Thursday, April 9, 2015

အစီအစဉ်ချမှတ် ပြုပြင်ပြောင်းလဲခြင်း - ပိုက်တင်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲက အစီအစဉ်ချမှတ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ Planned Change ဖြစ်ပါတယ်။ Planned Change ဆိုတာက အပြောင်းအလဲရဲ့ နှုန်းထားကို စနစ်တကျ ကန့်သတ်ထားတာမျိုးပါ။ အပြောင်းအလဲကို သေချာခိုင်မာဖို့ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်ကြီး ပျက်စီးဆုံးရှုံးမှု (Mission Failure) မဖြစ်ဖို့ ကြိုတင်တွက်ဆပြီး အရံအတားတွေ၊ အကာအကွယ် အစီအမံတွေ ကျကျနန ရေးဆွဲထားပြီးမှ နိုင်ငံရေးပြောင်းလဲဖို့ လုပ်ကိုင်ဆောင်ရွက်ခြင်း စတင်ခဲ့တာပါ။မြန်မာ့နိုင်ငံရေး အပြောင်းအလဲရဲ့ မဟာဗျူဟာမှာ ဗဟိုချက်မက အခြေခံဥပဒေ ဖြစ်ပါတယ်။ အခြေခံဥပဒေကို ဗဟိုပြုပြီး တပ်မတော် ပါဝင်မှု၊ ဒီမိုကရေစီအခြေခံများ အာဏာခွဲဝေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ရံထားခြင်း ဖြစ်ပါတယ်။ တည်ငြိမ်မှု ဇောင်းပေးထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံ ဖြစ်ပါတယ်။ ဒီအစီအမံက မှန်တယ် မှားတယ် ဆိုတာ အငြင်းပွားမှုများ ရှိသော်ငြား တည်ငြိမ်ရေး အာမခံချက် တော်တော်လေး ပေးထားတဲ့ ဒီမဟာဗျူဟာကြောင့်သာ တပ်မတော်က ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို လက်သင့်ခံပြီး အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင်တော့ လက်မခံနိုင်စရာတွေ အများကြီးရှိမှာ ဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်ကိုင်နိုင်ဖို့ လမ်းစဖွင့်ပေးနိုင်တဲ့ မဟာဗျူဟာ အစီအမံဖြစ်တယ် ဆိုတာကိုတော့ ငြင်းမရပါဘူး။

စင်ကာပူနိုင်ငံရဲ့ အပြောင်းအလဲက မြန်မာ့အပြောင်းအလဲထက် အများကြီး ပိုတင်းကျပ်ပါတယ်။ Programmed Change ဖြစ်ပါတယ်။ အတိုက်အခံပါတီများ ရပ်တည်ခွင့်ကို လမ်းဖွင့်ပေးထားသလို ရှိသော်ငြားလည်း အာဏာရပါတီကြီးက လုံးဝချုပ်ကိုင်ထားတဲ့ နိုင်ငံရေး အခင်းအကျင်း ဖြစ်ပါတယ်။ အာဏာရှင်ဆန်ဆန် တင်းကျပ်ပြီး စီးပွားရေးကောင်းအောင် တွန်းတင်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးလွတ်လပ်ခွင့် ရှိသလိုနဲ့ တကယ်တမ်းမှာ PAP ပါတီကို ဘယ်သူကမှ မကျော်နိုင်အောင် စနစ်တကျ Programming ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာက အတိုက်အခံတို့ အာဏာရယူခွင့်၊ အစိုးရဖွဲ့ခွင့် ရှိပါတယ်။ အာဏာရပါတီကြီး ဖြစ်တဲ့ ပြည်ခိုင်ဖြိုးကို တပ်မတော်က ဘက်လိုက်ဖို့ မရှိပါဘူး။ ရေရှည်မှာ စင်ကာပူနဲ့ လုံးဝကွဲပြားတဲ့ အချက်က တပ်မတော် နိုင်ငံရေးကနေ ထွက်ခွာတဲ့အချိန် ရောက်လာတဲ့အခါ ပါတီကြီး တစ်ခုတည်းက အာဏာကို ချုပ်ကိုင်လွှမ်းမိုးထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ တစ်နည်းပြောရရင် တပ်မတော် နိုင်ငံရေးခေတ်လွန်တာနဲ့ ဒီမိုကရေစီ ရာခိုင်နှုန်းပြည့်လုနီးပါး သေချာပေါက် ဖြစ်လာမယ် ဆိုတာပါပဲ။ အာဆီယံ အသိုင်းအဝိုင်းမှာ တည်ငြိမ်မှု အရှိဆုံးနဲ့ အခိုင်မာဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဒီလိုမျှော်မှန်းလို့ ရတာကလည်း တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဝိုင်းဝန်းကူညီခွင့်ကို အာမခံချက် ပေးထားတဲ့ မဟာဗျူဟာကြောင့်ပဲ ဖြစ်ပြီး ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီသေးသော်ငြား ရှည်လျားပြီး ရှုပ်ထွေးလှတဲ့ မြန်မာ့သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားနိုင်ရင်တော့ လက်ရှိ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာက အသင့်တော်ဆုံး၊ အာမခံချက်အရှိဆုံး ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

အစီအစဉ်ချမှတ် ပြောင်းလဲခြင်းမှာ ကန့်သတ်ချက်များ ရှိပါတယ်။ တိုးတက်ဖြစ်ထွန်းမှုအပေါ် လိုက်လျောညီထွေ ဖြေလျှော့မှုများရှိမှာ ဖြစ်ပေမယ့် ချမှတ်ထားတဲ့ အစီအစဉ်နဲ့ မကိုက်ညီသေးတဲ့ ပြုပြင်ပြောင်းလဲမှုများကို အတင်းအကျပ် တည်ဆောက်ရယူဖို့ ကြိုးပမ်းမှုများ ရှိခဲ့ရင်တော့ အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဆိုလိုတာက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အရှိန်မြှင့်ဖို့ဆိုရင် အင်အားစုများ အနေနဲ့ ဖြေလျှော့မှုများ ပိုမိုဖြစ်ထွန်းဖို့အတွက် ဖိအားပေးခြင်းထက် ဖြေလျှော့မှုအတွက် အာမခံချက်ရှိမယ့် အခြေအနေများကို လိုက်လျောညီထွေ ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ အစီအစဉ်အတိုင်း ပြောင်းလဲမှု နှုန်းထားကို စောဒကမတက်ဘဲ လက်ခံစောင့်ဆိုင်းဖို့ ဆိုလိုခြင်း မဟုတ်ပါဘူး။

ဥပမာအနေနဲ့ တင်ပြပါ့မယ်။ အာဆီယံ အသိုင်းအဝိုင်းရဲ့ လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအပေါ် ချဉ်းကပ်ပုံ မှန်ကန်မှုဟာ အပြောင်းအလဲများ စတင်ဖြစ်ထွန်းရေး ကြီးစွာသော အထောက်အပံ့ ရရှိခဲ့ပါတယ်။ အာဆီယံ အသိုင်းအဝိုင်းထဲ ဝင်ခွင့်ပေးခဲ့ခြင်း၊ စစ်အစိုးရအပေါ် အပြုသဘော ထိတွေ့ဆက်ဆံရေး (Constructive Engagement) ဖြင့် ချဉ်းကပ်လုပ်ဆောင်ပါက တိုးတက်မှုများ ရရှိမှာဖြစ်ကြောင်း တိုက်တွန်းစည်းရုံးခဲ့ခြင်းတို့ဟာ အပြောင်းအလဲကို တွန်းအားပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က မြန်မာအစိုးရအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲသွားပါပြီ။ ဒါဟာ နှစ်ပေါင်းများစွာ အလုပ်မဖြစ်တဲ့ နည်းလမ်းကို သုံးသပ်သင်ခန်းစာယူနိုင်ပြီး အစီအစဉ်ချမှတ် ပြောင်းလဲခြင်းကို နားလည်လက်ခံလိုက်တာကြောင့် ဖြစ်ပြီး ဒီအပြောင်းအလဲရဲ့ အရှိန်အဟုန် (နှုန်းထား) ကို အစီအစဉ် ချမှတ်ထားတာထက် ပိုမိုသွက်လက် မြန်ဆန်စေမယ့် မဟာဗျူဟာသစ် ဖြစ်ပါတယ်။

နောက်ထပ် ဥပမာတစ်ခုကတော့ အပြောင်းအလဲကာလမှာ ဖြစ်ပေါ်တတ်တဲ့ ယဉ်ကျေးမှုနဲ့ ပြုပြင်ပြောင်းလဲရေးအကြား ပဋိပက္ခပြဿနာ (Conflicts between Culture and Change) ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အဲဒီကိစ္စကို ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချမှတ်စဉ်ကတည်းက ကျကျနန ထည့်သွင်းစဉ်းစားပြီးသား ဖြစ်နေတာ တွေ့ရပြီး အတိုက်အခံ အင်အားစုများ အနေနဲ့ ထည့်သွင်းစဉ်းစားတွက်ချက်မှု အလွန်နည်းပါတယ် ဆိုတာကြောင့် ဒီမိုကရေစီကို စံနှုန်းပြည့် ချက်ချင်းရရှိဖို့ လက်ဆပြင်းပြင်းနဲ့ တွန်းနေကြတာမျိုးတွေ ရှိနေခြင်း ဖြစ်ပါတယ်။ အစဉ်အလာ ယဉ်ကျေးမှုများနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အသားတကျ အံဝင်ဖို့ အချိန်လုံလုံလောက်လောက်ယူပြီး စနစ်တကျ ဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီကို ခိုင်ခိုင်မာမာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးရဲ့ နှုန်းထားဟာ စီစဉ်ထားတာထက် ပိုမိုမြန်ဆန်ရေးဟာ မြန်မာလူထု အကျိုးစီးပွား၊ တပ်မတော် အကျိုးစီးပွား၊ ဒေသတွင်း နိုင်ငံများရဲ့ အကျိုးစီးပွားနဲ့ တစ်ကမ္ဘာလုံးရဲ့ အကျိုးစီးပွားဖြစ်တယ် ဆိုတာ ထင်ရှားလာနေပြီ ဖြစ်ပြီး ဒီလို ပိုမိုမြန်ဆန်စွာ ပြောင်းလဲနိုင်ရေးအတွက် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများ မှန်ကန်ရေး၊ လိုက်လျောညီထွေ ရှိရေးဟာ လွန်စွာပဓာနကျလှပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတမှု လွတ်လပ်မှုကို စောင့်ကြည့်ပြီး မြန်မာနိုင်ငံနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရေး စောင့်ဆိုင်းနေခြင်းက လက်တွေ့ကျ ဆီလျော်တဲ့ “တွန်းအား” ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပိုမိုသဘောထား ပျော့ပျောင်းလာနိုင်တဲ့၊ မလိုက်လျောနိုင်စရာ မရှိတဲ့ အားဖြည့်ဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲက အစီအစဉ်ချမှတ် ပြုပြင်ပြောင်းလဲခြင်း ဖြစ်ကြောင်း ထောက်ပြပြောဆိုရခြင်းက ပြည်တွင်းအင်အားစု တော်တော်များများဟာ ဒီအချက်ကို အလေးအနက်ထားပြီး လိုက်လျောညီထွေ “တွန်း” နိုင်ကြစေလိုခြင်းကြောင့် ဖြစ်ပြီး အပွင့်လင်းဆုံး သတိပေးရမယ်ဆိုရင် လက်ဆမှန်မှန်နဲ့ တွန်းနိုင်တဲ့ အင်အားစုများ တိုင်းပြည်တည်ဆောက်ရေးမှာ အဓိကလုပ်ကိုင်နိုင်တဲ့ နေရာများ (Key Roles) ကို တဖြည်းဖြည်း ရရှိလာကြမှာ ဖြစ်ပြီး Planned Change ရဲ့ သဘောသဘာဝကို မသိကျိုးကျွန်ပြုလို့ ဖြစ်စေ၊ တမင် ဆန့်ကျင်ဘက် သဘောနဲ့ဖြစ်စေ ဆောင်ရွက်နေကြသူများ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံနဲ့လူထုကို ချစ်မြတ်နိုးစိတ်၊ မိမိတို့ရဲ့ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများ အချည်းနှီး ဖြစ်နိုင်ကြောင်း သတိပြုမိကြစေလိုတဲ့ စေတနာ အရင်းခံကြောင့် ဖြစ်ပါကြောင်း။

ပိုက်တင်
The Voice Weekly

0 comments:

Post a Comment