ဘန်ကောက်မြို့ရှိ NBT ရုပ်သံသတင်းဌာနထိန်းချုပ်ခန်းအတွင်းတွေ့ရသည့် စစ်သားများ(ဓာတ်ပုံ − အီးပီအေ)
ပုဒ်မ(၄၄)အရ ထိုင်းအာ ဏာပိုင်များ အနေဖြင့် ဝရမ်းမပါဘဲ ဖမ်းဆီးမှုများ ပြုလုပ်နိုင်ပြီးနိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် ကန့်သတ်ထားဆဲဖြစ်သည်။ ထို့အပြင် မီဒီယာဖော်ပြချက်များ ပြင်ဆင်တည်းဖြတ်မှုများ၊ ကန့်သတ်ချုပ်ခြယ်မှုများပြုလုပ်ခွင့် ရရှိမည် ဖြစ်သည်။ စစ်ဦးစီးချုပ် အဖြစ်မှ ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည့် ပရာယွတ်က ပုဒ်မ (၄၄) ကိုကြေညာခဲ့ပြီးနောက် မီဒီယာ နှိပ်ကွပ်မှုနှင့် ပတ်သက်၍ ယခင်ကထက် ဗြောင်ကျသော သဘောထားမျိုးကို ဖွင့်ဟလာသည်။
‘‘အကောင်းမပြောရင်တော့ မီဒီယာတွေကို ကျုပ်အနေနဲ့ ပိတ်သိမ်းလိုက်မှာပဲ။ အခုအချိန် ထိ ဘယ်သတင်းထုတ်ဝေမှုကိုမှ ပိတ်ဆို့ထားတာ မရှိသေးဘူး။ ဒါပေမဲ့ ကျေးဇူးပြုပြီး ခင်ဗျားတို့တွေ အကောင်းဘက်က နည်းလမ်းမျိုးနဲ့ ရေးကြစမ်းပါ။ ခင်ဗျားတို့က အကောင်းမရေးရင် ကျုပ်တို့ဘက်က လုပ်ဖို့လိုတာလုပ်ရလိမ့်မယ်’’ ဟု ၎င်းက ဘန်ကောက်ရှိ စစ်ကောလိပ်ကျောင်းတစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်းအစိုးရသည် အာဏာ သိမ်းမှုအပြီး ၁၀ လမျှ အကြာ မေလ ၁ ရက်တွင် စစ်အုပ်ချုပ် ရေးအမိန့်ကို ဖယ်ရှားရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုင်းမီဒီယာများအတွက် အသစ် ပြဋ္ဌာန်းသည့် ပုဒ်မ (၄၄)က ရှင် ကြီးကျားထက်ဆိုးသော အခြေ အနေ ဖြစ်နေသည်။ ထိုင်းမီဒီယာ အားလုံး၏ရှေ့ဆောင် သတင်း ဌာနကြီး လေးခုကလည်း လက်ရှိအခြေအနေသည် စစ်အုပ်ချုပ်ရေး ကာလကထက် မီဒီယာလွတ်လပ်ခွင့် ပိုမိုထိပါးနေကြောင်း ဝေဖန်ရေးသားခဲ့ကြသည်။
ပြဋ္ဌာန်းမှု အသစ်အရ ပြည် သူလူထုကို ခြိမ်းခြောက်သော၊ မမှန်မကန် သတင်းဖြန့်ဝေသော မီဒီယာတိုင်းကို စစ်အာဏာပိုင် များက လုပ်ငန်းပိတ်သိမ်းခွင့် ရှိနေမည် ဖြစ်သည်။ ထို့အပြင် လူငါးဦးထက် စုရုံးခွင့်ကို ပိတ်ပင် တားဆီးခြင်း၊ အရပ်သားများကို စစ်မှုထမ်းများက ဖမ်းဆီးခွင့်ရှိ ခြင်း၊ ထိုင်းတော်ဝင် မိသားစုကို စော်ကားမှုနှင့် နိုင်ငံတော် လုံခြုံ ရေး ထိပါးသော ပြစ်မှုများအ တွက် လိုအပ်သလို ဖမ်းဆီးစွဲချက် တင်ခွင့် ရှိနေခြင်းတို့မှာမူ စစ်အုပ် ချုပ်ရေး ကာလနည်းတူ ဆက် လက်တည်မြဲနေဆဲ ဖြစ်သည်။
ပရာယွတ်ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရသည် လွတ် လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲများ ပြန်လည်ကျင်းပ မည်ဟု ကတိပြုထားသော်လည်း လတ်တလော အခြေအနေများ အရမူ ဒီမိုကရေစီလမ်းကြောင်း အရ နောက်ကြောင်းပြန် ဦးတည် သကဲ့သို့ ရှိနေသည်။
စစ်အုပ်ချုပ်ရေးမှ ပုဒ်မ (၄၄) သို့ ပြောင်းလဲ သတ်မှတ်လိုက် ရာတွင် အသက်ရှူချောင်သွား သည့် တစ်ခုတည်းသော အချက် မှာ နိုင်ငံတော်လုံခြုံရေး ထိပါးမှုကဲ့ သို့ ပြစ်မှုများအတွက် စစ်ခုံရုံးများ တွင် အစစ်ဆေးခံနေရသည့် အရပ်သားများ အနေဖြင့် ပိုမိုအ ဆင့်မြင့်သည့် ခုံရုံးများတွင် အ ယူခံဝင်ခွင့် ရလာခြင်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သတ်မှတ်ချက် အရမူ စစ်ခုံရုံးတွင် အမှုစစ်ခံနေရပါက အယူခံဝင်ခွင့် မရှိချေ။
လတ်တလောတွင် ထိုင်းအ စိုးရ၏ လုပ်ဆောင်မှုများကို မဟာမိတ် နိုင်ငံများ ကိုယ်တိုင်က ဝေဖန်လျက် ရှိသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင် သူများက ပရာယွတ်သည် ပုဒ်မ (၄၄) အရ လုပ်ပိုင်ခွင့် ပိုမို ကျယ်ပြန့်လာကြောင်း မှတ်ချက် ပြုခဲ့သည်။ အမေရိကန်နှင့် ဥရော ပသမဂ္ဂတို့ကလည်း ပုဒ်မ (၄၄)သည် ထိုင်းနိုင်ငံသားများ၏ အ ခြေခံ ရပိုင်ခွင့်နှင့် ဒီမိုကရေစီခံစား ခွင့်တို့ကို ထိပါးနေကြောင်း သ ဘောထား ကြေညာချက်များ ထုတ် ပြန်ခဲ့သည်။
ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး ယူဒွမ်ဒက်ဂ်ျ ဆီတာဘူတာက လုံခြုံရေး စည်းမျဉ်းသစ်သည် စစ်တပ်အတွက် စီမံထိန်းချုပ်မှု ဩဇာအာဏာကို ပိုမိုကြီးမားသွား စေကြောင်း စွပ်စွဲချက်များမှာ အ ခြေအမြစ် မရှိကြောင်း ဖြေရှင်းခဲ့ သော်လည်း ဝေဖန်မှုများမှာမူ လျော့ကျမသွားခဲ့ချေ။ ပရာယွတ် ကမူ ‘‘လူကောင်းသူကောင်း တွေက ပုဒ်မ (၄၄) ကို ကြောက် နေစရာ အကြောင်း မရှိဘူး’’ ဟု တုံ့ပြန်ခဲ့သည်။
ထို့အပြင် ထိုင်းစစ်တပ်ကို ဝေဖန်ပုတ်ခတ်နေသည့် မီဒီယာ များအတွက် ပြင်းထန်သော သဘောထားမျိုးနှင့် တုံ့ပြန်ရန် အသင့်ရှိကြောင်းလည်း ဝန်ကြီး ချုပ်က ပြောကြားခဲ့သည်။
‘‘ထိုင်းတော်ဝင် တပ်မတော် နဲ့ ထိုင်းနိုင်ငံရဲ့ ဂုဏ်ဒြပ်ကို ထိ ခိုက်လာစေမယ်ဆိုရင် ဘယ်လို ကိစ္စကိုမှ ကျုပ်သည်းခံနေမှာ မ ဟုတ်ဘူး။ ကျုပ်ဘာကိုမှလည်း မကြောက်ဘူး’’ ဟု ၎င်း၏ သ ဘောထားကို အတိအလင်း ကြေ ညာထားသည်။
နိုင်ငံတကာက ထိုင်းအုပ် ချုပ်ရေး အာဏာကို အရပ်သား အစိုးရလက်ထဲ ပြန်လည်လွှဲပေး ရန် ဖိအားပေးတောင်းဆိုမှုများ မြင့်တက်လာသော်လည်း ပရာ ယွတ်၏ ခြေလှမ်းသည် တစ်စ ထက်တစ်စ အာဏာရှင် ပိုဆန် လာသည်။ ၂၀၁၆ မကုန်မီ ရွေး ကောက်ပွဲများ ပြန်လည်ကျင်းပ ပေးမည်ဟု ကတိပြုထားသော် လည်း လက်ရှိအခြေအနေက ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် တိုးတက်မှုထက် ဆုတ်ယုတ်မှု များ က ပိုမိုသိသာလျက်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဌာန အကြီးအကဲ ဇိုင်ရာအယ်လ်ဟူ စိန်က ဝေဖန်ထားသည်။
ပုဒ်မ (၄၄) ထုတ်ပြန်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ စီးပွား ရေး ကဏ္ဍအပေါ် ကောင်းကျိုး ဖြစ်စေနိုင်မည်ဟု ထောက်ခံသုံး သပ်မှုများလည်း ရှိနေသည်။ ‘‘တကယ်လို့ ထိုင်းဝန်ကြီးချုပ် အနေနဲ့ ပုဒ်မ (၄၄) ကို စီးပွားရေးကဏ္ဍနဲ့ ကိုက်ညီတဲ့ စံနှုန်းတွေအတိုင်း အသုံးချရင် ကောင်း ကျိုးတွေ ရှိလာပါလိမ့်မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပုဒ်မ (၄၄)မှာ က စီးပွားရေးနဲ့ ပတ်သက်ပြီး အ ထူးခွင့်ပြုချက်တွေကို ပိုပြီး မြန်မြန် ဆန်ဆန် သတ်မှတ်ပေးနိုင်တယ် လေ’’ ဟု ထိုင်းစက်မှုလုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဆူပန့် မွန်ကိုလ်ဆူသရီက မှတ်ချက် ပြုခဲ့သည်။
စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းမှုကို ရုပ်သိမ်းလိုက်ခြင်းက ထိုင်းနိုင်ငံ ၏ အဓိက စီးပွားရေးရင်းမြစ် တစ်ခုဖြစ်သည့် ကမ္ဘာလှည့် ခရီး သွား ကဏ္ဍကို ပြန်လည် ဦးမော့ လာစေမည့် အလားအလာလည်း ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ထိုင်းအစိုးရ အနေဖြင့် ၎င်းကပြ နေသည့် ဇာတ်ကို နိုင်၊ မနိုင်ဆို သည်မှာ စိတ်ဝင်စားစရာဖြစ် ကြောင်း နိုင်ငံရေး သိပ္ပံ သုတေသီ သီတီနန်ပွန် ဆွတ်ဟီရက်ခ်က ပြောကြားခဲ့သည်။
‘‘ခြေလှမ်းမှားလိုက်တာနဲ့ တခြား ဆိုးကျိုးတွေက ချက်ချင်း ကြီးကြီးမားမား သက်ရောက်လာ မှာပဲ။ ဘာမဆို တာဝန်ယူဖို့က ဝန်ကြီးချုပ်အပေါ်မှာပဲ အဓိက မူတည်သွားပြီ။ တကယ်လို့ ဝန် ကြီးချုပ်ဟာ မေလ ၂၂ ရက် နောက်ပိုင်း ဖြတ်သန်းခဲ့တဲ့ ၁၀ လကြာ အတွေ့အကြုံတွေကိုကောင်းကောင်း အသုံးချနိုင်ရင်တော့ သူဟာ ဘယ်လိုစိန်ခေါ်မှုကိုမဆိုအောင်နိုင်တဲ့ အစွမ်းမျိုးပိုင်ဆိုင်လိမ့်မယ်။ အထူးသဖြင့်စီးပွားရေး ကဏ္ဍမှာပေါ့’’ ဟု ပွန်ဆွတ်ဟီရက်ခ်က သုံးသပ်သွားခဲ့သည်။
(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်)
—Ref:Today
7Day Daily
0 comments:
Post a Comment