင့် သိန်း ၈၀၀ တန်ဖိုးရှိနေသည့် အနေအထားတွင် တွေ့ရပါသည် ။ သို့သော် ယခု ဆန္ဒပြသူများကမူ ၁၉၉၁ မြေသိမ်းမှုလျှော်ကြေး ရရှိမှုကိုသာ တောင်းဆိုလျက်ရှိပါသည်။

ပထမဆုံးအကြိမ် သပိတ်စခန်းအား ၂၀၁၃ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ှ ၅ ရက်ကြာ သပိတ်စခန်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဒုတိယအကြိမ် အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ ၁၂ ရက်ကြာ သပိတ်စခန်းထပ်မံဖွင့်လှစ်ခဲ့ပါသည်။ အခုတတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ စတင်ပြီး စတုတ္ထအကြိမ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လစ်ခဲ့ခြင်း ဖြစ်ပါသည်။

အခြေခံလူတန်းစားများ၊ မြေယာမဲ့များဖြစ်သည် ဟုဆိုသော်လည်း ယခုတိုင် အလှုရှင်များ မရှိပါပဲနှင့် စားရေးသောက်ရေး မှ အစ ပြေလည်နေသည်မှာလည်း သံသယဖြစ်ဖွယ် ရှိနေပြီး အချို့မှာ တစ်နေ့ ရှစ်ထောင်ကျပ်ဖြင့် နေ့စားငှား ခံရသည်ဟု စွပ်စွဲမှုများလည်း တွေ့နေရပါသည်။ ဝေဖန်သူများက သပိတ်စခန်းတွင် နေ့စဉ် စားရေးသောက်ရေး အဆင်ပြေနေခြင်း ၊ ရေသန့်ဘူး များ နေ့စဉ် ရောက်ရှိလာနေခြင်း ၊သပိတ်တဲများ ထိုးရန် ဝါးများ အား Light Truck များဖြင့် လာရောက် ပေးပို့ခြင်း ၊ ဗီနိုင်းများ အရောင်တူတီရှပ်များ ခေါင်းစည်းများ အား တစ်စုံတစ်ဦး/ အဖွဲ့အစည်း တစ်ခုခုထံမှ ရရှိနေသကဲ့သို့ ထူးခြားနေခြင်း တို့ကို ထောက်ပြဝေဖန်နေကြပါသည်။

လူထုခေါင်းဆောင် ဒေါ်စု ကိုယ်တိုင် ပင်လျှင် ယင်း သပိတ်စခန်းမှ အိမ်ရှေ့အထိ လာရောက် တောင်းဆိုမှုကို အကူအညီမပေးခဲ့ချေ။ အထူးသဖြင့် ဆန္ဒပြနေသူ သပိတ်စခန်းတွင် သက်ကြီးရွှယ်အိုများကို အသုံးချ၍ ၎င်းတို့လိုချင်သော လျှော်ကြေး ပမာဏ ရရှိစေရန် ပြုလုပ်နေခြင်းများကို တွေ့ရှိနေရပြီး ပြည်သူလူထုမှာလည်း မိကျောင်းကန် အရေးအား စိတ်ဝင်စားမှု နည်းပါးလာနေသည်ကို မှတ်တမ်းများ၊သတင်းများတွင် တွေ့ရှိလာရပါသည် ။ ထို့ကြောင့် မိကျောင်းကန် အတုအယောင် သပိတ်အဖွဲ့များအနေဖြင့် လောဘဇောတက်ကာ ၎င်းတို့၏လုပ်ရပ်များကို ရပ်တန်းက ရပ်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

သန်းမြင့်(သင်္ကေတ)
Today Myanmar

0 comments:

Post a Comment