Friday, April 17, 2015

ဖုန်ကြားရှင်နဲ့ လုပ်စားချင်နေသော UNFC


အခုဆိုရင် KIA ခေါင်းဆောင် အင်ဘန်လလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ UNFC အဖွဲ့ရဲ့ ကြေငြာချက်နဲ့ပတ်သက် ပြီး ငြိမ်းချမ်းရေးလိုလားတောင့်တနေသော ပြည်သူတွေအကြားမှာ UNFC ရဲ့သဘောထားအပေါ် မေးငေါ့နှာခေါင်းရှုံ့ ဝေဖန်သံတွေပြင်းထန်လာခဲ့ရပါတယ်။ အဲဒီကြေငြာချက်ကတော့ အရှေ့မြောက်ဒေသကနေ မြန်မာပြည်ကိုကျူးကျော် ရန်စလာတဲ့ ဖုန်ကြားရှင်တပ်တွေကို အစိုးရတပ်မတော်ကတိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုတဲ့တောင်း ဆိုချက်ကြောင့်ပါပဲ။ UNFC ဆိုတာဘယ်လိုအဖွဲ့အစည်းပါလဲ? ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီလို့အမည်ပေးထားတဲ့ အဖွဲ့ဟာ တိုင်းရင်းသားလူမျိုးအားလုံးကို အမှန်တကယ်ပဲကိုယ်စားပြုပါသလား? တကယ်တော့ ကိုယ့်သဘော ကိုယ်ဆောင်၊ ကိုယ့်လူကိုယ်ရွေးပြီး ကိုယ့်ဇာတ်ကိုယ်ကဖို့သာရည်ရွယ်ဖွဲ့စည်းထားတဲ့အဖွဲ့ဟာ UNFC ပါပဲ။ KIA ခေါင်းဆောင်အင်ဘန်လက အဓိကချုပ်ကိုင်ထားပြီး၊ သူ့စိတ်ကြိုက်ရွေးချယ်ထားတဲ့ နိုင်ဟံသာ၊ ခွန်ဥက္ကာတို့လိုလူတွေက ထဲထဲဝင်ဝင်လှုပ်ရှားနေကြတဲ့ ငြိမ်းချမ်းရေးအမည်ခံ မငြိမ်းချမ်းလိုတဲ့အဖွဲ့အစည်းဟာ UNFC သာဖြစ်ပါတယ်။

ယခင်ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုအမျိုးမျိုးမှာကိုယ်ပိုင်တပ်မတော်၊ အလှည့်ကျကာချုပ်ဆိုတဲ့မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေနဲ့ မငြိမ်းချမ်းခြင်းကိုသက်ဆိုးရှည်အောင် UNFC ကပဲဖန်တီးခဲ့ကြတယ်ဆိုတာ အားလုံးမျက်မြင် ကိုယ်တွေ့ပါ။ တကယ်တော့ အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်ရောက်ခဲ့တဲ့ KIA ဂွမ်မော်ဆိုတာကလည်း အင်ဘန်လရဲ့ ထားရာနေစေရာသွားဘ၀နဲ့ ပြောခိုင်းတာတွေလာပြောနေရတဲ့ နယ်ရုပ်ဘ၀ထက်မပိုပါဘူး။
အခုဆိုရင် လောက်ကိုင်ဒေသကနေ မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဖုန်ကြားရှင်တပ်တွေကို KIA အနေနဲ့ အရင်က ကူညီထောက်ပံ့မှုတွေ၊ ပူးပေါင်းတိုက်ခိုက်ပေးမှုတွေပြုလုပ်ပေးခဲ့ရာကနေ ဖုန်ကြားရှင်ကို ပြည်သူအားလုံးက လက်မခံတာတွေ၊ လောက်ကိုင်စစ်ပွဲမှာ တပ်မတော်ကိုပြည်သူအားလုံးကထောက်ခံခဲ့ကြတာတွေကြောင့် အင်ဘန်လ အနေနဲ့ တိုက်ပွဲအတွင်းကနေလက်ရှောင်ပြီး နောက်ထပ်ကစားကွက်အနေနဲ့ ဖုန်ကြားရှင်တပ်ကို UNFC အဖွဲ့ထဲဆွဲသွင်း ခဲ့ပြန်ပါတယ်။ အဲဒီကနေတဆင့် ဖုန်ကြားရှင်တပ်ဖွဲ့ဟာ UNFC အဖွဲ့ဝင်ဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့တိုက်ခိုက် တာတွေရပ်ပြီးငြိမ်းချမ်းရေးစားပွဲဝိုင်းအတွင်းကို ခေါ်ယူဆွေးနွေးဖို့လိုအပ်တယ်လို့လှလှပပအကွက်ရွှေ့လိုက်ပြန်ပါတယ်။
တကယ်တော့ ဒီစစ်ပွဲကိုစတင်ခဲ့တာ အစိုးရလဲမဟုတ်သလို၊ တပ်မတော်လဲမဟုတ်ပါဘူး။ ဖုန်ကြားရှင်ကိုယ်တိုင်ကပဲ တပ်မတော်တပ်ရင်းဌာနချုပ်တွေကို ၀င်ရောက်တိုက်ခိုက်ပြီး စစ်ပွဲကိုမီးမွှေးဖန်တီးခဲ့တယ်ဆိုတာ ပြည်သူအားလုံးအသိ ပါပဲ။ ဒါကို UNFC က မသိတာလား၊ နားမလည်တာလားစဉ်းစားမရပါဘူး။ တကယ်တော့မသိနားမလည်လို့မဟုတ်တန် ပါဘူး။
သိလျက်နဲ့မျက်နှာပြောင်တိုက်တယ်လို့ပဲပြောချင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အင်ဘန်လရဲ့လက်ဝေခံ UNFC အနေနဲ့ ကိုးကန့်ဖုန်ကြားရှင်သောင်းကျန်းသူဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်လိုက်တာဟာ UNFC ရဲ့ မငြိမ်းချမ်း လိုတဲ့ မူဝါဒကို ထင်ထင်ရှားရှားပြလိုက်သလိုပါပဲ။
ငြိမ်းချမ်းရေးသဘောတူညီချက် (မူကြမ်း) ကိုလက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ဟံသာ၊ ခွန်ဥက္ကာတို့ကလည်း ဒီသဘောတူညီ မှုဟာ ငြိမ်းချမ်းရေးမဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးရဖို့အာမမခံသေးပါဘူးလို့ ခဏခဏပြောဆိုခဲ့တာတွေ၊ ကြေငြာချက်တွေ ထုတ်ပြန်တာတွေလုပ်ခဲ့ပြီးတော့ အခု “၀” နယ်မြေမှာလုပ်မယ့် တိုင်းရင်းသားညီလာခံမှာလည်း ဖုန်ကြားရှင်ကို ဖိတ်ကြားပြီး ဘယ်လိုဇာတ်ကွက်တွေ ဖန်တီးမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။
UNFC သာငြိမ်းချမ်းရေးအမှန်တကယ်လိုလားခဲ့ရင်၊ တိုင်းရင်းသားတွေကိုသာ အမှန်တကယ်ကိုယ်စားပြုခဲ့ရင် တစ်နိုင်ငံ လုံး ၀ိုင်းဝန်းရှုတ်ချနေတဲ့ဖုန်ကြားရှင်ကို စင်ပေါ်တင်ပွဲထုတ်စရာအကြောင်းမရှိပါဘူး။ ဒါ့ကြောင့် အစကတည်းက ငြိမ်းချမ်းရေးကိုမလိုလားတဲ့ KIA အသိုင်းအ၀ိုင်းနဲ့အတူ အဓိကကြိုးကိုင်စေခိုင်းသူကြီးဖြစ်တဲ့ အင်ဘန်လရဲ့စီမံချက် တွေကြားမှာ UNFC အဖွဲ့ကြီးက တိုင်းပြည်မငြိမ်းချမ်းမငြိမ်သက်အောင် ဘယ်လိုအကွက်ရွှေ့ကြအုံးမလဲဆိုတာကိုတော့ သတိကြီးစွာ စောင့်ကြည့်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။

Credit to လက်ယျာမင်းဒင်
မြန်မာ့သားကောင်း

0 comments:

Post a Comment