Monday, April 6, 2015

ယဉ်ကျေးသိမ်မွေ့သော ရခိုင်ရိုးရာသင်္ကြန်

 

မြန်မာပြည်ဖွား တိုင်းရင်းသားရခိုင်လူမျိုးတို့၏ သင်္ကြန်သည် မြန်မာသင်္ကြန်နှင့်မတူဘဲ ကွဲပြားခြား နားသည်။ ရခိုင်သင်္ကြန်သည် ယဉ်ကျေးသိမ်မွေ့ သဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ ရခိုင်သင်္ကြန်ပွဲတော် သို့ ရောက်ဖူးသူတို့က အထူးတလည် ချီးကျူးကြရ သည်။ ရခိုင်သင်္ကြန်၏ အစဉ်အလာမှာ အောက်ပါ အတိုင်းဖြစ်သည်။ သင်္ကြန်အကြိုနေ့တွင် ရပ်ကွက်အလိုက် လူကြီး လူငယ်တို့သည် စုရုံးကြကာ နံ့သာဖြူ၊ ကရမက် စသည်တို့ကို ကျောက်ပြင်ဖြင့် တစ်ညလုံးလိုလို သွေး ကြသည်။ လူပျိုတော်ကာလသားတို့က နံ့သာသွေး နေကြသူများကို တေးသီချင်းဆို သံချပ်ထိုးလျက် ကခုန်ဖျော်ဖြေနေကြသည်။

သင်္ကြန်အကျနေ့ နံနက်တွင် မိမိတို့ရပ်ကွက် အနီးအနားရှိ မိမိတို့ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့ သည့် ဘုန်းတော်ကြီးကျောင်းများသို့ စုရုံးရောက် သွားကြသည်။ ပဒေသာပင်များ၊ ဆွမ်းအုပ်များ၊ ညဥ့်ဦးကသွေးထားသော နံ့သာဖြူ၊ ကရမက် အမွှေး နံ့သာတို့ကို ယူဆောင်သွားကြသည်။ အဆို၊ အတီး၊ အကတို့ဖြင့် တပျော်တပါးသွားကြခြင်းဖြစ်သည်။ ကျောင်းသို့ရောက်လျှင် ဗုဒ်္ဓရုပ်ပွားတော်များကို ရောင်တော်ဖွင့်ပြီး ရေသပ်္ပာယ်ကြသည်။ ဥပုသ် သီတင်းဆောက်တည်ကြသည်။

သင်္ကြန်တွင်း၌ ရခိုင်လှပျိုဖြူများကို မဏ္ဍပ် အတွင်းတွင် ပိတောက်ပန်းပန်ဆင်လျက် တွေ့ကြရ သည်။ လွတ်လပ်စွာပြောဆိုခွင့်ရကြသည်။ ရခိုင် ပြည်နယ်အချို့အရပ်ဒေသများ၌ သင်္ကြန်ကျသည့် နေ့မှ တစ်လကိုးသီတင်း သင်္ကြန်ပြန်မတက်ဘဲ ရေ ကစားလေ့ရှိကြသည်။

ရခိုင်သင်္ကြန်၏ ရေပက်ကစားပုံမှာ မဏ္ဍပ်ကြီး များအတွင်း၌ လောင်းလှေကြီးများကိုထားပြီး ရေ အပြည့်ထည့်ထားသည်။ မဏ္ဍပ်အတွင်း၌ အင်္ကျီ၊ လုံချည်ဆင်တူ ၀တ်ဆင်ထားကြသော လှပျိုဖြူများ သည် ရေကစားသူများကို စောင့်မျှော်နေကြသည်။ ကာလသားတို့သည် မိမိတို့နီးစပ်ရာအသင်းအဖွဲ့ပြု ၍ အင်္ကျီ၊ လုံချည်တို့ကို ဆင်တူဝတ်ဆင်ကာ အတီး၊ အမှုတ်များဖြင့် ရေပက်ခံထွက်ကြသည်။ မဏ္ဍပ် အတွင်းသို့ရောက်သောအခါ မိမိတို့နှစ်သက်ရာ အမျိုးသမီးများနှင့် မျက်နှာချင်းဆိုင်ရသည်။ အမျိုး သားနှင့်အမျိုးသမီးကြားတွင် စည်းတားသည့်သဘော လက်တန်းကို ကာခြားထားသည်။ လက်တန်းမှ ကျော်လျက် လောင်းလှေထဲမှ ရေကိုခပ်နိုင်သည်။ လောင်းလှေဘက်တွင် ရခိုင်လှပျိုဖြူများက စီတန်း ရပ်နေကြသည်။

အစ်ကို ကာလသားတို့က မိမိတို့နှစ်သက်ရာ အမျိုးသမီးထံ ““မရီးရေထည့်ပါ””ဟု တောင်းရသည်။ မိန်းကလေးက လောင်းလှေထဲမှရေကိုယူ၍ အမျိုး သား၏ ငွေဖလားခွက်ထဲသို့ ထည့်ပေးရသည်။ အမျိုး သားက စ,ပက်လျှင် အမျိုးသမီးကလည်း အားကျ မခံ ပြန်ပက်သည်။ အမျိုးသမီးတစ်ဦးကို အမျိုးသား တစ်ဦးသာ ပက်ရသည်။ ၀ိုင်း၍မပက်ရပေ။

တစ်ဦးနှင့်တစ်ဦး ရေပက်နေစဉ် မျက်နှာလွှဲ လျှင်သော်လည်းကောင်း မျက်နှာကိုငုံ့မိလျှင်သော် လည်းကောင်း အရှုံးပေးရသည်။ မျက်နှာလွှဲခြင်း၊ ခေါင်းငုံ့ခြင်းကို မပြုရပေ။ အရှုံးပေးလိုလျှင် မျက်နှာ သစ်လိုက်ရသည်။ အမျိုးသားတို့သည် အချိန်ကို အညီအမျှပိုင်းခြား၍ အလှည့်ကျရေပက်ကစားကြ သည်။ တစ်ဖွဲ့ကရေပက်နေလျှင် တစ်ဖွဲ့က မဏ္ဍပ် အပြင်မှာစောင့်ရင်း အားပေးသည်။ မိမိတို့အလှည့် ရောက်မှ မဏ္ဍပ်အတွင်းသို့ဝင်၍ နေရာယူကာ ရေ ပက်ကစားကြသည်။ ရေပက်သူများသည် တေး သီချင်းများကို တကြော်ကြော်အော်ဆို၍ တပျော် တပါး ရေပက်ကစားသည်။

သင်္ကြန်မဏ္ဍပ်ကို ကြီးကြပ်အုပ်ချုပ်သူတို့က အချိန်ကို ကန့်သတ်၍မပေးသည့်တိုင် အရင်ရောက် နှင့်သောအဖွဲ့သည် အချိန်ဆွဲမနေဘဲ အလိုက်သိစွာ နောက်တစ်ဖွဲ့အတွက် မဏ္ဍပ်အတွင်းမှ ထွက်ခွာပေး ကြသည်။ ရေပက်နေစဉ်အတွင်း လောင်းလှေကြီး များတွင် ရေကုန်နေပါက ရေကစားသူများသည် ရေ စင်တောင်း၍မရသဖြင့် ““အေ မဏ္ဍပ်လူလည်းမရှိ။ လသာတို့...လသာတို့””ဟူ၍ သံပြိုင်အော်ဟစ် လေ့ရှိသည်ဟု သိရပါသည်။

ရခိုင်ရိုးရာအရ ဥပုသ်သီလခံယူဆောက်တည် ကြပုံမှာ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ နံနက်အရုဏ် တက် ၄နာရီထိုးလျှင် အိပ်ရာမှထကြပြီး ဆွမ်းအိုး (ထမင်း၊ဟင်း)တည်ကြသည်။ လှူဖွယ်မုန့်ပဲသရေစာ တို့ကို စီစဉ်သည်။ ဆွမ်းကပ်ကြသည်။ နေထွက်လျှင် အိမ်ရှေ့သို့ စီတန်းကြွလာသော သံဃာတော်များကို ဆွမ်းလောင်းကြသည်။သက်ကြီးရွယ်အို၊အဘိုးအဘွား များက တောင်ဝှေးဆွဲ၍ ဘုန်းကြီးကျောင်းသို့ သွား ရာတွင် မြေးငယ်များက လှူဖွယ်ပစ်္စည်းများကို သယ် ယူ၍ လိုက်ပါသွားကြသည်။ ဘုန်းတော်ကြီးကျောင်း တွင် သီလခံယူဆောင်တည်ပြီး ဆိတ်ငြိမ်စွာတရား ဘာဝနာပွားများနေကြသည်။ နံနက် ၁၀နာရီခန့်တွင် အိမ်မှ ဆွမ်းအုပ်လာပို့သည်။ ဆွမ်းအုပ်ဆိုသည်မှာ ဥပုသ်စောင့်သည့်အဘိုးအဘွားများအတွက် ရည်စူး ၍ ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသော ထမင်းပွဲဖြစ် ပါသည်။ ကျောင်းသို့ရောက်သောအခါ ဆွမ်းအုပ်ထဲ မှ ဆွမ်းဟင်းဦးကို ဘုရားရှင်အား ကပ်လှူပြီး ဘုန်း တော်ကြီးများဆွမ်းဘုဉ်းပေးခြင်းပြုကြပါသည်။ ဤ သို့ဆွမ်းဟင်းဦးကို ကပ်လှူပြီးမှ ဥပုသ်သည် အဘိုး အဘွားတို့သည် သင့်ရာနေရာတွင်ဝိုင်းဖွဲ့စားသောက် ကြပါသည်။

အဘိုးအဘွားတို့ ထမင်းစားပြီးသောအခါ ဆွမ်း အုပ်ပို့သူ လုံမပျိုတို့သည် အိမ်သို့ပြန်လာကြသည်။ အိမ်သို့ရောက်လျှင် ဆွမ်းအုပ်ထဲတွင် ကျန်သော ထမင်း၊ဟင်းတို့ကို အိမ်ရှိညီအစ်ကို မောင်နှမများ စုပြုံစားကြသည်မှာ တပျော်တပါးပင်ဖြစ်သည်။

ရခိုင်ရိုးရာသင်္ကြန်သည် သင်္ကြန်အတက်နေ့ တွင် ပို၍စည်ကားသည်။ နောက်ဆုံးရက်ဖြစ်သဖြင့် အမျိုးသားရော အမျိုးသမီးပါ ညမိုးချုပ်သည်အထိ သဲသဲမဲမဲ ရေပက်ကစားကြသည်။ ရခိုင်သင်္ကြန်ရက် အတွင်း၌ အမျိုးသား(လူငယ်)အချို့သည်မိန်းကလေး များအား ရိုင်းပျစော်ကားခြင်း၊ ရန်ဖြစ်ခြင်း မပြုတတ် ကြပေ။ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ရေပက်ကစားကြ သည်။ တစ်ဦးနှင့်တစ်ဦး နာကျင်စေရန် ရေပုံးကြီး များ၊ ရေပိုက်များဖြင့် ရေပက်ခြင်းမရှိပေ။

ရခိုင်ရိုးရာသင်္ကြန်တွင် သီဆိုသောသံချပ်များ မှာ သီဆိုရလွယ်ကူပြီး နားဝင်ချိုသည်။ သံပြိုင်သီဆို ၍ကောင်းသည်။

““ပိတောက်တွေ ရွှေရည်လူး xxxx တန်ခူးလ အခါဝယ် xxxx သင်္ကြန်ရေက စိုသလေလေ xxxx အတာရေသွန်းကာလောင်းမယ် xxxx ကညာမေ ကျန်းမာကြောင်းကွယ် xxxx အတာရေက ကြည်လှ ပါတယ် xxxx ကညာမေက ဖီလှပါတယ် xxxx စပယ်လေးကဖြူဖြူ xxxx အရွယ်ကလေးတူသလေး လေ့ xxxx စပယ်ဖြူမွှေးတယ်မွှေးတယ် xxxx အရွယ်တူလေးရယ် xxxx လေးရယ်””

ဟူ၍ သီဆိုကြပုံကို ရန်ကုန်၊ မန္တလေး၊ မော်လ ပြိုင်သံချပ်အဖွဲ့များကပင် အတုယူခဲ့ကြသည်ဟု သိ ရသည်။

ရခိုင်ရိုးရာသင်္ကြန်ရက်များအတွင်း အိမ်တိုင်းလို လို ရခိုင်ရိုးရာမုန့်များကို ကိုယ်တိုင်လုပ်ကြကာ တစ် အိမ်နှင့်တစ်အိမ် ဝေငှကြသည်။ သင်္ကြန်ရက်အတွင်း ရခိုင်မုန့်မျိုးစုံကို စားကြရသဖြင့် မုန့်မျိုးစုံသောလဟု ပင် ခေါ်ကြသည်။

သင်္ကြန်လက်ရိုးကျမ်းအရ သင်္ကြန် ၁၂မျိုးရှိ ကြောင်း သိရသည်။ ၎င်းင်းကို သတ်မှတ်ပုံမှာ ရောက် ဆဲမြန်မာသက်္ကရာဇ်ကို တည် ၂ခုနုတ်၍ ၁၂ဖြင့်စား ပါ။ ၁ကြွင်းလျှင် ဇေယျသင်္ကြန်၊ ၂ကြွင်းလျှင် ၀ိသာခါ သင်္ကြန်၊ ၃ကြွင်းလျှင် ဇေဋ္ဌသင်္ကြန်၊ ၄ကြွင်းလျှင် အာသဠိသင်္ကြန်၊ ၅ကြွင်းလျှင် သရ၀ဏ်သင်္ကြန်၊ ၆ကြွင်းလျှင် အဒြသင်္ကြန်၊ ၇ကြွင်းလျှင် အဿယုတ်္တ သင်္ကြန်၊ ၈ကြွင်းလျှင် ကြက်္ကိကာသင်္ကြန်၊ ၉ကြွင်းလျှင် မိဂသီသင်္ကြန်၊ ၁၀ကြွင်းလျှင် ဖုသျှသင်္ကြန်၊ ၁၁ကြွင်း လျှင် မာဃသင်္ကြန်၊ ၁၂ကြွင်းလျှင် ဖဂ်္ဂုဏသင်္ကြန် ဟူ၍ဖြစ်ပါသည်။

ရှေးပညာရှိကြီးများက သင်္ကြန်ရက်အတွင်း ရှောင်ကြဉ်အပ်သော အကြောင်းဆယ်ပါးရှိသည်ဟု ဆိုသည်။ ၎င်းင်းတို့မှာ (၁) ရုဒ - ငိုကြွေးပူဆွေးခြင်း၊ (၂) မေထုန - မေထုတ်သံဝါသပြုခြင်း၊ (၃) မံသ - အသားဟင်းလျာကိုစားသောက်ခြင်း၊ (၄) သုရာ -သေရည်သေရက်သောက်စားခြင်း၊ (၅) ကောဓ - အမျက်ဒေါသထွက်ခြင်း၊ (၆) ရုဓိရ - သွေးဖောက် ခြင်း၊ သွေးထုတ်ခြင်း၊ (၇) တေလိက - ဆီ၊ ဆေး လိမ်းကျံခြင်း၊ (၈) ရုက်္ခစေ်္ဆဒ - သစ်ပင်များကို ခုတ် လှဲခြင်း၊ (၉) ကိဏ - ၀ယ်ယူခြင်း၊ ကျီ(စပါး)သွင်း ခြင်း၊ (၁၀) ၀ိက်္ကဏ - ရောင်းခြင်း၊ ဆိုင်ထွက်ခြင်း တို့ဖြစ်ပါသည်။

ထို့ကြောင့် နှစ်သစ်ကူးသည့် အတာသင်္ကြန် တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ယနေ့လူငယ် လူရွယ်များ ထိန်းသိမ်းနိုင်ကြစေလိုပါသည်။ သရုပ် ပျက်ဝတ်စားဆင်ယင်မှုကို အထူးရှောင်ကြဉ်၍မဟာ သင်္ကြန်တွင် ပျော်ရွှင်မြူးစွာ ဆင်နွှဲနိုင်ကြစေရန် ယဉ်ကျေးသိမ်မွေ့သောရခိုင်ရိုးရာသင်္ကြန်အကြောင်း ကို ရေးသားတင်ပြရခြင်းဖြစ်ပါသတည်း။

လွမ်းရောင်သန်း
hotnewsweekly

0 comments:

Post a Comment