Sunday, April 26, 2015

တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား”

တရုတ်-မြန်မာနယ်စပ်ရှိ လောက်ကိုင်မြို့အား ကိုးကန့်သောင်းကျန်းသူများက စတင် တိုက်ခိုက်ခဲ့ရာမှ ပဋိပက္ခအသွင်အဖြစ်သို့ရောက်ရှိသွားခဲ့သော်လည်း ကမ္ဘာ့တရားမဝင်ဈေးကွက်များတွင် မူးယစ်ဆေးဝါးများပြတ်လပ်မှုဖြစ်နိုင်သည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုတင်ခန့်မှန်းခဲ့ခြင်း မရှိခဲ့ပေ။ ထိုတိုက်ခိုက်မှုများကို နိုင်ငံတကာမီဒီယာများက လုံးဝ မျက်ကွယ်ပြုထားခဲ့ကြပါသည်။
၁၉ ရာစုအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိအားပေးမှုကြောင့် အမေရိကန်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီများ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည့်အချိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် အမေရိကန်၏အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုမရှိဟု ထင်မြင် သတ်မှတ်ခဲ့ကြပါသည်။ နောက်ပိုင်းမှထွက်ပေါ်လာသော သတင်းများအရ စစ်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်ဦးစားပေးသတ်မှတ်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်အစိုးရအနေဖြင့် ထိုလုပ်ငန်းစဉ်များကို အသိအမှတ်မပြုခဲ့သလို မသိယောင်ဆောင်နေခဲ့ပါသည်။

နှစ်ပေါင်း ၂၀ နီးပါးကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲ ခဲ့ပြီးနောက် ဒေသတွင်းတွင် အမြင်တစ်ရပ်နှင့်စိန်ခေါ်မှုများရှိလာခဲ့ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်များစွာ ကတည်းက ကွန်မြူနစ်သူပုန်များ၊ ကွန်မြူနစ်မဟုတ်သောသူပုန်များနှင့် အခြားသော သူပုန်တပ်ဖွဲ့များ အတွက် အဓိကဝင်ငွေရသောလုပ်ငန်းမှာ မူးယစ်ဆေးဝါးလုပ်ငန်းဖြစ်နေခဲ့ပါသည်။ မူးယစ်ဆေးဝါး လုပ်ငန်း၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသောအခြားစီးပွားရေးလုပ်ငန်းများမှ ဝင်ငွေအမြောက်အများ ရရှိမှုသည် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် သက်ဆင် အာဏာမရမီအချိန်အထိ အဓိကအရေးပါသော လုပ်ငန်းများဖြစ်ခဲ့ပါသည်။

လာအို-ထိုင်း-မြန်မာ သုံးနိုင်ငံနယ်နိမိတ်ထိစပ်နေသဖြင့် ရွှေတြိဂံဟု လူသိများသောဒေသ သည် ၁၆ ရာစုအစောပိုင်းကတည်းက အဓိကဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်ခဲ့ပြီး ၁၇ ရာစုနှောင်းပိုင်း မှ မျက်မှောက်ကာလအထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မီသာအဖက်တမင်းနှင့် အဖက်တမင်းဆေးပြားများ ထုတ်လုပ်မှုတို့ဖြင့် မှတ်တမ်းတင်ခြင်းခံခဲ့ရပါသည်။

အချိန်များပြောင်းလဲလာသည်နှင့်အမျှ ခေါင်းဆောင်များပြောင်းလဲလာပြီး အရှေ့တောင်အာရှ ဒေသ၏နိုင်ငံရေးပုံစံသည်လည်းပြောင်းလဲလာခဲ့ပါသည်။ သို့ရာတွင် ရွှေတြိဂံဒေသသည် မူးယစ်ဆေးဝါး ထွက်ရှိရာအဓိကဒေသနှင့် မူးယစ်ဆေးဝါးကြောင့် ငွေကြေးအမြောက်အများရရှိနေသောနေရာအဖြစ်မှ ပြောင်းလဲမှုမရှိသေးသည်မှာ သံသယဖြစ်ဖွယ် ဖြစ်ပါသည်။

အချိန်များပြောင်းလဲခဲ့သလို မူးယစ်ရာဇာအသစ်များလည်းပေါ်ထွက်လာခဲ့ပါသည်။ မူးယစ်ရာဇာ ဟောင်းများနှင့် အစွယ်အပွားများသည်လည်း ယခင်ကထက်ပိုမိုအင်အားကောင်းလာခဲ့ပါသည်။ နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီအရေးအတွက်အကြောင်းပြကာ တိုက်ပွဲ ၀င်သူများသည် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြပါသည်။ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူများဖြစ်သည့် “ဝ” တပ်ဖွဲ့၊ SSA ၊ MNDAA ၊ NDAA နှင့် KIA တို့သည်လည်း ၎င်းတို့အတွက်လက်နက်များဝယ်ယူရန်နှင့် ၎င်းတို့၏ခေါင်းဆောင်များ အကျိုးစီးပွား အတွက် မူးယစ်ဆေးဝါးလုပ်ငန်းများကိုလုပ်ကိုင်ကာ ငွေကြေးအမြောက်အများရရှိနေကြပါသည်။ မြန်မာနိုင်ငံရှိသောင်းကျန်းသူမျိုးစုံတို့သည်လည်း ထိုလုပ်ငန်းများတွင်ပါဝင်ပတ်သက်လျက်ရှိနေကြ ပါသည်။ လွတ်လပ်ရေးအတွက် သို့မဟုတ် ဒီမိုကရေစီရေးအတွက် သို့မဟုတ် ဒေသဆိုင်ရာလွတ်လပ်ခွင့် အတွက်ဟုဆိုကာအကြောင်းအမျိုးမျိုးပြတိုက်ခိုက်နေသူအားလုံးသည်လည်း ၎င်းတို့အတွက်လိုအပ်သော ငွေကြေးအမြောက်အများကို ရှာဖွေရန်အလွယ်ကူဆုံးနည်းလမ်းဖြစ်ခြင်းနှင့် ၎င်းတို့ခေါင်းဆောင်များ ချမ်းသာကြွယ်ဝရေးအတွက် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြပါသည်။

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အာဏာရယူပြီးနောက် နိုင်ငံတကာမျက်နှာစာနှင့် ပြည်တွင်းမျက်နှာစာများတွင် အဓိကအောင်မြင်မှုအဖြစ် လက်နက်ကိုင် အဖွဲ့ အစည်းများစွာနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများရရှိခဲ့ခြင်းဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ခန့်အကြာ တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည်ထိရောက်မှုမရှိတော့ဘဲ သောင်းကျန်းသူအဖွဲ့ အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို ၎င်းတို့၏တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများတွင် အကာအကွယ်ပေးရေးအတွက် အသုံးချခဲ့ကြပါသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူပြီး နှစ်ပေါင်း ၂၀ ခန့်အကြာတွင် လက်နက်ကိုင် သောင်းကျန်းသူများနှင့် ၎င်းတို့၏ခေါင်းဆောင်များအနေဖြင့်အနေဖြင့် ငွေကြေးနှင့် ပစ္စည်းဥစ္စာများ အတော်အတန်ပိုင်ဆိုင်ခဲ့ကြရပါသည်။ တရားဝင်လုပ်ငန်းများဖြစ်သော ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်း များမှတစ်ဆင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သဖြင့် လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် ယခင်ထက်ပိုမိုချမ်းသာလာခဲ့ကြပါသည်။ သောင်းကျန်းသူ ခေါင်းဆောင် များသည် ၎င်းတို့၏နေရာနှင့်ပိုင်ဆိုင်မှုများကိုမစွန့်လွှတ်နိုင်သဖြင့် အစိုးရက ကမ်းလှမ်းသော ဒီမိုကရေစီ နည်းလမ်းအရရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နိုင်ငံရေးတွင်ပါဝင် မှုရှိခြင်းဖြစ်ပါသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံဒေသသည် ယနေ့ ၂၁ ရာစုထိတိုင်အောင် ကမ္ဘာ့ပေါ် တွင်မူးယစ်ဆေးဝါးအများဆုံးထွက်ရှိရာဒေသဖြစ်နေပြီး နာမည်ဆိုးကိုဆက်လက်ထိန်းသိမ်းထားပါသည်။ ထိုဒေသအတွင်းတွင် အားကောင်းသောနိုင်ငံရေးသမားများနှင့် စစ်ရေးအရ ပဋိပက္ခများမရှိခြင်းတို့ ကြောင့်လည်း ထိုဒေသအတွင်းမူးယစ်ဆေးဝါးရောင်းဝယ်မှုများကို သတိမပြုမိခဲ့ကြခြင်းဖြစ်ပါသည်။ ဒေသတွင်း မီဒီယာလွတ်လပ်ခွင့်အများအပြားရှိသော ထိုင်းနိုင်ငံမှ မီဒီယာများသည်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ရံဖန်ရံခါမျှပင် ဖော်ပြခြင်းမရှိသည်မှာ နောက်ကွယ်မှ မူးယစ်ရာဇာများ၏ အင်အား ကောင်းမှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။

ဒေသတွင်းနာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ရာဇာ စိုင်းနော်ခမ်းကို လာအိုနိုင်ငံက ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ခြင်းသည် ဒေသတွင်းမူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ကွန်ရက်များကို မီးမောင်းထိုးပြမှုအသစ်တစ်ခုဖြစ်ခဲ့ပါသည်။ တရုတ်အာဏာပိုင်များကထုတ်ပြန်ခဲ့သော ကြိုတင်ထုတ်ပြန်ချက်များအရ “ဝ” တပ်ဖွဲ့၊ SSA၊ KIA တို့သည် သီးခြားအနေဖြင့်သော်လည်းကောင်း ကျယ်ပြန့်ရှုပ်ထွေးလှသည့် မူးယစ်ဆေးဝါးကွန်ရက်များတွင်လည်းကောင်း ပါဝင်လျက်ရှိကြောင်း ဖော်ပြခဲ့ ပါသည်။

မူးယစ်ရာဇာများအနက်မှ အချို့သည် ချမ်းသာကြွယ်ဝမှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြား လာခြင်းမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်မှုများကြောင့်လည်း ကျော်ကြားလာခဲ့ပါသည်။ ကမ္ဘာ့ပေါ်တွင် ဘိန်းဘုရင်အဖြစ်နာမည်အကြီးဆုံးဖြစ်ခဲ့သူမှာ ခွန်ဆာဖြစ်ပြီး မြန်မာအစိုးရထံလက်နက်အပ်နှံခဲ့ပြီး မသေဆုံးမီအချိန်အထိ ဆယ်စုနှစ်အတော်ကြာ အမေရိကန်ပြည်ထောင်စုမှအလိုအရှိဆုံး မူးယစ်ရာဇာ တစ်ဦးဖြစ်ခဲ့ပါသည်။ ခွန်ဆာဦးဆောင်သော SUA နှင့် ရွက်ဆစ်(လက်ရှိSSA တောင်ပိုင်းခေါင်းဆောင်) ဦးဆောင်သော SURA တို့ပူးပေါင်းပြီး ၁၉၈၅ ခုနှစ် အေပြီလတွင် MTA ကိုဖွဲ့စည်းခဲ့ပါသည်။ တစ်ချိန်က အင်အားကောင်းခဲ့သော MTA အကြွင်းအကျန်များသည် ဆက်လက်ရှင်သန်ရန်နှင့် အကျိုးအမြတ်များရရှိစေရန်အတွက် မူးယစ်ဆေးဝါးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လာခဲ့ကြပါသည်။ နောက်ပိုင်းတွင် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းမပြုရသေးသော ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ゞင်းတို့ကျင်လည်ရာ ကျေးလက်ဒေသများတွင် မင်းမူလာခဲ့ကြပါသည်။ ခွန်ဆာ၏ MTA လက်ကျန် များထဲမှ ခေါင်းဆောင်နေရာကို ရယူနိုင်သူ ၂ ဦးပေါ်ထွက်လာခဲ့ကြပါသည်။

တစ်ဦးမှာ ၎င်းကိုယ်၎င်း ဒုတိယဗိုလ်ချုပ်ကြီးရာထူးရယူထားကာ အင်အားအနည်းငယ်သာ ရှိသည့် ရှမ်းလူမျိုးကြေးစားစစ်သားများကိုအုပ်ချုပ်နေသည့် ရွက်ဆစ်ဖြစ်ပါသည်။ ၎င်းတို့သည် ရှမ်းပြည်နယ် ဒီမိုကရေစီအရေးနှင့် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူဆိုသည့် မျက်နှာဖုံးကိုအသုံးပြုထားပါသည်။ ရွက်ဆစ်အား ရှမ်းပြည်နယ်ဒီမိုကရေစီအရေးနှင့် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူအဖြစ် ပုံဖော်ပေး ခဲ့ပြီး မူးယစ်ဆေးဝါးကိစ္စရပ်များကို မသိကျိုးကျွန်ပြုခဲ့သော နိုင်ငံတကာမှမီဒီယာများကိုလည်း ကျေးဇူးတင်ရှိပါသည်။

စိုင်းနော်ခမ်း 

နောက်တစ်ဦးမှာ စိုင်းနော်ခမ်းဖြစ်ပါသည်။ စိုင်းနော်ခမ်းသည် အစိုးရထံလက်နက်ချပြီးနောက် ဩဇာညောင်းသောပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သော်လည်း မကြာမီ မျက်နှာဖုံးကွာကျခဲ့ပါသည်။ ၎င်း၏ပြည်သူ့စစ်တပ်ဖွဲ့သည် ခွန်ဆာပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်သည့်လုပ်ငန်းများ အများအပြားလုပ်ကိုင်ခဲ့ပြီး ပြည်သူ့စစ်လုပ်ငန်းများကို အကြောင်းပြကာ မူးယစ်ဆေးဝါးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့သဖြင့် အရှေ့တောင်အာရှနိုင်ငံအများအပြား ကအလိုရှိသော မူးယစ်ရာဇာတစ်ဦးဖြစ်ခဲ့ပါသည်။ ၎င်းသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းဖြင့်သာ ချမ်းသာကြွယ်ဝလာသည်မဟုတ်ဘဲ ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ပါ သည်။ ၎င်းကျင်လည်ရာဒေသသည် ရွှေတြိဂံဟုနာမည်ဆိုးဖြင့်ကျော်ကြားသောဒေသအတွင်းရှိ မဟာမဲခေါင်မြစ် အလယ်ရှိ The Island ဟုခေါ်သောနေရာဖြစ်ပါသည်။ ၎င်း၏တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုများမှ အခကြေးငွေများရယူခြင်း၊ မဲခေါင်ဒေသအတွင်းမှ ဖြတ်သန်းသွားသည့် မူးယစ်ဆေးဝါးများအပေါ် အခွန်ကောက်ခံခြင်းများကိုလုပ်ဆောင်ခဲ့ကြပါသည်။

မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများကို လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရရှိခဲ့ကြပါသည်။ ကဖိန်းမှုန့်အများအပြားကို လာအိုနိုင်ငံမှ မှောင်ခိုတင်သွင်းပြီး အရောင်တင်ဆေး၊ အနံနှင့် ထုတ်ပိုးမှုတို့အတွက်လိုအပ်သော ပစ္စည်းများကို ထိုင်းနိုင်ငံမှလည်းကောင်း၊ အခြားလိုအပ်သော ဓာတုပစ္စည်းများကို တရုတ်နိုင်ငံတို့မှလည်းကောင်း ဝယ်ယူရရှိခဲ့ကြပါသည်။ ဆေးပြားများအဖြစ်ထုတ်လုပ်ပြီးပါက တစ်လလျှင် တစ်ကြိမ်မှ သုံးကြိမ်ခန့်အထိ မဲခေါင်မြစ်ကြောင်း တစ်လျှောက် သယ်ယူပို့ဆောင်ပြီး တစ်ကြိမ်ပို့ဆောင်လျှင် ဆေးပြား ၂ သန်းမှ ၃ သန်းအထိ ပါရှိပါသည်။

တရုတ်နိုင်ငံသား ၂ ဦးဖြစ်သော အားမင် (Ar Ming) နှင့် ကျန်းဝေ (Jin Wei) တို့သည် “ဝ” တပ်ဖွဲ့မှ ဝေဆူးကျန် (Wei Hsueh-Kang) နှင့်အတူ “ဝ”တပ်ဖွဲ့အားကိုးဖြင့် စိုင်းနော်ခမ်းအား အခွန်အကောက်မပေးဘဲ ဆွတ်ပလွေဆိပ်ကမ်းမှ မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးဝါးများကို ၎င်းတို့ ပိုင်ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခဲ့ရာ စိုင်းနော်ခမ်း၊ အမန်နှင့် ကျွိုင်းကွီ တို့ပိုင်ဆိုင်သော သင်္ဘော ပေါ်တွင်အလုပ်လုပ်သည့် ရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်ခြင်းခံခဲ့ရကာ မူးယစ်ဆေးဝါးရောင်းဝယ်သူ များအဖြစ် သံသယဖြစ်ခြင်းခံခဲ့ရပါသည်။

စိုင်းနော်ခမ်း၏တပ်ဖွဲ့သည် MTA နှင့် SSA တို့မှ အကြွင်းအကျန်များဖြင့်ဖွဲ့စည်းထားပြီး စိုင်းနော်ခမ်းကိုယ်တိုင်သည်လည်း SSA ခေါင်းဆောင် ရွက်ဆစ်နှင့်ရင်းနှီးသူတစ်ဦးဖြစ်ကာ ရွက်ဆစ်အား အစ်ကိုကြီး ဟုခေါ်ပါသည်။

ရှမ်းပြည်တပ်မတော် SSA 

ခွန်ဆာ၏ MTA တပ်ဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် မြန်မာ့တပ်မတော်ထံသို့လက်နက်ချခဲ့ ပါသည်။ ထိုအချိန်က ရွက်ဆစ်သည် MTA တွင် ခေါင်းဆောင်ငယ်တစ်ဦးသာဖြစ်ခဲ့ပြီး MTA စခန်းမှ မူးယစ်ဆေးဝါးအများအပြားနှင့် ဘိန်းချက်လုပ်သည့်ပစ္စည်းကိရိယာများကို ယူဆောင်ကာ ထွက်ပြေးသွား ခဲ့ပါသည်။ ထို့နောက် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းမပြုရသေးသော ထိုင်း-မြန်မာနယ်စပ်တွင် ဘိန်းထုတ်လုပ်မှုလုပ်ငန်းများကိုစတင်လုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိလုပ်ဆောင်ဆဲဖြစ်ပါသည်။ ထိုလုပ်ငန်းများမှ ငွေကြေးအမြောက်အများရရှိကာ ကြေးစားစစ်သားများဖြင့် လူသူလက်နက် အင်အား တောင့်တင်းလာခဲ့ပါသည်။ ထို့အပြင် ၎င်းကိုယ်၎င်း SSA ၏ခေါင်းဆောင်အဖြစ်ကြွေးကြော်ပြီး SSA သည် ရှမ်းပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသည်ဟုဆိုကာ နိုင်ငံရေးအရေ ခြုံထားပါသည်။ ရွက်ဆစ်၏ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများကို မသိကျိုးကျွန်ပြုကာ ရှမ်းပြည်နယ် ဒီမိုကရက်တစ်တစ်ဦးအနေဖြင့်လည်းကောင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူအဖြစ်လည်းကောင်း ပုံဖော်ပေးခဲ့ကြသော နိုင်ငံခြားတိုင်းပြည်များ၏ မူဝါဒများကို ကျေးဇူးတင်ပါသည်။ ရွက်ဆစ်အနေဖြင့်လည်း ၎င်းအား ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူအဖြစ်ပုံဖော်ပေးပြီး မူးယစ်ဆေးဝါးကိစ္စရပ်များတွင် ၎င်း၏ပါဝင်ပတ်သက်မှုများကို ကွယ်ဝှက်ထားပေးသောနိုင်ငံတကာမှ မီဒီယာများအပေါ် ကျေးဇူးကြွေး ရှိနေပါသည်။ မူယစ်ဆေးဝါးကိစ္စရပ်များသာမက ရွာတစ်ရွာလျှင် မိန်းမတစ်ယောက်ထားသည့် ၎င်း၏ ကျော်ကြားလှသည့်စရိုက်နှင့် စုစုပေါင်း မယား ၁၃၈ ယောက်ရှိသည်ဆိုသော ကိစ္စရပ်များကိုလည်း မသိယောက်ဆောင်နေခဲ့ကြပါသည်။

SSA အနေဖြင့် ၎င်းတို့ဘိန်းစိုက်ပျိုးရာဒေသအနီးရှိရွာများမှ ရွာသားများကို ဘိန်းစိုက်ပျိုးခိုင်း ပြီး ဘိန်းထွက်သည့်ရာသီတွင် ရွာသားများကို ငွေကြေးအမြောက်အများပေးကာ ဘိန်းခြစ်ခိုင်းပါသည်။ စုဆောင်းရရှိသော ဘိန်းကြမ်းများကို ၎င်းတို့၏စခန်းများတွင် ဘိန်းအဖြစ်ချက်လုပ်သကဲ့သို့ “ဝ” ဘိန်းချက်စခန်းများသို့လည်းရောင်းချပါသည်။ ရှမ်းပြည်နယ်မှ စုဆောင်းရရှိသောဘိန်းများကို SSA ရွက်ဆစ်အဖွဲ့များက မုံရှမ်း-မုံးပြင်-နောင်ချို-တုံတာ-နားပုံ-မုံးညမ်း လမ်းကြောင်းတစ်လျှောက် “ဝ” ဘိန်းချက်စခန်းများသို့ရောက်အောင် ပို့ဆောင်ပေးပါသည်။ ဘိန်းချက်ရာတွင်အသုံးပြုသော မီသာအဖက်တမင်းနှင့် အက်ဖက်တမင်းတို့ကိုလည်း ထိုလမ်းကြောင်းအတိုင်းပြန်လည်သယ်ဆောင်ပြီး မုံးပါရပ် တွင်တစ်ထောက်နားကာ မဲခေါင်မြစ်ဝှမ်းဒေသသို့ ပြန်လည်ပို့ဆောင်ပေးပါသည်။ SSA နှင့် “ဝ” တပ်ဖွဲ့တို့အကြား မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ကုန်ကြမ်းယူကုန်ချောပေးစနစ်ဖြစ်ပါသည်။

၂၀ဝ၅ ခုနှစ်အတွင်းတွင် ထိုင်းရဲတပ်ဖွဲ့က SSA မှ ဗိုလ်အဆင့်ရှိသူတစ်ဦးကို ဘိန်းဖြူ အထုပ်ပေါင်း ၁၄၇ ထုပ် စုစုပေါင်းဘိန်းဖြူ ၈၂ ကီလိုဂရမ်နှင့်အတူ မယ်ဟောင်ဆောင်အနီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။ ထိုဖြစ်စဉ်သည် ရွက်ဆစ်နှင့် ဆက်နွယ်မှုရှိမည်ဟုလည်း သံသယရှိခဲ့ကြပါသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် 

၁၉၈၉ ခုနှစ်၊ အေပြီလ ၁၇ ရက်နေ့တွင် “ဝ” လူမျိုးများ အုပ်စုကွဲခဲ့ပြီး ချိုင်ငိုင်လိုင် နှင့် ဗိုယူဟိုင် တို့ကဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီရုံးချုပ်ကို သိမ်းပိုက်ပြီး “ဝ” တပ်မတော်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ အသွင်ပြောင်လာသော “ဝ” တပ်မတော်သည် ၂၀ဝ၅ ခုနှစ်တွင် “ဝ” ဒေသအတွင်း မူးယစ်ဆေးဝါးကင်းမဲ့ဇုန်အဖြစ်ကြေညာခဲ့ပါသည်။ ထိုကြေညာချက်နှင့်ဆန့်ကျင်၍ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လျှို့ဝှက်စွာနှင့် မသိမသာ လုပ်ဆောင်ခဲ့ ကြပါသည်။ ၂၀ဝ၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အမေရိကန်အစိုးရက “ဝ”တပ်ဖွဲ့အား မူးယစ်ဆေးဝါးတိုက်ဖျက်သောအဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးခဲ့ပါသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကိုအကြောင်းပြ၍ ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို သိုသိပ်စွာလုပ်ဆောင်ခဲ့ ကြပါသည်။ “ဝ” တပ်ဖွဲ့သည် ရှမ်းပြည်နယ်အတွင်း နေရာအနှံ့အပြားမှ ဘိန်းများကို ဝယ်ယူခဲ့ပြီး ကျိုင်းတောင်းနှင့် မော်ဖတို့တွင် ဘိန်းစုဆောင်းရာနေရာအဖြစ်သတ်မှတ်ပြီး ဘိန်းထုတ်လုပ်မှုနှင့် အကြီးစားစက်ရုံများကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းလုပ်ဆောင်ကြပါသည်။ ဘိန်းဖြူထုတ်လုပ်မှု နှင့်အတူ အက်ဖတမင်းဆေးပြားများကိုလည်း စံချိန်တင်ထုတ်လုပ်လျက်ရှိပါသည်။ ဘိန်းဖြူထုတ်လုပ်မှု အခွင့်အာဏာသည် ဘဏ္ဍာရေးဌာနတာဝန်ခံ ဗိုယူလိုင် နှင့် မန်နေဂျာဖြစ်သူ စက်ရုံတာဝန်ခံ ကျိုင်ကျင်းရှုံ တို့တွင်သာရှိပါသည်။ မုံးပေါ် စက်ရုံမှ နှစ်စဉ်ပျမ်းမျှ ဘိန်းဖြူ ၂ မက်ထရစ်တန်ခန့်ထုတ်လုပ်လျှက်ရှိ ပါသည်။ အခြားစက်ရုံ ၂ ခုကိုလည်း နမ့်တစ်တွင်တည်ဆောက်ထားပါသည်။ အဖက်တမင်းဆေးပြား ထုတ်လုပ်ခွင့်ကို ဗိုရိုလှိုင် ကခွင့်ပြုပေးပြီး ဒုတပ်မှူးများဖြစ်သော အိုက်လန် နှင့် ဇိုဇောင်ဒန်း၊ တပ်မဟာ (၄၆၈)မှူး လီအိုက်ရှု၊ ဗိုယူဟန်၏ ဒုတိယမြောက်သမီးဖြစ်သူ တို့ကိုတာဝန်ယူစေပါသည်။

“ဝ” တပ်ဖွဲ့မှ ထုတ်လုပ်သော အဖက်တမင်းဆေးပြားများ၏တံဆိပ်မှာ Y1 ဖြစ်ပြီး ဒေသတွင်း နှင့် တစ်ကမ္ဘာလုံးတွင် နာမည်ကြီးပါသည်။ ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကို နမ့်တစ်-မိုင်းမော-မိုင်းလား လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ မှောင်ခိုရောင်းချပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှ တစ်ဆင့် အခြားသောကမ္ဘာ့နိုင်ငံများသို့ ရောင်းချပါသည်။ အချို့ကို မဲခေါင်မြစ်ဖြတ်၍ ပို့ဆောင်ပြီး လာအို နိုင်ငံအတွင်းရှိ လျှို့ဝှက်နေရာများတွင် ထိန်းသိမ်းထားကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အခြားသောကမ္ဘာ့နိုင်ငံများသို့ ပို့ဆောင်ရောင်းချပါသည်။ ထိုလျှို့ဝှက်လုပ်ငန်းများကို ကူညီလုပ်ဆောင် ပေးရန်အတွက် လက်ထောက်အဖြစ် ဝေဆူးကျန် ၏ သားဖြစ်သူ လိုင်ဆန် အားခန့်အပ်ထားပါသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှငွေကြေးအမြောက်အများရရှိသဖြင့် “ဝ” တပ်ဖွဲ့ သည် ရဟတ်ယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများကို ပါကစ္စတန်အနောက်ပိုင်းမှ မှောင်ခိုတင်သွင်းခြင်း၊ လက်နက်ငယ်ထုတ်လုပ်ရောင်းချသည့်စက်ရုံးများမှ မှောင်ခိုဝယ်ယူခြင်းတို့ဖြင့် ပိုင်ဆိုင်ထားပါသည်။ မကြာသေးမီကတွေ့ခဲ့ရသော ဓာတ်ပုံမှတ်တမ်းများအရ “ဝ” တပ်ဖွဲ့တွင် သံချပ်ကာကားများပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၂ ခုနှစ်၊ အေပြီလ အတွင်းက ခေတ်မီစစ်လက်နက်ပစ္စည်းများအပြည့်သယ်ဆောင်လာသော ကွန်တိန်နာပေါင်း ၁၀ဝ ကျော် ကို မဲခေါင်မြစ်တစ်လျှောက် သယ်ဆောင်လာပြီး စွတ်ပလွေ ဆိပ်ကမ်းမှတစ်ဆင့် “ဝ” တပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ၁၂ ဘီးယာဉ်ကြီးများဖြင့် သယ်ဆောင်သွားခဲ့ပါသည်။ ထိုသယ်ယူမှုများတွင် ပုခုံးထမ်း လေကြောင်းရန်ကာကွယ်ရေးလက်နက်များလည်းပါရှိကြောင်းကို မဲခေါင်မြစ်ကမ်းတစ်လျှောက်ရှိ သတင်း အရင်းအမြစ်များမှ သိရှိခဲ့ရပါသည်။

ဗိုယူဟိုင်း နှင့် အခြားသော “ဝ” တပ်ဖွဲ့ခေါင်းဆောင် ၂၁ ဦးတို့သည် အမေရိကန် DEA ၏ အလိုရှိသူများစာရင်းတွင်ပါဝင်နေပါသည်။ ထိုအချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒကို ပြန်လည်ဆန်းသစ်လာစေခြင်းဖြစ်ပါသည်။

မိုင်းလား တပ်ဖွဲ့

မိုင်းလား တပ်ဖွဲ့ခေါင်းဆောင်မှာ စိုင်းလျန် ဖြစ်ပြီး ရွှေတြိဂံဒေသ လာအိုနိုင်ငံအတွင်းရှိ King Romanson ကာစီနိုလောင်းကစားရုံပိုင်ရှင်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သော တရုတ်နိုင်ငံသား ကျန်းဝေ နှင့်စီးပွားရေး ပူးပေါင်းလုပ်ဆောင်သူတစ်ဦးဖြစ်ပါသည်။ မကြာခဏဆိုသလို ကျန်းဝေ ပိုင်သော သင်္ဘောများကို စွတ်ပုလွေ ကုန်တင်ကုန်ချဆိပ်ကမ်းတွင် မကြာခဏတွေ့ရပါသည်။ ကုန်တင်ကုန်ချ ပြီးချိန်တွင် မူးယစ်ဆေးဝါးများကိုသင်္ဘောကိုယ်ထည်များအတွင်း ကျွမ်းကျင်စွာဖုံးကွယ်ထည့်သွင်းကြ ပါသည်။ ညအချိန်တွင် အမှောင်ထုကိုအကာအကွယ်ယူ၍ မိုင်းမောဆိပ်ကမ်းသို့ရောက်အောင် သယ်ဆောင်သွားကြပါသည်။ ထိုဆိပ်ကမ်းမှတစ်ဆင့် မူးယစ်ဆေးဝါးများကို ကုန်တင်ကားများဖြင့် သယ်ဆောင်ကာ လောင်းကစားရုံသို့သယ်ဆောင်ကြပါသည်။

စိုင်းလင်းအနေဖြင့် “ဝ” နယ်မြေအတွင်းမှထုတ်လုပ်တင်ပို့သည့် မူးယစ်ဆေးဝါးများမှ အကောက်အခွန်များစွာရရှိနေပါသည်။ ထို့ကြောင့် စွတ်ပုလွေ ဆိပ်ကမ်းသည် “ဝ” တပ်ဖွဲ့နှင့် စိုင်းလင်း၏ မိုင်းလား တပ်ဖွဲ့တို့အတွက် မူးယစ်ဆေးဝါးများသယ်ဆောင်ဖြန့်ဖြူးရာ အသက်သွေးကြောဖြစ်လာ ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း KIO

KIO သည်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်ငန်းများတွင် ယုံနိုင်စရာမရှိလောက်အောင် ပါဝင်ပတ်သက်နေပါသည်။ ခေတ်ပညာတတ် နှစ်ခြင်းခရစ်ယာန်ဘာသာဝင် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများ ဆိုသည်နှင့် ဆန့်ကျင်၍ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် များစွာ ပါဝင်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း၊ အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံများသို့ မူးယစ်ဆေးဝါး များဖြန့်ဖြူးလျက်ရှိပါသည်။ မန္တလေးနှင့် မြစ်ကြီးနား မြို့ကြီးများသည် KIO အဖွဲ့ကလက်ဝါးကြီးအုပ် ထားသော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချရာ ဈေးကွက်များဖြစ်ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းမှရရှိသော ငွေကြေးများကို ယူနန်ပြည်နယ်နှင့် တရုတ်ပြည်မကြီးအတွင်းရှိ တရားဝင်စီးပွားရေး လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံကြပါသည်။ KIO ခေါင်းဆောင်များသည် ထိုဒေသများမှ အာဏာပိုင်များနှင့် ရင်းနှီးမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင် ခဲ့ကြပါသည်။ Yingcheng ရှိ Yin Muang ဟိုတယ်သည် KIO ဌာနချုပ်ပိုင်ဟိုတယ်ဖြစ်ပါသည်။ အလားတူ Chengguanzhen ရှိ 123 ဟိုတယ်သည်လည်း KIO ဥက္ကဋ္ဌ ဇောင်ဟရား ပိုင်ဟိုတယ်ဖြစ် ပါသည်။ ကူမင်း၊ ကွမ်ကျိုး နှင့် ယန်ကျန်း မြို့များရှိ Shin Lee ကျောက်စိမ်းကုမ္ပဏီများသည်လည်း KIO မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အင်ဘန်လ ပိုင်ဆိုင်ပါသည်။ Ruili ရှိ Jing Cheng ဟိုတယ်နှင့် Spa ကိုလည်း ဗိုလ်ချုပ် ဂွမ်မော် ပိုင်ဆိုင်ပါသည်။ Chengguanzhen ရှိ Jing Cheng ဟိုတယ်ပိုင် ဂေါက်ကွင်း သည်လည်း KIO ၏ မူးယစ်ဆေးဝါးလုပ်ငန်းများမှရရှိသော ငွေများကိုပြန်လည်မြှုပ်နှံ ထားခြင်းဖြစ်ပါသည်။ ထိုပိုင်ဆိုင်မှုများသည် သိမြင်လွယ်သည့်အကြောင်းအရာများသာဖြစ်ပါသည်။

မူးယစ်ဆေးဝါးမှရရှိသော ငွေကြေးများမည်မျှများပြားသည်ကို နောက်ကြောင်းခြေရာခံလိုက်၍မရနိုင်ဘဲ ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် အထောက်အထားများလည်းလက်ရှိကာလတွင်မရှိပေ။ ထိုဟိုတယ်များ၊ Spa နှင့် ဂေါက်ကွင်းများသည်လည်း မူးယစ်ဆေးဝါးများ လျှို့ဝှက်သိမ်းဆည်းရာ အဓိကနေရာများနှင့် ဖြန့်ဖြူးရာနေရာများလည်းဖြစ်လာပါသည်။

“ဝ” တပ်ဖွဲ့သည် ၂၀၁၂ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါးလုပ်ငန်းများမှတစ်ဆင့် လက်နက် ရောင်းဝယ်မှုလုပ်ငန်းများကိုပါ တိုးချဲ့၍ လျှို့ဝှက်စွာလုပ်ဆောင်လာခဲ့ပါသည်။ လက်ရှိကာလတွင် “ဝ” တပ်ဖွဲ့သည် မြောက်ကိုရီးယားနှင့် လက်နက်ရောင်ဝယ်မှုလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရှိရ ပါသည်။ မူးယစ်ဆေးဝါးများကိုလည်း မြောက်ကိုရီးယားသို့ ကွန်တိန်နာများဖြင့် သယ်ဆောင်ပြီး အပြန်တွင် မြောက်ကိုရီးယားနိုင်ငံလုပ် လက်နက်များကို ကွန်တိန်နာများဖြင့် အပြည့်သယ်ဆောင်လာ သည်ဟု မြောက်ကိုရီးယားသတင်းအရင်းအမြစ်များအရ သိရှိရပါသည်။ မြောက်ကိုရီးယားလုပ် လက်နက်များသယ်ဆောင်လာသော ကွန်တိန်နာများသည် မာလက်ကာရေလက်ကြားကို ဖြတ်သန်း၍ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့ကို ရှောင်ရှားကာ သွားလာကြပါသည်။ မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်မှုများတွင် ကြားပွဲစားများအဖြစ်ပါဝင်သူများမှာ ထိုင်းနိုင်ငံသားများဖြစ်ပါသည်။ အရှေ့တောင်အာရှ၏ ခေတ်သစ်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် လက်နက်ကိုင်သောင်းကျန်းသူများ ဖြစ်သည့် ခမာသောင်းကျန်းသူ၊ ခွန်ဆာ၏ MTA လော်စစ်ဟန်၏ ကိုးကန့်တပ်ဖွဲ့၊ KIA ၊ KNU ၊ မွန်သောင်းကျန်းသူနှင့် အခြားသောသောင်းကျန်းသူများအတွက် လက်နက်မှောင်ခို ရောင်းဝယ်ရာ ဒေသမှာ ထိုင်းနိုင်ငံဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် လက်နက်ရောင်းဝယ်မှုတွင် အဓိကနေရာမှ ပါဝင်နေသဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ အစိုးရအဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို အံ့အားသင့် စေသောအချက်တစ်ချက်မှာ ချင်းရိုင်ဒေသတွင် မွတ်စလင်သောင်းကျန်းသူများ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတောင်ပိုင် ကမ်းရိုးတန်းဒေသများနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းဒေသများမှ မွတ်စလင်များသည် အာဖဂန်နစ္စတန်ရှိ Pashtos များမှ ဆင်သက်လာခြင်းဖြစ်ပါသည်။ ဒေသတွင်းတွင် ၎င်းတို့သည် ရိုင်းစိုင်းသူများ၊ ရန်လိုသူများဟု သတ်မှတ်ထားပါသည်။ အာဖဂန်နစ္စတန်တွင် စစ်ပွဲစတင် ဖြစ်ပွားချိန်တွင် Pashtos လူမျိုးများသည် အက်ဒမန်ပင်လယ်လမ်းကြောင်းနှင့် Mergui ရှိ ဝေးလံခေါင်းပါးသည့်ကျွန်းစုများကို အသုံးချကာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့မှ လူများကို လူကုန်ကူးခြင်းများလုပ်ဆောင်ခဲ့ကြပါသည်။ ထိုဒေသများမှလူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ စစ်တကောင်းနှင့် ကော့ဘဇားခရိုင်တို့မှစတင်ကာ လူကုန်ကူးမှုများကိုလုပ်ဆောင်ကြပါသည်။ ၎င်းတို့၏ တစ်ထောက်နားရပ်မှာ Mergui ရှိကျွန်းများနှင့် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းတို့ဖြစ်ပြီး ထိုမှတစ်ဆင့် ဩတြေးလျသို့ ဆက်လက်သွားရောက်ကြပါသည်။ လူကုန်ကူးခြင်း၊ လက်နက်မှောင်ခိုရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းတို့မှ ငွေကြေးများရရှိလာသော မွတ်စလင်များသည် ၎င်းတို့၏ အခြေခံ လှုပ်ရှားနယ်မြေအဖြစ် ဘန်ကောက်သို့ပြောင်းရွှေ့လာပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းရိုင်သို့ ထပ်မ့ရွှေ့ပြောင်းခဲ့ကြပါသည်။ ထိုင်းနိုင်ငံမှတာဝန်ရှိသူများသည်လည်း အရှေ့တောင်အာရှ တွင် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးတရားမဝင်ရောင်ဝယ်မှုတို့လုပ်ဆောင် နေသော မွတ်စလင်များကို ဖမ်းဆီနိုင်မှုမရှိခြင်းနှင့် မသိကျိုးကျွံပြုမှုများကြောင့် မကြာခဏ စွပ်စွဲခြင်း ခံကြရပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ သတင်းအရင်းအမြစ်များက ၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံ များအရ ပြောကြားရာတွင် အိန္ဒိယ သို့မဟုတ် မွတ်စလင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များကိုတွေ့ရသည်မှာ အထူးအဆန်းမဟုတ်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် တွင်လှုပ်ရှားနေသော အဖွဲ့များကို လွန်ခဲ့သောနှစ်ကအထိ မမြင်ဖူးမကြားဖူးကြောင်း ပြောဆိုခဲ့ပါသည်။

ရှမ်းလူမျိုး မူးယစ်ရာဇာ စိုင်းနော်ခမ်းအားဖမ်းဆီးရမိခြင်းနှင့် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီတို့၏ ရှာဖွေတွေ့ရှိမှုများကြောင့် မြန်မာနိုင်ငံပြင်ပရှိ မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်သည့်လမ်းကြောင်း ၂ ခု ပေါ်ထွက်လာခဲ့ပါသည်။ ပထမတစ်ခုမှာ လာအိုနှင့် ထိုင်းနိုင်ငံ တို့မှ တစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ဖြစ်ပြီး ဒုတိယတစ်ခုမှာ အိန္ဒိယနိုင်ငံအနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှတစ်ဆင့် အရှေ့ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့သို့ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ အင်အားကောင်းသော အဓိကသောင်းကျန်းသူအဖွဲ့အစည်း ၄ ခုဖြစ်သည့် SSA ၊ “ဝ” တပ်ဖွဲ့၊ မိုင်းလားနှင့် KIO တို့သည် ပြည်ပမှအကူအညီများဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များကိုလုပ်ဆောင်ကာ များပြားလှသောငွေကြေးများရရှိပြီး ၎င်းတို့၏တပ်ဖွဲ့များအတွက် သို့မဟုတ် ပုဂ္ဂလိက အကျိုးစီးပွားအတွက် လုပ်ဆောင်လျက်ရှိကြပါသည်။ ထိုကဲ့သို့သော မတည်မငြိမ်ဖြစ်နေသည့် အခြေအနေသည် များမကြာမီအချိန်ကာလတွင် အမေရိကန်၊ အနောက်ဥရောပနှင့် အရှေ့အလယ်ပိုင်း တို့အတွက် အလွန်အရေးကြီးသော ပဋိပက္ခဖြစ်ပေါ်လာစေမည်ဖြစ်ပါသည်။

ကိုးကန့်တပ်ဖွဲ့

ယခင်နာမည်ကျော်ကြားသောကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့မှ ခွဲထွက်တိမ်းရှောင်ခဲ့သည့် အသက် ၈၄ နှစ်အရွယ် ကွန်မြူနစ်ဝါဒီ ဖုန်ကြားရှင်ခေါင်းဆောင်သောအဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး လောက်ကိုင်မြို့အားသိမ်းပိုက်ရန် တိုက်ခိုက်ခဲ့ပါသည်။ လေကြောင်း တိုက်ခိုက်မှု၊ အမြောက်ပစ်ခတ်မှု များအပါအဝင် လှံစွပ်ထိုးတိုက်ခိုက်မှုများဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး အစိုးရတပ်များကအရေးပါသော တောင်ကုန်းများကို ပြန်လည်သိမ်းပိုက်ရယူခြင်းများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံနယ်စပ်မှ မီတာ တစ်ထောင်ခန့်သာကွာဝေးသည့်နေရာများသို့တိုင် ရောက်ရှိခဲ့ပါသည်။

မြန်မာ့တပ်တော်နှင့် သောင်းကျန်းသူတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပမာဏအလွန်များပြားသောမူးယစ်ဆေးဝါးမျိုးစုံ သိမ်းဆည်းရမိခဲ့သဖြင့် လူအများအံ့အားသင့်ခဲ့ရ ပါသည်။ ကိုးကန့်သောင်းကျန်းသူများသည် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း အသိစိတ်ပျောက်၍ မဆင်မခြင်လုပ်ဆောင်မှု များပြုစေရန်အတွက် ဆေးကျွေးထားခြင်းခံရကြောင်း စစ်မြေပြင်ရောက် မြန်မာ တပ်မတော်တပ်မှူးများက သုံးသပ်ခဲ့ကြပါသည်။

တိုက်ခိုက်မှုများသည် ၂ လခန့်ကြာမြင့်လာခဲ့ပြီး တန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများ သိုလှောင်ထားသည်ဆိုသည့် ယုံကြည်နိုင်ဘွယ်မရှိသော သတင်းများထွက်ပေါ်လာ ပါသည်။ ပြင်းထန်စွာတိုက်ခိုက်မှုများနှင့် လှုပ်ရှားစစ်ကစားမှုများကြောင့် မိုင်းလားဒေသတွင် ကိုးကန့် သောင်းကျန်းသူများ(MNDAA) ၊ စိုင်းလင်းဦးဆောင်သော မိုင်းလားတပ်ဖွဲ့ ( NDAA) နှင့် “ဝ” တပ်ဖွဲ့တို့မှ ထုတ်လုပ်ထားသော ဘိန်းဖြူ၊ အဖက်တမင်း၊ မီသာအဖက်တမင်း၊ ရာဘ နှင့် Ice စသည့် တန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများပိတ်မိနေပါသည်။ “ဝ” တပ်ဖွဲ့အနေဖြင့် ထိုမူးယစ်ဆေးဝါး များကို မာကာအိုနှင့် ဟောင်ကောင်သို့ ပို့ရန်စီစဉ်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ထိုသောင်းကျန်းသူ အဖွဲ့များအနေဖြင့် တရုတ်နိုင်ငံ၊ ဟောင်ကောင်နှင့် မာကာအိုတို့တွင် လျှို့ဝှက်ငွေစာရင်းများစွာရှိပြီး မူးယစ်ဆေးဝါးမှရရှိသောငွေများကို ထိုငွေစာရင်းများဖြင့် သိမ်းဆည်းထားသည်ဟုလည်းသိရှိရပါသည်။ ၎င်းတို့အနေဖြင့် ငှားရမ်းထားသော ကြေးစားစစ်သားများအား အခကြေးငွေပေးရန်၊ တရုတ်နိုင်ငံ နယ်စပ်ရှိ နမ်ခမ်းဆေးရုံတွင် တက်ရောက်ကုသနေသော ကြေးစားစစ်သားများ၏ ဆေးကုသစရိတ်များ ပေးရန်အတွက် တန်ချိန်ထောင်နှင့်ချီရှိနေသော မူးယစ်ဆေးဝါးများကိုအရေးတကြီးရောင်းချရန် လိုအပ်လျက်ရှိသည်ဟု အထောက်အထားများအရ သိရှိရပါသည်။

ထိုတန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများကို ဖုန်ကျားရှင်၏သမက်ဖြစ်သူ ဦးစိုင်းလင်း နေထိုင်ရာ မိုင်းလားအထူးဒေသ-၄ နယ်မြေအတွင်းသိုလှောင်သိမ်းဆည်ထားခြင်းဖြစ်သည်ဟု သိရှိရ ပါသည်။ ထိုမူးယစ်ဆေးဝါးများကို ဖုန်ကျားရှင်၏ အစီအစဉ်ဖြင့် “ဝ” တပ်ဖွဲ့မှကူညီကာ ဖြန့်ခွဲသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမူးယစ်ဆေးဝါးများရောင်းဝယ်မှုမှရရှိမည့်ငွေများကိုလည်း လက်နက်များထပ်မံဝယ်ယူရန်နှင့် မေလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားလူနည်းစုများ အစည်းအဝေးကျင်းပရာတွင် အသုံးပြုရန်ရည်ရွယ်ထားကြောင်း ကိုလည်းသိရှိရပါသည်။

အကယ်၍သာ တန်ချိန်ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများအားလုံးသိမ်းဆည်းရမိမည် ဆိုပါက သမိုင်းတစ်လျှောက်အများဆုံးသော မူးယစ်ဆေးဝါးပမာဏဖြစ်ပေမည်။ မြန်မာနိုင်ငံအစိုးရနှင့် အတူ တရုတ်နိုင်ငံအစိုးရ၏ပူးပေါင်းပါဝင်မှု ကုလသမဂ္ဂဆိုင်ရာ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါသည်။

မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ထိုကိစ္စနှင့်ပတ်သက်၍ လွန်စွာစိတ်ဝင်စား လျက်ရှိပြီး အခြားနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ အစည်းများပူးပေါင်းပါဝင်ပါက ထိုမူးယစ်ဆေးဝါးများကိုလျှင်မြန်စွာ ဖမ်းဆီးရမိနိုင်မည်ဖြစ်ပါသည်။

Aung Kyaw Nyunt

0 comments:

Post a Comment