Monday, April 20, 2015

လောက်ကိုင်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်


လားရှိုးမြို့တွင်းတနေရာတွင် လုံခြုံရေးယူနေသည့် အစိုးရ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့များကြား ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာသူတွေ အများအပြား ရှိနေကြောင်း သိရသည်။တိုက်ပွဲများသည် ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ လောက်ကိုင်မြို့နယ် ရှီပေါ်လိန်နှင့် ရှီတုန့်ရှည် ကျေးရွာများ အနီး၌ MNDAA ရှေ့တန်း တပ်ဖွဲ့များနှင့် အစိုးရ တပ်မ ၃၃ ၊ ၆၆ လက်အောက်ခံ တပ်ရင်းများကြား တိုက်ပွဲအပြင်း အထန် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်က ဒဏ်ရာရ သေဆုံးမှု များပြားကြောင်း ကိုးကန့် တပ်ဖွဲ့ဘက်က ပြောဆိုသည်။

“တိုက်ပွဲကတော့ ပြင်းထန်တယ်။ အစိုးရတပ်က လက်နက်အသစ်တွေ သုံးလာတယ်။ ပြောင်း အများကြီးနဲ့ ကားပေါ်တင်ပစ်တဲ့ ရော့ကက် လောင်ချာတွေနဲ့ အရင်ပစ်ကူပြီး မြေပြင်တပ်တွေနဲ့ ထိုးစစ် ဆင်တယ်”ဟု MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်း က ဧရာဝတီကို ပြောသည်။
တိုက်ပွဲများအတွင်း အသေအပျောက်၊ ဒဏ်ရာရ စာရင်းများကို ရှေ့တန်း စစ်မြေပြင် တပ်ရင်းများဆီက မှတ်တမ်းများ အပါအဝင်၊ ဒေသခံ၊ လူထုနှင့် ဆေးရုံများဘက်မှ တဆင့်ရရှိထားခြင်း ဖြစ်ကြောင်း ဦးထွန်းမြတ်လင်းက ပြောပြသည်။

အစိုးရ တပ်က ၂၁ ဦးကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိသွားကြောင်းနှင့် MNDAA ဘက်က ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားကြောင်းလည်း ကိုးကန့်ဘက်က ပြောဆိုသည်။

ယခုတိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရ တပ်ဘက်မှ ဖြေကြာပေးမည့် ပြောခွင့်ရပုဂ္ဂိုလ် ၃ ဦး၏ ဖုန်းများကို ဧရာဝတီ က ဆက်သွယ်ခေါ်ယူ မေးမြန်းရာတွင် ၂ ဦး၏ ဖုန်းများသည် ခေါ်ဆို၍ မရရှိဘဲ ကျန် ၁ ဦး ဖုန်းသည် ခေါ်ဆို၍ ရရှိသော် လည်း ပြန်လည်ပြောဆိုမှု မရှိပေ။

အစိုးရပိုင် သတင်းစာများတွင်မူ လောက်ကိုင် တိုက်ပွဲများနှင့် ပတ်သက်ပြီး ကိုးကန့်ဒေသရှိ MNDAA ၏ အရေးပါသော ထိန်းချုပ် တောင် ကုန်း ၃ ခုထက်မနည်းကို ဧပြီလ ၈ ရက် နောက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး MNDAA တပ်ဖွဲ့ဝင် ရုပ်အလောင်း တချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

ထိုနှစ်ဘက်တိုက်ပွဲများ အတွင်း အစိုးရဘက်မှ ကျဆုံးစာရင်းတွင် တပ်ရင်းမှူး အဆင့်ရှိသူ တဦးပါဝင်ကြောင်း အစိုးရတပ်နှင့် နီးစပ် သူများက ပြောဆိုကြသည်။

ဦးထွန်းမြတ်လင်းက “အစိုးရဘက်က အကျအဆုံးများတယ် ဆိုတာမှာ သူတို့နဲ့ ကျနော်တို့အကြားမှာ နယ်မြေကျွမ်းကျင်မှု ကွာခြား ချက်ပါ။ သူတို့က အလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့ အခါမှာ ကျနော်တို့က ခုခံစစ်နဲ့ တုံ့ပြန်တယ်”ဟု ပြောသည်။

MNDAA တပ်ဖွဲ့သည် ယခင်က အစိုးရ တပ်မတော်နှင့် အထူးမိတ်ဆွေများ ဖြစ်ခဲ့ကြပြီး အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကို MNDAA က လက်မခံသည့်နောက်ပိုင်း ၂၀၀၉ ခုနှစ်တွင် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက် ထုတ်လုပ်မှုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရ တပ်မတော်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် နှင့် ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

ကိုးကန့်ဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်သည့် MNDAA အဖွဲ့နှင့် အစိုးရ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး ဒေသခံ ပြည်သူများသည် နီးစပ်ရာ တရုတ် နယ်စပ်တလျှောက်နှင့် ပြည်တွင်းသို့ ၀င်ရောက်၍ စစ်ဘေးခိုလှုံ နေကြရသည်။

ဧရာဝတီ

0 comments:

Post a Comment