Friday, April 10, 2015

၅၉ (စ) မပြင်ဆင်ပေးပါက နိုင်ငံရေးလှုပ်ရှားမှုများ အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အကန့်အသတ် ဖြစ်နေသည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ပေးပါက ၂၀၁၅ ရွေး ကောက်ပွဲအပြီးတွင် ပြုလုပ်မည့် နိုင်ငံရေး လှုပ်ရှားမှုများ အတွက် ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် The Voice ၏ မေးမြန်းချက်နှင့် ပတ်သက်၍ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံး တွက်ထားပြီးသားပါ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကြိုတင်တွက်ပြီး လုပ်ရတယ်။ သိနိုင်သလောက်ပေါ့။ အားလုံး သိနိုင်တယ်လို့တော့ ပြောမရဘူးပေါ့။ ကိုယ်သိနိုင်တဲ့ အခြေအနေနဲ့ တွက်ထားပြီးသားပါ။ ဒါဖြစ်ရင် ဒီလိုလုပ်ရမယ်၊ ဒါဖြစ်ရင်တော့ ဒီလို လုပ်မယ်ပေါ့။ ကြိုတင်ပြီး တွက်ထားပြီးသားပါ” ဟု ၎င်းက ဆိုသည်။

NLD ပါတီအနေနှင့် ယင်းကဲ့သို့ ကြိုတင်တွက်ဆမှုများကို ထုတ်ဖော် ပြောဆိုလိုက်ပါက ကြိုတင်ပြင်ဆင်ချက်များကို မဖြစ်မြောက်အောင် လုပ်ဆောင်မည့်သူများ ရှိနေသောကြောင့် လက်ရှိအချိန်တွင် ထုတ်ဖော်ပြောဆို၍ မရနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ကြိုတင်ပြီးပြောထားရင် ကြိုတင် ပြင်ဆင်မှုကို မဖြစ်မြောက်အောင် လုပ်ချင်နေတဲ့ သူက ရှိတာပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ပုံစံဖြစ်အောင် လုပ်မည်ဆိုပါက ပြင်သင့်ပြင်ထိုက်သည့် အချက်များကို ပြင်ဆင်ပေးရန် လွှတ်တော်နှင့် အစိုးရအပါအဝင် တပ်မတော်တွင် တာဝန်ရှိကြောင်း ၎င်းက မီဒီယာများကို ပြောကြားသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် သပိတ်မှောက်မည့် သတင်းစကားနှင့် ပတ်သက်၍ ၎င်းက “အန်တီပြောတာ ရှင်းရှင်းလေးပဲ။ ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တဲ့ အခြေအနေ ဖြစ်နိုင်လားလို့ ဆိုရင် ပြောလို့မရဘူး။ နိုင်ငံရေးမှာ ဟိုဟာ လုံးဝမဖြစ်နိုင်ဘူး၊ ဒီဟာ လုံးဝမဖြစ်နိုင်ဘူး ဆိုတာ လုံးဝအပြတ်ပြောလို့ မရဘူး။ ရွေးကောက်ပွဲကို သပိတ် မမှောက်ပါဘူးလို့ အပြတ်ပြောလို့မရဘူး” ဟု ဆိုသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲတွင် မတရားမှုများ ရှိနေပါက ရွေးကောက်ပွဲ သပိတ်မှောက်နိုင်ခြေ ရှိကြောင်း ရိုက်တာ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေးကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly

0 comments:

Post a Comment