Wednesday, April 8, 2015

NLD ပါတီကို ကိုစည်သူမောင် ဘာ့ကြောင့်ဝင်တာလဲ


၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး အင်းစိန်၊ ဘူးသီးတောင်နဲ့ စစ်တွေထောင်ထဲမှာ ထောင်ဒဏ် ၁၁နှစ်ခွဲ ကျခံပြီး ၄နှစ်ခွဲအကြာ ၂ဝ၁၂ခုနှစ်ဆန်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုစည်သူမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဝင်ရောက်လိုက်ပါပြီ။ ကိုစည်သူမောင် NLD ပါတီကို ဘာ့ကြောင့်ဝင်တာလဲ။
ဒီမိုကရက်တစ်အမတ်တွေ လွှတ်တော်ထဲများများရောက်ဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးနဲ့ တိုက်ရိုက်အချိုးကျတဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးအတွက် အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုဖြစ်တာမို့ NLDပါတီကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ကမာရွတ်မီဒီယာနဲ့သီးသန့်တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။ သူဟာ ဧပြီ ၈ရက်နေ့မှာ ပါတီဝင်ကတ်ပြားကို ရရှိမှာလည်းဖြစ်ပါတယ်။
မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုတစ်လျှောက် ကျောင်းသားလှုပ်ရှားမှုနဲ့ အပြောင်းအလဲကို ဦးဆောင်ခဲ့တာဖြစ်ပြီး ကျောင်းသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး အကန့်အသတ်တွေမတူတာမို့ ၁၉၃၈နောက်ပိုင်း ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ဆန်းဟာ ကျောင်းသားနိုင်ငံရေးကနေထွက်ပြီး တို့ဗမာအစည်းအရုံးဝင်ပြီး သခင်အောင်ဆန်းဖြစ်လာတာဟာ သူတို့အတွက် စံနမူနာတစ်ခုပါလို့ ကိုစည်သူမောင်က ပြောပါတယ်။
တတိယနှစ် စီးပွားရေးတက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် ပညာဆက်လက်သင်ယူနေဆဲဖြစ်သလို နိုင်ငံသားတစ်ယောက်အဖြစ် ပညာရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်နေဦးမယ့် သူ့အနေနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုယုံကြည်ထောက်ခံမှုရခဲ့တဲ့ NLD ပါတီနဲ့ အောင်ဆန်းသွေးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလို သူကိုယ်တိုင်ကလည်း ပါတီမူဝါဒနဲ့ လမ်းစဉ်ကို ယုံကြည်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
NLD ပါတီအနေနဲ့ အမတ်လောင်းအဖြစ် တာဝန်ပေးမယ်ဆိုရင် ထမ်းဆောင်ဖို့အသင့်ရှိပြီး ဒီတာဝန်မပေးခဲ့ရင်လည်း လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ ပါတီအောင်နိုင်ရေးအတွက် ကျရာနေရာက တာဝန်ယူသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ရေးနဲ့ နိုဝင်ဘာရွေးကောက်ပွဲဟာ အားစမ်းပွဲတစ်ခုပါလို့ ကိုစည်သူမောင်က ဆိုပါတယ်။

kamayutmedia

0 comments:

Post a Comment