Thursday, April 9, 2015

ဧ၀ံမေသုတံ ဧကံ မီဒီယံ


Elevenမှာ သမ္မတအကြံပေးဦးမြင့်နဲ့ နေထွန်းနိုင်တို့ အပြန်အလှန် အိတ်ဖွင့်ပေးစာတွေ ရေးနေတာ ဖတ်လိုက်ရပါတယ်။ Elevenရဲ့ ပင်တိုင်ဆောင်းပါးရှင် နေထွန်းနိုင်ကို သတိထားမိတာ ကြာပါပြီ။

ဆွာတယ်ပြောရမလား။နှုတ်သီးကောင်း လျှာပါးတယ် ပြောရမလား ။အသက်၂၉နှစ်လောက်နဲ့ နိုင်ငံတစ်ခုလုံး၊အစိုးရတစ်ခုလုံး၊တပ်မတော်တစ်ခုလုံး မကြာခဏသိမ်းကျုံးရမ်းနေတာ တွေ့နေရပါတယ်။လူငယ်ပေမယ့် လေ့လာမှုအားကောင်းတာ ကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် သူ့လုပ်ပုံကိုင်ပုံတွေက ဗညားကျန်းတောနဲ့ ဆီသည်မလို ဖြစ်နေတာတွေ့ရတယ်။ ကျွမ်းကျင်ရာ လိမ္မာဆိုတာ သူနားလည်ပုံမရဘူး။ မီဒီယာလောကမှာ ဆူးလှည်းလို့ ဆိုစမှတ်ပြုရတဲ့ Elevenရဲ့ ငယ်မွေးခြံပေါက်ပီပီ ဟိုနေရာစပ်စပ်၊ ဒီနေရာ စပ်စပ်ပါနေတော့ ဟိုငြိ သည်ငြိ ဖြစ်နေတာတွေ့ရတယ်။သူရဲ့ဆရာ့ဆရာများက လက်သတ်မွေးပြီး ကျားရိုးများ သွေးတိုက်ထားသလား မှတ်ရတယ်။ကိုက်လွန်းတဲ့ခွေးက အမဲလုံးပစ်ခံရတတ်သလို ဟောင်လွန်းတဲ့ခွေးက လူမလေးတတ်တာ သတိပြုမိစေချင်တယ်။ဟိုတစ်နေ့ကလည်း အပစ်အခံရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး ရေးထားတာတွေ့လိုက်ပါတယ်။အဲ့ဒီထဲမှာလည်း မသိမမီလိုက်တဲ့အကြောင်းအရာတွေကို ရှေမီနောက်မီကြီးလိုလို ထင်ရာမြင်ရာစွတ်ရွတ်ပြောထားတာတွေတွေ့ရတယ်။ ဦးနေ၀င်း လက်ထက်က ဗကပတွေနဲ့ဟန်ပြဆွေးနွေးပြီး အဆင်မပြေဖြစ်တာကိုလည်း ဦးနေ၀င်း မရိုးသားလို့ဆိုပြီး ပြောထားတယ်။လွတ်လပ်ရေးမရခင် ဘယ်သူတွေ စတောခိုခဲ့တယ်ဆိုတာ မပါဘူး။တပ်မတော်ထဲက တိုင်းရင်းသားတပ်ရင်းတွေ တောခိုသွားတာ မပါဘူး။ရန်ကုန်အစိုးရလို့ သမုတ်ခံရတဲ့အခြေအနေကို ဦးနေ၀င်းကယ်တင်ခဲ့တာ မပါဘူး။ပြည်ပကျူးကျော်စစ်ကို တွန်းလှန်နိုင်ခဲ့တာ မပါဘူး။ဦးနေ၀င်းအာဏာယစ်မူးချင် ယစ်မူးခဲ့မယ်။တိုင်းပြည်ကို သစ္စာမဖောက်ခဲ့ဘူး။တပ်မတော်ကို သစ္စာမဖောက်ခဲ့ဘူး။ဒါတွေနှိုင်းယှဉ် သုံးသပ်မှ မျှတတဲ့ ဆောင်းပါးဖြစ်မယ်ဆိုတာ သူနားမလည်တာလား၊သူ့ထက်နားမလည်သူတွေ (ဒါမှမဟုတ်) စစ်အာဏာရှင်လို့ တွင်တွင်စွပ်စွဲပြီး ဆဲရေးပုတ်ခတ်နေသူတွေ ပိုဖတ်လို့ကောင်းအောင် လူပြိန်းကြိုက်ရေးတာလား မပြောတတ်ဘူး။

နောက်သမ္မတနဲ့ တပ်ချုပ်တို့ကိုလည်း ဦးနေ၀င်းဥပမာပေးပြီး ရေးထားတယ်။အပစ်ရပ်မူကြမ်း သဘောတူစာချုပ်ကိုလည်း ကားပါမစ်နဲ့ လက်နက်လဲလှယ်ရေးထက် ပိုလာဖို့ မမြင်ဘူး ဆိုတဲ့ သဘောမျိုးတစ်ဘက်က ရေးပြီး ဒီအပစ်ရပ်စာချုပ် တည်တံ့ရေး အတွက် တပ်မတော်တစ်ခုထဲမှာပဲ တာဝန်ရှိသလိုလို ရေးတယ်။တပ်မတော်ကိုလည်း လောက်ကိုင်က လူသုံးထောင်တောင် ခုထိ အမြစ်ပြတ်အောင် မတိုက်နိုင်ဘူး။လူသုံးသောင်းရှိတဲ့ ၀ဆို ဘယ်လိုတိုက်မလဲ ဆိုတဲ့သဘော ပြောတယ်။တရုတ်ကို ဒူးမထောက်ရုံတမယ် တောင်းပန်ရတယ်လို့ ရိတယ်။ နောက် မဆီမဆိုင် လစာကိစ္စထည့်ရေးပြီး အထက်အောက်သွေးခွဲပေးတယ်။

ဒီဖြစ်စဉ်တွေမှာ ကိုယ်မသိနားမလည်တဲ့အပိုင်းတွေကို ဟိုစာကိုး၊ဒီစာကိုးနဲ့ လူထင်ကြီးပြီးရော၊ ရေးနေတာတွေ့ရတယ်။ ခွန်ဥက္ကာတို့ လေသံဖမ်းပြီး တရားဟော ဓမ္မကထိက ထလုပ်ပြတာ တွေ့ရတယ်။ တပ်မတော်က ချမှတ်ထားတဲ့ မူ(၆)ရပ်မှာ ဘာကလိမ် ကကျစ် ကျထားတာမှမပါဘူးဆိုတာမျိုး၊လိုက်နာရန်ဘာခက်ခဲသလဲ မေးခွန်းထုတ်တာမျိုး၊ကြားနေတစ်ယောက်ရဲ့ ဝေဖန်ထောက်ပြမှု တစ်ခုမှ မတွေ့ရဘူး။တစ်ချို့သော လက်နက်ကိုင်တွေရဲ့ အောက်ခြေက မသိလိုက်လို့ ဖြစ်တာပါဆိုတဲ့မရိုးဖြောင့်မှုတွေအကြောင်း၊သယံဇာတခိုးထုတ်မှုတွေအကြောင်း၊

ရှေ့မှာတစ်မျိုး ကွယ်ရာတစ်မျိုးဆိုတဲ့အကြောင်းတွေ ယေဘုယျဆန်ဆန် ဝေဖန်မှု တစ်ခုတလေမှ မပါဘူး။သူရေးတဲ့ဆောင်းပါးမှန်သမျှဟာ ရည်ရွယ်ချက်ပါပါတယ်။ပြည်သူ့ဘက်က ရပ်တည်တယ်ဆိုတဲ့ ခေါင်းစဉ်ကို ခုတုံးလုပ်ပြီး မလိုတဲ့ ပုဂ္ဂိုလ်၊မလိုတဲ့အဖွဲ့အစည်းတွေကို ဦးတည်ချက်ထား တိုက်ခိုက်တာကိုတွေ့ရပါတယ်။ပြည်သူကို အယုံသွင်းပြီး အဆိပ်ခတ်တာတွေ အများကြီးတွေ့နေရပါတယ်။ လိုလားတဲ့သူတွေကိုတော့ သိသိသာသာ ကာကွယ်ပေးပါတယ်။

ဒါဟာဘက်မျှတဲ့၊ကြားကျတဲ့မီဒီယာသမားအဆင့်ကိုမရောက်သေးဘူးဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။
ခုလည်း မြန်မာ့စီးပွားရေးပြိုလဲတော့မှာလား ဆောင်းပါးကိုရေးပြီး သမ္မတနဲ့အကြံပေးတွေ ဘာအလုပ်မှ မလုပ်ဘူးလား၊မလုပ်တတ်ဘူးလား၊မလုပ်တတ်ရင် ထွက် ဆိုတဲ့အချိုးမျိုး ဘုန်းကြီးစာဝါချတော့ ဟိုက ချက်ချင်း ကောင်တာ ပြန်လာပါတယ်။ သူကျွမ်းကျင်ရာ ဘသာရပ်ကို လာခလုပ်တိုက်တာဖြစ်တဲ့အတွက် အတင်မခံဘဲ ပြန်ထောက်ပြတော့ ကိုယ်ပဲအရှက်ကွဲရပါတယ်။ ဒါပေမယ့် ကလေးရှက်တော့ ငိုဆိုသလို သူတို့ပညာရည်နိမ့်ကျတာ နှစ်(၆၀)လောက် စစ်ကျွန် ပညာရေးမှာ နေခဲ့ရလို့ဆိုတာမျိုး ငိုပြီး ဟီးချပြတယ်။သူ့လို လူငယ်မျိုး သန်းပေါင်းများစွာ ရှိတယ်ဆိုပြီး သူခိုးသေဖော် ညှိတယ်။

နေထွန်းနိုင်တို့လို တက်သစ်စမီဒီယာသမားတွေအနေနဲ့ မိမိမကျွမ်းကျင်တဲ့အပိုင်းတွေမှာ အထွေထွေဂျာနယ်လစ်အဖြစ် ကြားဖူးနားဝရှိသမျှ သိသလောက် လျှောက်ရေးတာထက်စာရင် လိုင်းတစ်လိုင်းကိုပီပီပြင်ပြင်ထောက်ပြနိုင်တဲ့ သတင်းသမားဆိုရင် သူဟာ တောက်မည့်မီးခဲ တရဲရဲပါ။ ဒါပေမယ့် ထမင်းစားဖို့ သတင်းဖြစ်ပြီးရော ဆိုတဲ့သဘောနဲ့ နေရာတကာ တတ်ရောင်ကား လုပ်တော့ လည်လွန်းတဲ့ဘီး ချီးသင့်သွားတယ်။ နောက် ကိုယ်ညံ့တာ၊လေ့လာမှု လိုအပ်တာကို ယောင်္ကျားပီပီ ၀န်မခံရဲဘဲ တစ်ခါလာလည်း စစ်အုပ်ချုပ်ရေး နှစ် ၆၀ကို ပုံချဆိုတဲ့ ပုံသေနည်းနဲ့ လက်ပံသား ဓားနဲ့ခြိုင်တာ တွေ့ရတယ်။ မှားတာကို မှားကြောင်း ပြောင် ၀န်ခံရဲတဲ့သတ္တိမရှိတာဟာကျင့်ဝတ်မဲ့တဲ့သတင်းသမားဖြစ်တိုပြနေတာပါ။ နှုတ်သီးကောင်း

လျှာပါး ပြန်ချေပနေမယ့် အစား ၀န်ခံခြင်းဟာ သတ္တိပါလို့ဆိုချင်ပါတယ် ။
ဆရာကြီးကိုလည်းသိပါတယ် သီအိုရီ အင်မတန်ကျွမ်းပါတယ် လက်တွေ့နဲ့ ဟပ်စပ်မှုတော့နည်းပါတယ်။ ဒေါ်စုလိုပါပဲ မြန်မာပါး မ၀တော့ဘဲ ဘိုလိုမှုတ်တာပဲ အဓိကဖြစ်နေတယ် ယူဆပါတယ်။
သူတို့၂ယောက်ရဲ့ အပြန်အလှန်ပေးစာတွေကို ဆန်းစစ်ကြည့်ရင် ကိုယ့် fieldမှာ professional မဖြစ်လို့ နေထွန်းနိုင်ခံရတာပါ။

ရှက်ရမ်းရမ်းတာမျိုးမဖြစ်စေလိုပါ ။ကိုယ့်ဘက်က အပြုသဘော မဆန်ဘဲ အမုန်းတရားကို အခြေခံရေးသားတာမျိုးဖြစ်ရင် တစ်ဘက်ကလည်း အမုန်းတရားနဲ့ပဲ တုန့်ပြန်လာမှာဖြစ်ပါတယ်။ သိစိတ်မှာတော့ ပြည်သူ့ဘက်က ရပ်တည်တယ်လို့ ယူဆထားပေမယ့် မသိစိတ်မှာ မနာလိုဝန်တိုစိတ်ကြီးနေတာ၊ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ၊ငါတကော ကောနေတာ၊လေယူရာတိမ်း ယိမ်းနေတာ၊အမုန်းအာဃာတနဲ့ ၀ါဒမှိုင်းတိုက်ခံနေရတာတွေ ရှိ/မရှိဆိုတာ နေထွန်းနိုင်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုနေတယ်လို့ ထင်မြင်မိပါတယ်။

Eleven စရိုက်.. ပြန်ကိုက်ဖို့ပဲ ဆိုတာ၊ အာဏာရှင်(ဒါမှမဟုတ်) ထုတ်ဝေသူ အာဏာရူးက ရှူးတိုက်သမျှ လိုက်ပြီးကိုက်နေတဲ့ သုနခေါ ဖြစ်ပါလိမ့်မယ်။ စစ်သားကိုစစ်ခွေးခေါ်သလို မီဒီယာခွေး သို့မဟုတ် ကလောင်ခွေးဖြစ်သွားပါလိမ့်မယ်။ ထိခိုက်စေလို၍မဟုတ်ပါ အားလုံးကိုယ်စီပြင်ကြရမယ့် အချိန်မို့ပါ ။နေထွန်းနိုင်လို အလားအလာရှိတဲ့ လူငယ်တစ်ယောက်ကို မီဒီယာ လောကမှာ ရိုးဖြောင့်စွာ မြင်တွေ့ချင်လို့ပါ။နုနယ်သေးတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သမာသမတ် ကျတဲ့ မီဒီယာသမားတွေ အများကြီး လိုအပ်နေပါတယ်။ အစိုးရကိုရော၊ အတိုက်အခံကိုပါ စူးရှစွာ ဝေဖန်ထောက်ပြနိုင်တဲ့ မဏ္ဍိုင်ကြီး ခိုင်မာအားကောင်းဖို့အတွက် တက်လူတွေမှာလည်း တာဝန်ရှိပါတယ်။တာဝန်ရှိသလို တာဝန်သိဖို့လည်း လိုပါတယ်။ သိရမယ့် တာဝန်ကတော့ ကိုယ်ဟာ ကလောင်ကိုင်ထားတဲ့ တရားသူကြီးတစ်ယောက်ဖြစ်တယ်ဆိုတာပါ။

နေထွန်းနိုင်က ခေတ်လူငယ်တွေ သန်းပေါင်းများစွာ ညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။ သန်းပေါင်းများစွာထဲမှာ တကယ်တော် တကယ်ထက် တကယ်တတ်ပြီး အရွယ်နဲ့ မလိုက်အောင် ဦးဆောင်နိုင်စွမ်းရှိတဲ့ လူငယ်များက ဒီအယူအဆကို ရယ်နေကြပါလိမ့်မယ်။ ဘယ်သူ့ကြောင့် ဘယ်ဝှာ့ကြောင့်လို့သူတစ်ပါးကိုအပြစ်တင်တတ်တဲ့စိတ်ကိုကျိတ်ပြီး လှောင်ပြောင် နေကြပါလိမ့်မယ်။ ဘယ်နိုင်ငံက သင်ပေးတဲ့ ပညာဖြစ်ဖြစ် တတ်ပြီးပညာ မလေ့လာ မကြာခဏမေ့တတ်သည် ဆိုသလိုပါပဲ။ပညာဟူသည် ဆုံးခန်းတိုင်သည် မရှိ ဆိုသလိုပဲ။ ပညာနဲ့သညာဆိုတာ မသေမချင်း ဆက်လက်ဖြည့်ကျင့် ဆည်းပူးရမယ့်အရာပါ။ဆင်ခြင်နိုင်အောင်ပါ။

Aung Zay

0 comments:

Post a Comment