Friday, April 10, 2015

သင်္ကြန်အတွက် ၀တ်စုံ တဒါဇင်လောက် စီစဉ်ထားတယ် ဆိုတဲ့ ဖြူဖြူကျော်သိန်း


အဆိုတော် ဖြူဖြူကျော်သိန်း (ဓာတ်ပုံ – မြတ်ဝေလင်း၊ ပုပ္ပား)


အခုအချိန်က ပူပြင်းလှတဲ့ နွေရာသီကို အန်တုနေရတဲ့ အချိန်ပါ။ အပူဒဏ်ကို သက်သာ စေမယ့် သင်္ကြန်ရေပွဲတော် တခု ဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်က မကြာခင် ကျရောက်လာတော့မှာပါ။ သင်္ကြန်မှာ မပျော်တဲ့သူ ဆိုတာ ခပ်ရှားရှား ဖြစ်ပြီး သင်္ကြန် အတွက် ကြိုတင်ရင်ခုန် ပြင်ဆင်နေတဲ့သူကသာ ပိုများမယ် လို့ မြင်မိပါတယ်။ အလုပ်သမား၊ ကျောင်းသား စသဖြင့် လူအများစု အတွက် သင်္ကြန်ကာလဟာ ကိုယ့်စိတ်ကြိုက် နားနေနိုင်တဲ့ ကာလတွေ ဖြစ်ပေမယ့် အနုပညာရှင်၊ အထူးသဖြင့် ဂီတအနုပညာရှင်တွေ ကတော့ မနားနေနိုင်ပါဘူး။သင်္ကြန်အချိန်ဟာ သူတို့အတွက် ရေကစားမဏ္ဏပ်တွေမှာ မြူးမြူးကြွကြွနဲ့ သီဆိုဖျော်ဖြေပေးရတဲ့ ကာလတခုပါပဲ။ သင်္ကြန်တွင်းမှာ သီဆို ဖျော်ဖြေကြတဲ့ ဂီတအနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းရော၊ ပါဖောမန့်ပိုင်းမှာပါ ထူးထူးခြားခြား တင်ဆက်မှုတွေနဲ့ ဖျော်ဖြေတတ်တဲ့ တေးသံရှင်ကတော့ ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်တွင်း ရန်ကုန်မှာ ရှိနေမယ့် တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ဒီနှစ် သင်္ကြန်ခံစားချက်၊ ဒီနှစ် သင်္ကြန်ဖက်ရှင်နဲ့ သင်္ကြန်တွင်း ရှိခဲ့တဲ့ အမှတ်တရများ အကြောင်း ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဒီနှစ် သင်္ကြန် ဘယ်မှာ ရှိနေမလဲ ဆိုတာ အရင်သိချင်ပါတယ်။

ဖြေ။ ။ ဖြူဖြူ ဒီနှစ်သင်္ကြန်မှာ ရန်ကုန်၊ တာမွေက Polo Club Residence မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန်လေးရက်လုံး အဲဒီမှာပဲ ရှိပါမယ်။

မေး။ ။ သင်္ကြန်ဆိုတာကိုရော ခံစားချက် ဘယ်လို ရှိလဲ။

ဖြေ။ ။ သင်္ကြန်ဆိုတာက မြန်မာနှစ်သစ်ကူးပွဲတော်တခု၊ တခြားနိုင်ငံ တခြားယဉ်ကျေးမှုပုံစံတွေ၊ ပျော်ရွှင်မှု ပုံစံတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပြယုဂ်လေးတခုပါ။ နောက် သင်္ကြန်ဆိုရင် အားလုံး စိတ်လွတ် လက်လွတ် ပျော်ကြတယ်။ ကိုယ်ကျတော့ အဆိုတော်တယောက် အနေနဲ့ ပရိသတ်ပျော်ဖို့ အတွက်ကို အလုပ်လုပ်ပြီးတော့ ဖျော်ဖြေပေးတယ် ပေါ့။

မေး။ ။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာကို အခုနောက်ပိုင်းမှာ ဘယ်လို မြင်လာမိလဲ။ ရိုးရာနဲ့ ပတ်သက်လို့ ဘယ်လို ပြောပြချင်လဲ။

ဖြေ။ ။ ဒါက ကမ္ဘာ့ ရေစီးကြောင်း၊ ခေတ်ရဲ့ ရေစီးကြောင်းနဲ့ လိုက်တာပါ။ ကမ္ဘာကြီး ဆိုတာ ရွာကြီးလိုပဲလေ။ ကိုယ့်ဟာနဲ့ကိုယ် သီးသန့် ပုံစံကြီးတော့ နေလို့ မရတော့ဘူးပေါ့။ ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်တဲ့ ၀တ်စား ဆင်ယင်မှုတွေနဲ့ နေ့စဉ် ဘ၀ တွေကို ဖြတ်သန်းရတာပဲ လေ။

အရင်ခေတ်တုန်းက လိုတော့ ထမီလေးတွေနဲ့၊ ငွေဖလားနဲ့ ပိတောက်ခက်နဲ့ ရေလောင်းတယ် ဆိုတာကတော့ သင်္ကြန် ဖွင့်ပွဲ ပိတ်ပွဲတွေမှာ ရိုးရာမပျက် လုပ်ကြတာလေးတော့ ရှိတယ်ပေါ့။ ဒါမျိုးလေးတော့ ရှိရပါတယ်။ ဒါပေမယ့် ဒီဘက် ခေတ်မှာကျတော့ အဲလို ပုံစံမျိုးတွေနဲ့ သွားလာ လှုပ်ရှားဖို့က လွယ်မှ မလွယ်တော့တာ နော်။ အဲဒီအခါကျတော့ ဂျစ်ကားနဲ့လည်ကြတယ်၊ ရေပိုက်နဲ့ ပက်ကြတယ်၊ ရေခွက်နဲ့လောင်းကြတယ်၊ စသဖြင့် ဒါမျိုးတွေတော့ ရှိလာတာပေါ့ နော်။

သင်္ကြန်တွင်းမှာ ရေပက်ခံတဲ့ အခါမှာလည်း မိန်းကလေးတွေပဲ ဖြစ်ဖြစ်၊ ယောက်ျားလေးတွေပဲ ဖြစ်ဖြစ်၊ တခုခုဆိုရင် အလွယ်တကူ ကျွတ်မသွားနိုင်တဲ့ ဘောင်းဘီမျိုးနဲ့ သွားတာက ပိုပြီးတော့ အဆင်ပြေ သက်သာတာပေါ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ဖြူဖြူအနေနဲ့ ဘာမှခွဲခြား ပြောကြားလိုစိတ် မရှိပါဘူး။ တချို့ကမေးကြတယ်၊ သရုပ်ပျက်လာကြ တယ်ပေါ့။ ဒါကတော့ သရုပ်ပျက်တယ် ဆိုတာကတော့ ဒီလိုမျိုး သင်္ကြန်ပွဲရယ်မှ မဟုတ်ပါဘူး၊ နေရာတကာမှာတော့ ပုံစံမျိုးစုံနဲ့ ရှိတတ်ကြတာ ပါပဲ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရင်၊ လူလူချင်း လေးစားတတ်ရင်၊ ယဉ်ကျေးတယ် ဆိုလို့ရှိရင်၊ တယောက်နဲ့ တယောက် ခိုက်ရန်ဖြစ် ပွားတတ်တာမျိုးတို့၊ သရုပ်ပျက်တာ လုပ်တာမျိုးတို့ နည်းသွားမှာပါ။

ဖြစ်ရတဲ့ အကြောင်းအရင်း ဆိုတာကလည်း ဖြူဖြူတို့ မြန်မာပြည်မှာကျတော့ သင်္ကြန်ဆိုတာ အပျော်အတွက် စိတ်လွတ် ကိုယ်လွတ် လုပ်တတ်တဲ့ အချိန်ဖြစ်တယ်။ တနှစ်တာလုံး ပင်ပန်းခဲ့သမျှ စိတ်ညစ်ခဲ့ သမျှ အရာတွေ အကုန်လုံး ကို ဒီမှာ တခါတည်း စုပုံပြီး ပျော်လိုက်မယ် ဆိုတာလေးလည်း ရှိတော့ လူတွေက ကိုယ်စိတ်ကို လွှတ်လိုက်တဲ့ အခါ လွတ်ထွက်သွားတယ် ဆိုတာမျိုးက ရှိတတ်ပါတယ်။ အဲလိုအချိန်မှာ ကိုယ့်ရဲ့အသိလေးနဲ့ ပြန်ပြီးတော့ ထိန်းထားမယ် ဆိုရင် အဆင်ပြေပါတယ်။

မေး။ ။ မဖြူအတွက် သင်္ကြန်မှာ အမှတ်တရ အဖြစ်အပျက်မျိုး တခုခု ရှိခဲ့ရင်လည်း ပြန်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ဖြူဖြူအတွက် ကတော့ သင်္ကြန်ဆိုတာ သီချင်းဆို နေရရင် အပျော်ဆုံးပဲ ရှင့်။ ငယ်ငယ်တုန်းက အဆိုတော် မဖြစ်ခင် တုန်းကတော့ လူတိုင်း ဖြတ်သန်းဖူးတဲ့ သင်္ကြန်မျိုးကို လူငယ်တယောက် အနေနဲ့ ဖြတ်သန်းဖူးပါတယ်။ အနုပညာရှင် တယောက် ဖြစ်လာတော့ ကိုယ်ကိုယ်တိုင်လည်း သင်္ကြန်ကို ပျော်လို့ ရသလို ကိုယ်လုပ်တတ်တဲ့ နေရာကနေ လူတွေကို ထပ်ပြီး ပျော်အောင် လုပ်ပေးနိုင်တဲ့ နေရာကနေ သင်္ကြန်ကို ပါဝင်ခွင့် ရတယ်။ အဲဒါကို အရမ်းကျေနပ်တယ်။

နောက် အမှတ်တရ ဖြစ်စေတဲ့ဟာဆိုရင် တချို့နှစ်တွေမှာ ကိုယ်က စင်ပေါ်မှာပဲ သီချင်းဆိုလိုက်ရတဲ့ အတွက် ရေလုံးဝ မစိုတဲ့နှစ်တွေ ရှိတယ်။ အိမ်ပြန်ရောက်လာတဲ့အခါမှ အိမ်က လူတွေကို ဖြူဖြူ သင်္ကြန်ရေ မစိုသေးလို့ ရေလောင်းကြပါဦး လို့ ပြောရတဲ့ နှစ်တွေ တကယ်ပဲ ရှိဖူးတယ်။

မေး။ ။ အဲလို ရေမစိုတဲ့နှစ်တွေမှာ သင်္ကြန်နဲ့ပတ်သတ်ပြီး သူများတွေ ပျော်သလို မပျော်ရတဲ့ အတွက် ဖီလင် ဖြစ်မိလား။ အနုပညာရှင် တယောက် ဖြစ်တဲ့ အတွက်ရော အဲလိုနှစ်တွေမှာ ခံစားချက် ဘယ်လိုရှိလဲ။

ဖြေ။ ။ ရယ်တော့ ရယ်စရာကြီးပေါ့ နော်။ အချင်းချင်း ရေပက်နေကြတဲ့ မဏ္ဍပ်မျိုးမှာ ဆိုရင်တော့ ပြဿနာ မရှိဘူး။ ဒါပေမယ့် တခါတလေ ကျတော့လည်း ပရိသတ်တွေပဲ ဖြစ်ဖြစ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် အနုပညာရှင် အချင်းချင်းပဲ ဖြစ်ဖြစ် နားလည်မှု ရှိတာပေါ့။ သူ့ခမျာ သီချင်းဆိုဖို့ ရှိတယ်၊ အလုပ်လုပ်ဖို့ ရှိတယ် ဆိုပြီး စိုစိုရွှဲရွှဲကြီးနဲ့ သီချင်းဆိုရင် နေမကောင်း ဖြစ်မယ် ဆိုပြီး မပက်လိုက်ကြတော့ဘူး။ မဏ္ဍပ်ကို သွားတဲ့ အချိန်ကနေပြီး ပြန်တဲ့ အချိန်အထိ ရေတစက်မှ မစိုလိုက်ဘူး။ ဥပမာ မနှစ်က သင်္ကြန်မျိုးပေါ့။

မနှစ်က သင်္ကြန်က ဖြူဖြူ ရန်ကုန်၊ မျှော်စင်ကျွန်းထဲက Grand Royal မှာလေ။ နှစ်ရက်လောက်က လုံးဝ ရေမစိုလိုက် ဘူး။ အလုံပိတ်ထားတဲ့ ကားထဲကနေ မိတ်ကပ်ဆိုင်မှာ သွားပြင်တယ်။ နောက် မဏ္ဍပ်ကို လာတယ်။ မဏ္ဍပ် အနောက်မှာလည်း ဖြူဖြူ အတွက် အခန်းတခန်းကို သေချာစီစဉ် ပေးထားတယ်။ သီချင်းဆိုခါနီးမှ အ၀တ်လဲပြီး ဆိုတယ်။ စင်ကလည်း အမြင့်ကြီးပဲ လေ။ ပရိသတ်နဲ့နီးတယ် ဆိုပေယ့် အောက်ကလည်း ရေလှမ်း မပက်နိုင်ဘူး။ အချင်းချင်းတွေ ကျတော့လည်း တယောက်နဲ့ တယောက် အလုပ်တွေကလည်း များပြီး ကိုယ်ချင်းလည်းစာတော့ ရေမပက်ဖြစ်ကြဘူး။ အဲဒါက ညနေအထိပဲ ဒီတော့ အိမ်ပြန်ရောက်မှ ကိုယ့်ကို ရေလောင်းကြ ပါဦးလို့ ပြောရတယ်။ ဒါလေးကတော့ အမှတ်တရ ဖြစ်ပါတယ်။

မေး။ ။ သင်္ကြန်မှာ မဖြူ ဖက်ရှင်လည်း ကျအောင်၊ သီဆိုဖျော်ဖြေရတဲ့အခါ ကိုယ့်အတွက်လည်း အဆင်ပြေအောင် ဘယ်လို ၀တ်စားဆင်ယင် ဖြစ်လဲ။ မဖြူရဲ့သင်္ကြန်ဖက်ရှင်က ဘယ်လိုဝတ်မှာလဲ။

ဖြေ။ ။ ဖြူဖြူ က သင်္ကြန်ဆိုရင် တနှစ်ကို တခါ ဖက်ရှင်လဲ ပါတယ်။ မတူအောင် ပုံစံပြောင်း ပါတယ်။ ဒီနှစ်ကိုလည်း ဖြူဖြူရဲ့ အစ်မ မမညိုနဲ့ သေချာတိုင်ပင်ပြီး ထားတယ်။ ဒီဇိုင်နာတွေနဲ့ ၀တ်စုံတွေ သေချာချုပ်ထားတယ်။ ၀တ်စုံကို တဒါဇင်လောက် စီစဉ်ပြီးတော့ လုပ်နေပြီ။ ဒီနှစ်မှာ ဖြူဖြူအတွက် သင်္ကြန်သီချင်း အသစ်လေးတွေ ရှိပါတယ်။ ကိုရွှေဂျော်ဂျော် ရေးပေးပြီးတော့ ကိုမောင်မောင်ပြည့်စုံ တီးပေးထားတဲ့ သီချင်းလေးပါ။ Water Party, ရေ Party အခွေမှာ ပေါ့။ အခုထွက်လာတော့ ပရိသတ်တွေက သီချင်းကိုလည်း ကြိုက်ကြတယ် ပြောတယ်။

ဖြူဖြူရဲ့ ပါဖောမန့် Jade Dragon နဲ့ ဖြူဖြူ တွဲပြီး ကထားတာ ကိုလည်း ကြိုက်ကြတယ် လို့ ပြောကြတယ်။ ဖြူဖြူတို့ ကြိုးစားရကျိုး နပ်ပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ် လို့။ ဒီနှစ်ရဲ့ ထူးခြားမှုကတော့ ဖြူဖြူက ခါတိုင်းနှစ်တွေ ဆိုရင် သီချင်းတွေ ဆိုဖို့ပဲ သီးသန့်တာဝန်ရှိတယ် ပေါ့။ ဒီနှစ် Polo Club Residence ကတော့ ဖြူဖြူကို သီချင်းဆို ဖို့ချည်းပဲ မဟုတ်ဘဲနဲ့ အကအလှတွေနဲ့ တွဲဖက်တင်ဆက်ဖို့ ကိုယ့်ကိုယ်တိုင်လည်း ကပြဖို့ ဆိုပြီးတော့ သူတို့က ကိုယ့်ကို ပြောတယ်ပေါ့။ အဲဒီအတွက် အကနဲ့ ပါဖောမန့်တွေ တင်ဆက်ဖူးသမျှ သီချင်းက တဒါဇင်လောက် ရှိပါတယ်။

အဲဒီထဲက မြူးမြူးကြွကြွနဲ့ ပရိသတ်နဲ့ ပျော်လို့ရမယ့် သီချင်း ၁၀ ပုဒ်လောက်ကို မနက်၊ ညမှာ နေ့တိုင်းနေ့တိုင်း အကတွေနဲ့ တင်ဆက်သွားဖို့ ရှိပါတယ်။ ဖြူဖြူတို့ ဆိုမယ့် Dream of Musicals ရှိုးပွဲပြီးရင် သင်္ကြန် အတွက် အကတွေ စတိုက်တော့မှာပါ။ ၀တ်စုံတွေက သင်္ကြန်အတွက် ဆိုတော့ ရောင်စုံဝတ်ဖြစ်မှာ ပါ။

နောက်တခုက water Party, ရေ Party ထဲက ၀တ်စုံဒီဇိုင်းကို ပရိသတ်တွေ သဘောကျကြတယ် ပေါ့။ အဲဒါက ၀တ်ရစားရတာ လွယ်ကူတယ်။ နောက်တခုက ဇာဖြစ်တဲ့ အတွက် အဆင်ပြေတယ်။ လိုအပ်တဲ့ နေရာတွေကို ဖုံးထားပြီးသားလေ။ နောက် ဖော်တဲ့ နေရာကလည်း ကိုယ့်အတွက် သက်သောင့်သက်သာ ရှိတယ်။ သိပ်ကြီးလည်း အမြင်ရိုင်းတာ မဟုတ်ဘူး။ နောက်ပြီးတော့ ပူအိုက်တဲ့ ရာသီမှာ လေသလပ်တာ ကောင်းတာပေါ့ နော်။ ဆိုတော့ ဒီလိုပုံစံလေးတွေပဲ ၀တ်ဖို့များ ပါတယ်။ နောက်ပြီး ကဖို့ အတွက်လည်း ဒီလိုပုံစံလေးတွေက ပိုပြီးအဆင်ပြေတယ်လေ။ အကကလည်း ဒီနှစ် Jade Dragon နဲ့ပဲ ကဖြစ်မှာပါ။

မေး။ ။ စင်ပေါ်မှာ သီဆိုဖျော်ဖြေရတဲ့ အခါမှာရော ကိုယ်ရဲ့ အသားအရေကို မပျက်စီးရအောင် ဘယ်လို Cover လုပ်လဲ။ အသားအရေကိုရော ဘယ်လို ထိန်းဖြစ်လဲ။

ဖြေ။ ။ သီချင်း ဆိုတဲ့အခါမှာ ဖြူဖြူက နေကာမျက်မှန် တပ်ပြီး ဆိုရတာကို သိပ်ပြီး အားမရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က မျက်တောင်တုကြီးတွေက ရှိရှိနေတော့ လေ။ နောက် ဦးထုပ်ဆောင်းရတယ် ဆိုရင်လည်း ဖြူဖြူ သီချင်း တပုဒ်၊ နှစ်ပုဒ်လောက်ပဲ ဆောင်းနိုင်တယ်။ ကိုယ်က အရမ်းလှုပ်၊ အရမ်းဆို၊ အရမ်းခုန်ပေါက်တဲ့သူ ဆိုတော့လေ။ အဓိကကတော့ Sun Block တွေ လိမ်းရတယ်။ မိတ်ကပ် မလိမ်းခင် အောက်မှာခံပြီး လိမ်းရတာမျိုး ရှိတယ်။ သီချင်းမဆိုဘဲ နားနေတဲ့အခါမျိုးဆိုရင် တတ်နိုင်သလောက် နေကာတဲ့ နေရာမှာနေတယ်။ သီချင်း မဆိုတဲ့အခါ လိုးရှင်းလိမ်းပြီး ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန် တပ်ထားတာမျိုးတော့ လုပ်ပါတယ်။ ဒါပေမယ့် စင်ပေါ်ထွက်ပြီး ဆိုရတဲ့ အခါကျတော့ ကိုယ့်အနေနဲ့ အဲဒါတွေ မပါဘဲနဲ့ ဆိုရတာ ပိုအဆင်ပြေတယ်။

မေး။ ။ သင်္ကြန်မှာဆိုရင် ကိုယ့်သီဆိုဖျော်ဖြေခဲ့ဖူးတဲ့ နေရာတွေမှာ ဘယ်ဒေသ၊ ဘယ်နေရာရဲ့ သင်္ကြန်ကို နှစ်သက် သဘောကျမိလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ အမှန်အတိုင်းပြောရရင် ဖြူဖြူရဲ့ အဆိုတော် သက်တမ်း ၁၂ နှစ် လုံးလုံးမှာ အဆိုတော်လို ကြုံဖူးတဲ့ သင်္ကြန်ဆိုလို့ မန္တလေးနဲ့ ရန်ကုန်ပဲ ရှိပါတယ်။ အရှေ့က ဆယ်နှစ်လုံးလုံးမှာ သင်္ကြန်ကို မန္တလေးမှာပဲ ကျခဲ့ပါတယ်။ ရန်ကုန်မှာ သင်္ကြန်ကျတာ ဆိုရင် ဒီနှစ်နဲ့မှ နှစ်နှစ်ပဲ ရှိသေးတယ်။ ဖြူဖြူအနေနဲ့ မန္တလေး ပရိသတ်နဲ့ ဆုံရတာအများဆုံး ပါ။ ရန်ကုန်ပရိသတ်နဲ့က ဒီနှစ်နဲ့မှ ဒုတိယအကြိမ် ပေါ့။

မေး။ ။ သင်္ကြန်သီချင်းတွေ ထဲမှာ ဆိုရင်ရော ဘယ်သီချင်းတွေက မဖြူရဲ့ ရင်ထဲကို ရောက်လဲ။ ဘယ်သီချင်းတွေ ကို အခုထက်ထိ နှစ်သက်နေတုန်းလဲ။

ဖြေ။ ။ ဖြူဖြူနားထောင်ဖူးတဲ့ သင်္ကြန်သီချင်းတွေမှာ ဆိုရင် အားလုံးလိုလို ပါပဲ။ အဲဒီထဲကမှဆိုရင် ဖြူဖြူ “သင်္ကြန်မိုး” ကြိုက်တယ်။ နောက်ပြီးတဲ့ အခါ မြူမှောင်ဝေကင်း သီချင်းကို အရမ်းကြိုက်တယ်။

မေး။ ။ သင်္ကြန်ပြီးတဲ့ အခါ မြန်မာနှစ်သစ်ကို ရောက်ရှိတော့မယ် လေ။ မြန်မာနှစ်သစ် အတွက် မဖြူက ပရိသတ် အားလုံးကို ဘယ်လိုများ ဆုတောင်းပေးချင်လဲ။

ဖြေ။ ။ ဟုတ်ကဲ့။ မြန်မာနှစ်သစ်ကို ပျော်ရွှင်မှုတွေ၊ ကျန်းမာမှုတွေ၊ ကောင်းမွန်မှုတွေ မျှော်လင့်ချက်တွေနဲ့ ၀င်စားကြရအောင် ပါလို့။ အဲဒီ အတွက်ကြောင့် နှစ်သစ်မှာ အတူတူ ပျော်ပျော် ရွှင်ရွှင် ၀င်စားနိုင်ဖို့ အတွက် သင်္ကြန် အတွင်းမှာ ပျော်လည်းပျော် ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုလည်း သတိထားပါ။ အသက်ရှင်လျက်၊ ကျန်းမာလျက်နဲ့ မိသားစုတွေနဲ့ အတူတူ ချစ်ချစ်ခင်ခင် နှစ်သစ်ကို အတူတူ ၀င်စားကြရအောင်ပါ လို့။ နောက်ပြီးတော့ နှစ်သစ်မှာ ကောင်းသော အပြောင်းအလဲတွေ ဖြစ်ဖို့ အတွက် ဖြူဖြူတို့ ကြိုပြီးတော့ ဆုတောင်းကြရအောင်ပါ။ အမှန်တရားတွေ ဘက်က ရပ်တည် ကြရ အောင်ပါ လို့။ ။

ဧရာဝတီ

0 comments:

Post a Comment