Tuesday, April 7, 2015

ရန်ကုန်တိုင်းအတွင်း တရားခံပြေး အမှုပေါင်း ၂၀၀၀ ကျော် ရှိနေ

လုံခြုံရေးယူ ရှာဖွေနေသော ရဲ တပ်ဖွဲ့ဝင်များကို နေပြည်တော်တွင် တွေ့ရစဉ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)


ရန်ကုန်တိုင်း ဒေသကြီးတွင် ၅ လခန့်အတွင်း ဖမ်းဆီးရန် ကျန်ရှိနေသည့် တရားခံပြေး အမှုပေါင်း ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။

စုစုပေါင်း ၄၅ မြို့နယ် အတွင်း တရားခံပြေး အမှုပေါင်း ၂၃၉၅ မှု ဖမ်းဆီးရန် ကျန်ရှိနေခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်း အဝေးတွင် ပြောသည်။“ရန်ကုန်တိုင်း ဒေသကြီး ခရိုင် ၄ ခရိုင်လုံးမှာ ဖမ်းဆီးရန် ကျန်ရှိတဲ့ စာရင်းအရ ၂၉ (က) အနေနဲ့ ၁၅၂ မှု ဖြစ်ပါတယ်။ ၂၉ (ဂ) အနေနဲ့ ၂၄၆၃ မှု ဖြစ်ပါတယ်။ စုစုပေါင်း ၂၆၁၄ မှု ဖြစ်ပါတယ်။ ဖမ်းဆီးရမိမှု အနေနဲ့ ၂၉ (က) မှာ ၁မှု၊ ၂၉ (ဂ) မှာ ၂၁၈ မှုနဲ့ စုစုပေါင်း ၂၁၉ မှု ဖြစ်ပါတယ်။ ဖမ်းဆီးဖို့ ကျန်နေတာက စုစုပေါင်း ၂၃၉၅ ကျန်နေပါတယ်”ဟုလည်း ၄င်းက ဆိုသည်။

ထို တရားခံပြေး ၂၀၀၀ ကျော်သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်အတွင်း တရားခံပြေးများ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်၌ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေ က“ရန်ကုန်တိုင်းဒေသကြီး အတွင်း ခရိုင်အလိုက် ဖမ်းမမိသေးသည့် တရားခံပြေး မည်မျှ ရှိပါသနည်း။ ထွက်ပြေး တိမ်းရှောင်နေ သည့် တရားခံပြေးများကို ဖမ်းမိရေးအတွက် မည်ကဲ့သို့ အစီအမံများဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ၀က်ဘ်ဆိုက် ဖြစ်သော www.myanmarpoliceforce.org တွင် တရားခံပြေးများနှင့် ပတ်သက်၍ ပြစ်မှုပြန်တမ်းများ ထုတ်ပြန်ထားချက်အရ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများသည် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လိမ်လည်မှု အပါအ၀င် အခြားပြစ်မှုများကို တခု (သို့) တခုထက် ပိုပြီး ကျူးလွန်းထားကြသည်ဟုလည်း ဖော်ပြထားသည်။

“တရားခံပြေး ဆိုတာက ပုဒ်မ နံပါတ် တပ်ထားခံရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ သူကို ခေါ်တာ။ သက်ဆိုင်ရာ ရဲစခန်းက အလိုရှိနေတဲ့ သူဆိုရင် ရဲစခန်း မှတ်ပုံတင် ၂၉(ဂ) မှာ ရေးသွင်းရတယ်။ ကိုယ်စခန်းက မဟုတ်ဘဲ အခြားစခန်းက အလိုရှိတဲ့ သူဆိုရင် ရဲစခန်း မှတ်ပုံတင် ၂၉(က) မှာ ရေးသွင်းရတယ်။ တရားခံပြေးတွေရဲ့ ကျူးလွန်တဲ့ ပြစ်မှုကတော့ အစုံပဲ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက ရဲစခန်း လုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်ပြီး ရှင်းပြသည်။

တရားခံပြေးများကို ဖမ်းဆီးရမိစေရေး အတွက် နိုင်ငံပိုင် ရုပ်သံလိုင်းများနှင့် SKY NET Police Chanel တို့တွင် တရားခံပြေးများ၏ အချက်အလက်များကို စာတန်းထိုး ကြေညာသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ပြည်နယ်နှင့်တိုင်းအလိုက် ဖြစ်ပွားမှုများသော မှုခင်းအမျိုးအစား ၅ မျိုးရှိပြီး ရန်ကုန်မြို့တွင် စုစုပေါင်း ၅၅၄ မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းတို့မှာ လူသတ်မှု ၁၆ မှု၊ မုဒိမ်းမှု ၈ မှု၊ ခိုးမှု ၈၁ မှု၊ နာကျင် (ရိုးရိုး) ၂၁၅ မှု နှင့် ယာဉ်တိုက်မှု ၂၃၄ မှု ဖြစ်ပွားခဲ့ပြီး ပြည်နယ်နှင့် တိုင်းများအလိုက် မှုခင်းဖြစ်ပွားမှု အများဆုံးသည် ရန်ကုန်တိုင်း ဒေသကြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်၊ တောင်ပိုင်းခရိုင် ၁၀ မြို့နယ်နှင့် မြောက် ပိုင်း ခရိုင် ၈ မြို့နယ် စုစုပေါင်း ၄၅ မြို့နယ်ရှိသည်။

မြန်မာနိုင်ငံတွင် ဖမ်းဆီးရန်ကျန်ရှိနေသည့် တရားခံပြေး စာရင်းများနှင့်ပတ်သက်၍ ဦးမြငွေ၏ လွှတ်တော်သို့ တင်ပြချက်အရ နေပြည်တော် ကောင်စီနယ်မြေ ၅၂၄ မှု၊ ကချင်ပြည်နယ် ၇၀၃ မှု၊ ကယားပြည်နုယ် ၃၈ မှု၊ ကရင်ပြည်နယ် ၃၅၄ မှု၊ ချင်းပြည်နယ် ၂၁၀၊ စစ်ကိုင်းတိုင်းဒေသကြီး အမှု ၉၀၀၊ တင်္နသာရီတိုင်းဒေသကြီး ၂၃၅ မှု၊ ပဲခူးတိုင်းဒေသကြီး အမှု ၁၇၇၀၊ မကွေးတိုင်းဒေသကြီး ၁၇၉ မှု၊ မန္တလေးတိုင်းဒေသကြီး ၁၅၀၉ မှု၊ မွန်ပြည်နယ် အမှု ၇၂၀၊ ရခိုင်ပြည်နယ် ၁၁၆၃ မှု၊ ရန်ကုန် ၂၄၃၆ မှု၊ ရှမ်းပြည်နယ် ၃၃၈ မှုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၆၂၅ မှု ကျန်ရှိနေကြာင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများကိုဖမ်းဆီးရမိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချူပ်မှ ၂၀၁၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများတွင် ၂၅ ရာခိုင်နှုန်း ဖမ်းဆီးရမိရေးအတွက်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင် ၂၅ ရာခိုင်နှုန်း ဖမ်းဆီးရမိရေးအတွက် လည်းကောင်း စုစုပေါင်း ၆ လ အတွင်း ၅၀ ရာခိုင်နှုန်း ဖမ်းဆီးရမိရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်၍ လအလိုက် ဖမ်းဆီးရန်နှင့်ကျန်ရှိသည့် တရားခံပြေး အရေအတွက်ကို သတ်မှတ်ပေး၍ ဖမ်းဆီးဆောင်ရွက်ရန် စီမံချက်ချ ညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုသည်။

ဧရာဝတီ

0 comments:

Post a Comment