Sunday, April 12, 2015

၆ ပွင့်ဆိုင်နှင့် မြန်မာ့ဓလေ့ထုံးတမ်းများ


၆ ပွင့်ဆိုင်တွေ့ဆုံပြီးတော့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ သတင်းမထုတ်ပြန်တော့ လူတွေလည်း လည်တဆန့်ဆန့်ပေါ့။ တကယ်တော့ ပြည်သူတွေက မျှော်လင့်ချက်များလွန်းနေတာလို့ ထင်ပါတယ်။ ဆွေးနွေးပွဲသဘောမှာ အပေးအယူ အလျော့အတင်းတွေရှိတတ်တော့ နိုင်ငံ့အနာဂတ်အတွက် အရေးကြီးတဲ့( အားလုံးက ကြီးမားတဲ့ သက်ရောက်မှုမျှော်လင့်နေတဲ့ ) သဘောတူညီချက်တွေကို အားလုံး လက်ခံအောင် ခေါင်းဆောင်တွေအနေနှင့် သိုသိုသိပ်သိပ် ကျစ်လစ်စွာလုပ်ဆောင်တယ်လို့ ယူဆမိပါတယ်။ တကယ်တမ်းပြောရလျှင် ယနေ့ ၆ ယောက်ဟာ လက်ရှိသမ္မတအပါအဝင် သမ္မတဖြစ်နိုင်သူတွေချည်းပါပဲ။ နိုင်ငံတော်သမ္မတ ( မင်း ) တို့မည်သည် လျို့ဝှက်အပ်တဲ့ ကိစ္စ ( အများသိလျှင် အနာဂတ်မှာ အဟန့်အတား ) ဖြစ်စေမယ့် အရာတွေကို အချိန်မတန်ဘဲ ပြောလေ့မရှိပါဘူး။ ဒါကြောင့် မပြောကြတာလို့ ထင်မိပါတယ်။လျို့ဝှက်အပ်သည်များကို မတိုင်ပင်သင့်တဲ့ အရပ်( ၈ ) ပါးရှိတယ်လို့ မြန်မာ့ဓလေ့ထုံးတမ်းတွေမှာ ရှိပါတယ်။

( က ) မညီညွတ်သောအရပ်

( ခ ) ဘေးရန်ရှိသောအရပ်

( ဂ ) အလွန်လေထန်သော အရပ်

( ဃ ) နံရံရှိတဲ့ ဖုံးကွယ်ရာအရပ်

( င ) နတ်စင်နတ်ကွန်းအရပ်

( စ ) ခရီးလမ်းမ

(ဆ ) စစ်မြေပြင်အရပ်

( ဇ ) ရေဆိပ်

လို့ဆိုပါတယ်။ ကျန်တဲ့အချက်တွေ ခဏထား၊ ပထမဆုံး အချက်ကတော့ ယနေ့ခေတ်နှင့် ကိုက်ညီဆဲပါပဲ။ ကျွန်တော်တို့ မြန်မာတွေ မညီညွတ်သေးပါဘူး။ အနာဂတ် မြန်မာ့ အကျိုးစီးပွားနှင့်ဆိုင်တဲ့ ကိစ္စကို အချိန်မတိုင်ခင်အထိတော့ လျို့ဝှက်ထားတာ မှန်ကန်တယ်လို့ ယူဆမိပါတယ်။

ဆက်လက်ပြီး လျို့ဝှက်တိုင်ပင်မှုကို ဖျက်ဆီးစေတတ်သူ ၈ ယောက်ကိုလည်း အထက်ကဆိုခဲ့တဲ့ မညီညွတ်သောအရပ်ကို ဆက်စပ်ပြီး စဉ်းစားဖို့ မျှဝေပါရစေ။

( က ) ရာဂစရိုက်ရှိသူ

( ခ ) ဒေါသစရိုက်ရှိသူ

( ဂ ) မောဟ စရိုက်ရှိသူ

( ဃ ) မာနစရိုက်ရှိသူ

( င ) လာဘ်၌ လိုချင်တတ်မက်သူ

( စ ) ပျင်းရိသူ

( ဆ ) အကြံတစ်ခုတည်းကိုသာ စူးစိုက်ကြံစည်တတ်သူ

( ဇ ) ငယ်ရွယ်မိုက်မဲသူ

လို့ဆိုပါတယ်။ အဲဒိအထဲက အင်္ဂါရပ်တွေနှင့် ကိုက်ညီသူတွေ ဘယ်လောက်များနေပါသလဲ။ လိုချင်မှုတွေများနေတာ၊ ငါသာအမှန်ဆိုတဲ့ ဒေါသမာန်တွေ လွှမ်းမိုးနေတာ၊ ငါနှင့်မတူ ရန်သူဆိုတဲ့ ရန် ငါ စည်းထားမုန်းတီးမှုများ၊ ငါ့ သတင်းပေါက်ရင်ပြီးရောဆိုတဲ့ သူတွေ၊ ငါနာမည်ကြီးအောင် တွယ်လိုက်မယ်ဆိုသူတွေ၊ ဘာမှ ပညာဥာဏ်နှင့်မဆင်ခြင်ပဲ ပြောသမျှယုံသူတွေ၊ ထင်ရာစိုင်းငါ့ စကားနွားရပြောတတ်သူတွေ၊ ကိုယ်လိုချင်တာဆွဲပြောတတ် ဆွဲတွေးတတ်သူတွေများတဲ့အခါ လူကြီးတွေလည်း အခြေအနေတွေ ပျက်ယွင်းမှာ စိုးရိမ်မိမှာပါပဲ။

ဆက်လက်ပြီး တဆင့်ခံကာ ပြည်သူကိုတင်ပြမယ့် မီဒီယာများ အနေနှင့်ရော တမန်အင်္ဂါ ၈ ပါး ပြည့်စုံကြပါပြီလား။

( က ) နားလည်းထောင်တတ်ရမည်။

( ခ ) ပြန်လည်း ပြောတတ်ရမည်။

( ဂ ) သင်ယူလည်း သင်ယူတတ်ရမည်။

( ဃ ) ဆောင်လည်း ဆောင်တတ်ရမည်။

( င )သိလည်း သိတတ်ရမည်။

( စ )သိစေလည်း သိစေတတ်ရမည်။

( ဆ ) အကျိုးစီးပွား ရှိ- မရှိလည်း လိမ္မာတတ်ရမည်။

( ဇ ) ငြင်းခုန်ခြင်းလည်း မပြုတတ် ။

ဟူ၍ ဖြစ်ရာ မီဒီယာသည် သတင်းကိုသတင်းလို စိစစ်တည်းဖြတ်ပြီး သတင်းရင်းမြစ်၏ သတင်းပေးလိုသည့်အချက်များကို စေ့ငုစွာပြန်လည်တင်ပြတတ်ရန်လိုသကဲ့သို့ ဘက်မပါသော မှန်ကန်လတ်ဆတ်သည့် သတင်းများကို ဘ ၆ လုံးဖြင့်ရှာဖွေစုစည်းကာ ခိုင်မာမှုလည်း တည်ဆောက်ရမည်သာ ။ ပွင့်လင်းမြင်သာမှုသည် ဒီမိုကရေစီစရိုက်မှန်သော်လည်း အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်လာလျှင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့သည် အမေရိကန်နိုင်ငံလို အရင့်အမာကြီးများပင် ဦးစားပေးလေ့မရှိသည်မှာ အထင်အရှားပါပဲ။ ပြည်သူယုံကြည်သော၊ သူ့ပရိတ်သတ်နှင့်သူ အခိုင်အမာကိုယ်စီရှိကြသောခေါင်းဆောင်များဖြစ်တာကြောင့် သူတို့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို ယုံမှားစရာမရှိသည်က နိုင်ငံအကျိုးမရှိသည့်အလုပ်၊ ပြည်သူအပေါ် ဒုက္ခဖြစ်စေမည့်အလုပ်များကို လုပ်ဆောင်ကြမည်မဟုတ် ဟူသောအချက်ဖြစ်ပါတယ်။ နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုမိုကောင်းမွန်ဖို့ ဆွေးနွေးခဲ့ကြမည်မှာ ဧကန်ပဲ ဖြစ်ပါတယ်။

ယနေ့ ၆ ပွင့်ဆိုင်ဆွေးနွေးခဲ့သောခေါင်းဆောင်များသည်လည်း ဆွေးနွေးပွဲရလဒ်များ မထွက်မီ ရှေ့လုပ်ငန်းစဉ်များအတွက် ယုံကြည်မှုတည်ဆောက်ချိန်တွင် မညီညွတ်သောသူအများ၏ ဖိအားများကို ရှောင်လွှဲလိုပုံရသည်ဟု ထင်မိပါတယ်။ ဒါကြောင့် လျို့ဝှက်အပ်သော တိုင်းပြည်အရေး၊ အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်မည့် အရေးကို အလုပ်မပြီးခင် မြန်မာမမြင်အောင်ထားလေသလားဟု အကောင်းဘက်မှ တွေးမိပါတယ်။

လေးစားလျှက်
ထက်ယံ ( ၁၀-၄-၂၀၁၅ )


Credit - Htet Yan

0 comments:

Post a Comment