Sunday, April 19, 2015

တပ်မတော်အင်အားရှိမှ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲမည်


ဘ၀ဟောင်းသို့ပြန်လည်ရောက်ရှိခြင်း

နှစ်(၇၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လေးလေးစားစားအထူးဖိတ်ကြား ချက်အရတက်ရောက်ခွင့်ရခဲ့သည်။ ယခင်နှစ်ကလည်း (၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ မမျှော်လင့်ဘဲ တက်ရောက်ခွင့်ရခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး(ပထမတန်း) ဂျီဝမ်း လာရောက်ဖိတ်ကြားသည်။ သူက စစ် ယာဉ်နှင့်မဟုတ်၊ ရိုးရိုးအစောင့်မပါ အရပ်ယာဉ်နှင့် ဆိုတော့ သိပ်မထူးခြား၊ယခင်နှစ်ကတော့ စစ်ယာဉ် နှင့် လာသည်။ ၁၉၉၈ ခုနှစ်၊ ထောက်လှမ်းရေးက လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်နောက်ပိုင်း ကျွန်တော့်အိမ်ရှေ့ စစ်ကားတစ်စီးမှမလာဖူးတော့ ကျွန်တော့်တစ်အိမ်သားလုံး တပည့်တွေပါ လန့်သွား သည်။ ၁၉၉၈ ခုနှစ်တုန်းက ပထမအကြိမ်၊ အခု ဒုတိယအကြိမ်များဖြစ်လေမလားလို့လည်း တွေးပူလိုက်မိသည်။ နောက်မှ သြော် လူတွေလည်းပြောင်း၊ ခေတ်တွေလဲပြောင်း၊ စနစ်တွေပါပြောင်းပြီဆိုတော့ ယခင်လိုမဟုတ်လောက်ပါဘူးလို့ပဲ စိတ်အေးအောင်တွေးလိုက်ရသည်။

တကယ်တော့ စစ်ကားနဲ့လာခဲ့တဲ့ပုဂိ္ဂုလ်က ရန်ကုန်တိုင်းက ဂျီဝမ်း၊ တပ်မတော်နေ့တက်ရောက်ဖို့ ဖိတ်စာလာပို့ခြင်းဖြစ်ကြောင်း၊ တက်ရောက်နိုင် ခင်း ရှိ/မရှိသိလိုပါကြောင်းပြောသည်။ ကျွန်တော်က တက်ရောက်နိုင်မည် မထင်ကြောင်း၊ အခမ်းအနား ၀တ်စုံ(SERVICE SUITE) ကလည်း တော်တော့မှာ မဟုတ်ကြောင်း၊သွားရေးလာရေးလည်း အခက်အခဲ ရှိကြောင်းပြောတော့ ဂျီဝမ်းကြီးက အ၀တ်အစား အတွက်ရော၊ သွားရေးလာရေး၊ နေထိုင်စားသောက် ရေး အားလုံးစီစဉ်ပေးဖို့စစ်ရုံးက ညွှန်ကြားထား ပါကြောင်း ပြန်တင်ပြသည်။ ကျွန်တော်က စဉ်းစားပြီး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။

အချိန်သိပ်မကြာ ၂ ရက်၊ ၃ရက် ကြာတော့ ဂျီဝမ်းကြီးတစ်ခေါက် ပြန်ရောက်လာပါသည်။လိုက်/ မလိုက် လာရောက်မေးမြန်းခြင်းဖြစ်သည်။ သူမလာ ခင်ကတည်းကကျွန်တော်အချိန်ယူစဉ်းစားပြီးသား၊ တကယ်တော့ ကျွန်တော်က အခြေအမြစ်လုံးဝမရှိ တဲ့ စွဲချက်ပေါင်းများစွာနဲ့ တပ်မတော်ကရော ၀န် ကြီးဘ၀ကပါထွက်ခဲ့ရသူ၊ထောင်မကျသော်လည်း နာမည်ကျော် ရေကြည်အိုင်၌ ၄ ရက် ၅ ရက် အချုပ်ခံခဲ့ရသူ၊ အင်းစိန်ထောင်၌ ကျွန်တော်တို့ အတွက် အချုပ်ခန်းများအပူတပြင်းတည်ဆောက် နေသည်ဟု ကြားရသော်လည်း ကုသိုလ်ကံကောင်းလို့ ထောင်ထဲက အိမ်အသစ်နဲ့ မနေခဲ့ရသူ။ ထို့ကြောင့် နည်းနည်းတော့ လူထဲတိုးရမှာလန့်နေသည်။

သို့သော် အစိုးရကလည်း ယခင် စစ်အစိုးရ မဟုတ် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က တကူး တက ရွေးဖိတ်ခြင်းဖြစ်၍လည်းကောင်း၊ ပြုတ်ခဲ့ရ တာကလည်းပြုတ်သင့်ပြုတ်ထိုက်လို့ ပြုတ်ခဲ့ရတာ မဟုတ်၊ ဖြုတ်ချင်လို့ ဖြုတ်ခံခဲ့ရတာဖြစ်၍ မိမိမှာ အပြစ်မရှိဟု ယုံကြည်သည်။ ဘာမှစိတ်အားငယ် စရာမလို၊ မသေခင်မိမိအပေါင်းအသင်း ရောင်းရင်း များနှင့် တွေ့လိုသည်။ အမိ၊ အဘအိမ် ပြန်ဝင်သင့် သည်ဟု သုံးသတ်ပြီး လိုက်မည်ဖြစ်ကြောင်း ပြော လိုက်ရသည်။ မိမိအတွက်အ၀တ်အစားဘာမှ ချုပ် ပေးဖို့မလိုကြောင်း၊ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းထံ က ငှားဝတ်မည်ဖြစ်ကြောင်းလည်း ပြောလိုက်သည်။

ကြည်း၊ ရေ၊ လေ လက်တွဲညီညီ ချီတက်ခဲ့ပြီ မင်းနေပြည်သို့

ယခင်နှစ်က တပ်မတော်(လေ)မှ လေယာဉ် ၂စီး၊ ယခုနှစ် ၃ စီး၊ မနှစ်ကထက် လူပိုများသည်။ လိုက်ပါလာသူများကတော့ ယခင်နှစ်က ဗိုလ်ချုပ် သူရစောဖြူ(လေ)၊ ဒုဗိုလ်ချုပ်ကြီးမောင်မောင်ခင်(ရေ)၊ ဒုဗိုလ်ချုပ်ကြီးအေးသောင်၊ ဒုဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဒု ဗိုလ်ချုပ်ကြီးထွန်းကြည်(စာရေးသူ)၊ ဒုဗိုလ်ချုပ်ကြီး သန်းညွန့်(ရေ)၊ ဒုဗိုလ်ချုပ်ကြီးသိန်းဝင်း(လေ)၊ ဒုဗိုလ် ချုပ်ကြီးတင်ငွေ(လေ)၊ ဒုဗိုလ်ချုပ်ကြီးညွန့်သိန်း(ရေ)၊ ဒုဗိုလ်ချုပ်ကြီးကျော်ဝင်း၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဒု ဗိုလ်ချုပ်ကြီးခင်မောင်သန်းတို့ဖြစ်ပြီး၊ ဗိုလ်ချုပ်သန်း တင်၊ ဗိုလ်ချုပ်တင့်ဆွေ၊ ဗိုလ်ချုပ်လှထွန်း၊ ဗိုလ်ချုပ်အောင်ခင်၊ ဗိုလ်ချုပ်အေးစန် စသည့်အရာရှိကြီးများ ယခုနှစ်တွင် တိုးလာသည်။

တပ်မတော်နေ့အခမ်းအနားတက်ရောက်ခြင်း

စစ်ရေးပြပွဲနေ့က ကျွန်တော်အစောကြီး နိုးနေ ခဲ့သည်။ ဘာ့ကြောင့်မှန်းမသိ ညကတော်တော်နှင့် အိပ်မပျော်၊ ကျွန်တော်ကြုံတွေ့ခဲ့ရသော စစ်ရေးပြ တွေအကြောင်းပြန်လည်သတိရနေမိခဲ့သည်။ ပထမ ဆုံး ခေါင်းထဲဝင်လာတာက လွန်ခဲ့သောနှစ်ပေါင်း ၅၅ နှစ်၊ မန်္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ကျင်းပခဲ့သည့် တော်လှန်ရေးနေ့ချီတက်ပွဲ။ အချိန် အလွန်ကြာ နေပြီဖြစ်သော်လည်း အားလုံး မနေ့တစ်နေ့ကလို မျက်စိထဲမြင်နေပါသည်။ ကျွန်တော့်တပ်စုမှ ရခိုင် ရဲဘော်လေးများ၏ ရခိုင်သံဝဲ၀ဲဖြင့်သံပြိုင်သီဆိုဟစ် ကြွေးခဲ့သော စစ်ချီသီချင်းများ၏အသံကို နားထဲက မထွက်၊ အသံက၀ဲဝဲ၊ စည်းချက်ကမမှန်၊ ဘယ်ညာက မညီ၊ ဆိုချင်သလိုဆို၊လျှောက်ချင်သလိုလျှောက် လိုက်ကြတာ အတော်ပျော်စရာကောင်းသည်။ ကျောက်ဆည်မြို့၏ မလင်းတလင်းမီးရောင်ကြောင့် မြို့လူထုကတော့ ဘာမှသိပုံမပေါ်။

ဒီနေရာမှာကြုံတုန်း ““တော်လှန်ရေးနေ့””နှင့် ““တပ်မတော်နေ့””အကြောင်း အနည်းငယ်ဆွေးနွေးလို ပါသည်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင် စစ်ရေးပြလမ်းလျှောက်ပွဲဆင်နွဲခဲ့သော်လည်း တပ်မတော်နေ့ လား၊ တော်လှန်ရေးနေ့လား သိပ်အလေးထားမစဉ်း စားခဲ့။ ကျွန်တော်တို့အတွက် ““အမည်သညာ””ကအဓိကမဟုတ်၊ ““ယုံကြည်ချက်””နှင့် ““ခံယူချက်””သည် သာလျှင် အဓိကဖြစ်သည်။ ပညတ်သဘောအရ ခေါ် ချင်ရာခေါ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ မိမိနိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးကာကွယ်လိုစိတ်ကသာ အရေး ကြီးသည်။ တကယ်တော့ ၁၉၅၅ ခုနှစ် မတ်လဆန်း တွင် ပြုလုပ်ကျင်းပခဲ့သော ဦးနုခေါင်းဆောင်သည့်ဖဆပလအစိုးရအဖွဲ့ ၀န်ကြီးများအစည်းအဝေးက တရုတ်ဖြူနှင့်တိုက်နေသော တပ်မတော်ကို ဂုဏ်ပြု လိုသည့်အတွက်လည်းကောင်း၊ ဂျပန်နှင့်မြန်မာ ချစ်ကြည်ရေးချောမွေ့စေရန်အတွက်လည်းကောင်း တပ်မတော်နေ့ဟု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့မြန်မာတွေက မလိုတမျိုး၊ လိုတမျိုးအလွန်ပြောတတ်သည်။ ““ငါ့စကားနွားရ””အလွန် ပြောချင်ကြသည်။ ပြည်တွင်းပြည်ပ အန်္တရာယ်တွေ ရှိနေတဲ့အချိန် ဒီမိုကရေစီရေးအတွက် အင်တိုက် အားတိုက်မနေမနား ကြိုးစားနေချိန်၊ ဒါတွေစဉ်းစား နေဖို့မသင့်၊ အထူးသဖြင့် စိတ်ဝမ်းကွဲစေနိုင်သော ကိစ်္စမျိုး အထူးရှောင်သင့်သည်။ အမျိုးသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေးအတွက်သာ အာရုံစိုက် သင့်သည်။ ဒီတပ်မတော်နေ့၊ တော်လှန်ရေးနေ့ကိစ်္စ ကို နောက်မှစဉ်းစားကြရင်မရဘူးလား၊ အားအားရှိတပ်မတော်နှင့် စစ်အစိုးရကိုသာ အပြစ်ဖို့လိုကြသည်။ စစ်အစိုးရကိုတော့ ကြိုက်သလိုပြောပါ။ အလွန် သနားစရာကောင်းသည့် တပ်မတော်သားတွေကိုတော့အပြစ်မပြောသင့်ပါ။ တိုင်းပြည်နှင့်လူမျိုးအတွက် တပ်မတော်သားတွေ မည်မျှလောက်အသက်သွေး ချွေးပေးခဲ့ရသည်။ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြရသည်ဆိုတာကို မတွေးကြတော့ဘူးလား။

ချီလာပြီ ဘာမထီ ဇာနည်စစ်သည်များ

စစ်ရေးပြက နံနက် ၇ နာရီစသည်။ ကျွန်တော် တို့က ၅ နာရီခွဲ ရိပ်သာက စထွက်သည်။ ခရီးသွား ချိန်က ၅ မိနစ်၊ အလွန်စောနေသည်ဟုဆိုနိုင်သော် လည်းကျွန်တော်တို့ အရင်ရောက်နှင့်နေသူများက လည်း မနည်းလှ။ သူတို့နှင့် စကားပြောခွင့်ရသည်။ မိမိနှင့်အတူ လက်တွဲ၍ တာဝန်ထမ်းဆောင်ခဲ့သူများ လည်းအများအပြားတွေ့ရသည်။ လာရောက် နှုတ် ဆက်သူအများအပြားနှင့်တွေ့ရတော့ ယခင်တပ်မ တော်တွင်ရှိစဉ်က အတူနေထိုင်သွားလာလုပ်ကိုင်ခဲ့ သည်များကိုပြန်လည်သတိရမိသည်။ ဘ၀ဟောင်း ကို ပြန်ရောက်ရသကဲ့သို့အောက်မေ့မိသည်။

ကျွန်တော်တို့ရောက်ပြီး နာရီဝက်လောက်အကြာ မှာ စစ်ချီတေးသံများ ခပ်သဲ့သဲ့ကြားရသည်။ နွေ ရာသီရောက်ပြီဆိုသော်လည်း ရာသီဥတုက သိပ်မ ပူ၊နေကလည်းမထွက်သေး၊ ရှမ်းရိုးမကြီးနောက် ကွယ်မှာပဲရှိနေသေးသည်။

စစ်ချီတေးသံများက တဖြည်းဖြည်း အသံပို ကျယ်လာသည်။ ညီညီညာညာ တက်တက်ကြွကြွ ချီတက်လာသော စစ်ကြောင်းများကိုလည်း စစ်ရေးပြကွင်းကြီး၏အ၀င်ဝတွင် စတင်တွေ့မြင်နေရပြီ။ နေ၀န်းနီနီကြီးကလည်း အရှေ့ဘက်တောင်ကြော ပေါ်တွင် မေးတင်နေပြီ။ ရဲစိတ်ရဲမာန်အပြည့်ဖြင့် စစ်ချီတေးများသံပြိုင်ဟစ်ကြွေးကာ ချီတက်လာ သောစစ်သည်များ၏ စိတ်ဓာတ်နှင့်အပြိုင်၊ ရဲရဲ တောက်နေသည်။ စစ်သည်အင်အားက နည်းနည်း နောနောမဟုတ်၊စုစုပေါင်း အင်အား ၁၀၃၀၀ (တစ်သောင်းနှင့်သုံးရာ)ကျော်သည်။ ယခင်နှစ်က အင်အား ၉၀၀၀ (ကိုးထောင်)သာ။ ထို့ပြင် ကျွန် တော်မတွေ့ဖူးသေးသောအလတ်စားတင့်ကားများ၊ သံချပ်ကာ ကင်းထောက်ယာဉ်များ၊ သံချပ်ကာ တိုက်ယာဉ်များ၊ ယာဉ်တင်အမြောက်ကြီးများ၊ ယာဉ် ဆွဲအမြောက်ကြီးများ၊အတွဲလိုက်ပစ်ဒုံးယာဉ်များ၊ တာလတ်ပစ်ဒုံးယာဉ်များ၊ ရေဒါတင်ယာဉ်များ စသည့်လက်နက်ကြီးများ အများအပြားတွေ့မြင်ရ သည်။ အမိမြေကို ဝေဟင်မှကာကွယ်မည့်တပ်မ တော်(လေ)မှ အမျိုးမျိုးသောလေယာဉ်များကိုလည်း တွေ့ရသည်။

ကျွန်တော်ကိုယ်တိုင် အမြောက်တပ်တွင်(၁၃) နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့အကြောင်းကောင်းကောင်း သိသည်။ ဤမျှ အင်အားများပြား ကြီးထွားလာသည်ကို တွေ့ရတော့ အထူးပဲ အံ့သြမဆုံြး ဖစ်ခဲ့ရသည်။ ၀မ်းသာကြည်နူးမှုလည်း များစွာ ဖြစ်ခဲ့ရသည်။ တကယ်တော့ ခြေလျင်တပ်(INFANTRY) က မြေသိမ်းတပ်ဖွဲ့ (GROUND GAINING ARMS) ၊ ရင်ကော့ပြီး ရန်သူကို ရွပ်ရွပ်ချွံချွံ ကျားတက်ထိုးကြ ရသူ၊ အမြောက်တပ်ဖွဲ့ (ARTILLERY) က မိမိ ခြေလျင်စစ်သားများ အထိအခိုက် အကျအဆုံး နည်းအောင် ရန်သူကိုခေါင်းမဖော်နိုင်အောင် ချေ မှုန်းပစ်ခတ်ပေးရသည့်တပ်။သံချပ်ကာ (ARMO UR) ကတော့ ခြေလျင်တပ်နှင့်အတူတူ ရန်သူ့စခန်း ပေါ်အထိ လိုက်ပါပြီး သူ့ရဲ့ပစ်အား (FIRE POWER) နှင့် လျင်မြန်မှု (MOBILITY) တို့ဖြင့် ရန်သူကိုတုန်လှုပ်ချောက်ချား (SHOCK ACTION) သွားအောင်၊ ရန်သူ ခေါင်းမဖော်နိုင်အောင် တိုက်ခိုက်သည့် တပ်ဖြစ်သည်။ ဒီလိုအမြောက်နှင့် သံချပ်ကာတပ်များပြည့်ပြည့်စုံစုံပါလျှင်၊ ထိထိ ရောက်ရောက် အသုံးချနိုင်လျှင် စစ်နိုင်ဖို့အတော် သေချာနေပြီ။ ယနေ့ကျွန်တော်တို့တပ်မတော်တွင် ဖွဲ့စည်းတပ်ဆင်ထားသည့်အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့က အားရစရာကောင်းသည်။ တပ်မတော် (လေ)မှ တိုက်လေယာဉ်များ၏ပစ်ကူ (FIRE SUPPORT) နှင့် ဟန်ချက်ညီညီပေါင်းစပ်ဆင်နွှဲလိုက် လျှင် ပြည်တွင်းရန်သူသာမက ပြည်ပရန်သူများကို ပင် သိပ်မှုစရာမလို၊ ပြည်သူတွေတစ်ခဲနက် ပါဝင်သော စစ်ပွဲဖြစ်က ဘယ်ရန်သူမဆိုတွန်းလှန်ချေမှုန်းနိုင် မှာသေချာသည်။

အပွေးမြင် အပင်သိ

စစ်ပညာနှင့် အတွေ့အကြုံ ရှိသူတစ်ယောက် အဖို့ ““အပွေးမြင် အပင်သိ””ဆိုသလို တပ်ရင်းတစ် ရင်း ၏ ကင်းရုံနှင့် ကင်းစစ်ရေးပြ ကြည့်လိုက်ရုံဖြင့် တပ်ရင်း၏အဆင့်အတန်းကို သိသည်။ ထို့အတူ ယခုစစ်ရေးပြတွင်ပါဝင်သော စစ်သည်များ၏ ၀တ် စားဆင်ယင်မှု၊ စစ်ရေးပြလှုပ်ရှားမှု၊ သူတို့၏ မျက် နှာပေးနှင့်ဟန်အမူအရာများက အံ့သြစရာကောင်း လောက်အောင် အဆင့်အတန်းမြင့်ကြောင်း ဖော် ပြနေသည်။ ကျွန်တော်ကိုယ်တိုင် ပါဝင်ချီတက်ခဲ့ရ သော ကျောက်ဆည်မှပွဲနှင့်လည်းမတူ၊ ထို့ပြင် ၁၉၆၁ ခုနှစ်၊ လွတ်လပ်ရေးနေ့က နိုင်ငံတော်သမ်္မတအား ချီတက် အလေးပြုခဲ့သည့်ပွဲနှင့်လည်း တခြားစီ။ ထိုအချိန်ကယူနီဖောင်းကလည်းမကောင်း၊ ယခု လိုလေ့ကျင့်မှုလည်းမရှိ၊ ပြင်ဆင်မှုလည်းမရှိ၊ ဘာမှ မပါ၊ ခြေလျင်တပ်သက်သက်သာ။ တပ်တွေက မြေ နီကုန်းကစလျှောက်သည်။ လေ့ကျင့်မှုမရှိတော့ ဘယ်ညာပင်မမှန်၊ အရုပ်မဆိုးရအောင် ဘယ်ညာ ဘယ်ညာလို့ ခပ်တိုးတိုးတိုင်ပေးခဲ့ရသည်။

ကျွန်တော်သဘောအကျဆုံး၊ ပီတိအဖြစ်ဆုံးက တော့ ကျွန်တော့်ရဲဘော်များရဲ့ ““ဘယ်ရန်သူမှမမှု၊ တိုင်းပြည်ကို တစ်လက်မမှမထိမခံ၊ မိမိလူမျိုး၊ ဘာသာ၊သာသနာအတွက်ဆိုလျှင် အသက်ပင် သေသေ၊ အရေပင်ခန်းခန်း၊ သက်စွန့်ကြိုးပမ်း အသက်ပေး ထမ်းဆောင်မည်”” ဆိုတဲ့ အဓိပ်္ပာယ်ပေါ်လွင်နေ သော သူတို့ရဲ့မျက်နှာများဖြစ်သည်။ ကျွန်တော်တို့ တပ်မတော်က စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ များမှာပါ အတော်ပြည့်စုံနေပြီ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာဖြစ်သောလေ့ကျင့်မှု၊ စိတ်ဓာတ်၊ စည်း ကမ်း၊ ဇွဲ၊ လုံ့လ၀ီရိယ၊ ကိုယ်ခန်္ဓာကြံ့ခိုင်မှု၊ တိုက်ပွဲ အတွေ့အကြုံစသည်တို့တွင် ကမ်္ဘာပေါ်ရှိတပ်မတော်အသီးသီးနှင့် ယှဉ်နိုင်သည်။ ““လှေခွက်ချည်းကျန် အလံမလှဲ””မည့် တပ်မတော်မျိုးဖြစ်နေပြီဟု ပြောလို ပါသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရောက်ရှိခြင်း

စစ်ရေးပြအခမ်းအနားအကြောင်းကိုတော့ သိပ်အကျယ်မချဲ့လို၊ စစ်ကြောင်းများ ၀င်ရောက် နေရာယူသည်။ အတန်းညှိ(ညာညှိ)သည်။ ကာကွယ် ရေးဦးစီးချုပ်အလာကိုစောင့်ဆိုင်းနေသည်။ ကာ ကွယ်ရေးဦးစီးချုပ် ရောက်လာသည်။ တပ်များကို စစ်ဆေးသည်။ နိုင်ငံတော်အလံအလေးပြုသည်။ ကျ ဆုံးလေပြီးသောတပ်မတော်သားများအား အလေး ပြုသည်။ ကာကွယ်ရေးဦးစီးချုပ် တပ်စစ်ဆေးသည်။ မိန့်ခွန်းပြောသည်။ ကာကွယ်ရေးဦးစီးချုပ်အား စစ် ကြောင်းများကစစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု သည်။ တပ်များပြန်လည်ထွက်ခွာခဲ့သည်။

နှစ်(၇၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က အောက်ပါဦးတည်ချက်များ အပေါ် အခြေခံကာ တပ်မတော်နေ့မိန့်ခွန်းကို အလေးအနက်ပြောကြားသွားခဲ့သည်။

(က) နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထု ကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်း ပြီး စွမ်းရှည်ထက်မြက်မြင့်မားသော ခေတ်မီတပ်မတော်တည်ဆောက်ရေး၊

(ခ) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူလူထုနှင့်အတူ လက် တွဲညီညီပူးပေါင်းဆောင်ရွက်ရေး၊

(ဂ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျ ရောက်လာနိုင်သည့် ပြည်တွင်း ပြည်ပအန်္တရာယ် များမှ ကာကွယ်စောင့်ရှောက်ရေး၊

(ဃ) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အသက်ပေး၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊

တပ်မတော်အကြောင်း တစေ့တစောင်း

ကျွန်တော်တို့ မြန်မာ့တပ်မတော်က သမိုင်းစဉ် တစ်လျှောက်လုံး ပြည်တွင်းပြည်ပ ရန်သူများကို အသက်ကိုပဓာနမထား၊ သွေးချွေး၊ ကိုယ်လက်အင်္ဂါ တို့ကိုအရင်းတည်ကာ သက်စွန့်ကြိုးပမ်း တွန်းလှန် တိုက်ခိုက်ခဲ့ကြသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာကွယ်ခဲ့ကြသည်။ ရှေးခေတ်မြန်မာ့တပ်မတော်သားကြီးများက မိမိထက် အဆပေါင်း များစွာ အင်အားသာလွန်ကြီးမားလှသော မန်ချူး တရုတ်တပ်ကြီးများကို ခရစ်နှစ် ၁၇၆၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၇၆၆ခုနှစ်တွင် တစ်ကြိမ်၊ ၁၇၆၇ ခုနှစ် တွင်တစ်ကြိမ်၊ ၁၇၆၉ ခုနှစ်တွင် တစ်ကြိမ်၊ လေး ကြိမ်တိုင်တိုင် အသက်ပေါင်းများစွာ စတေးကာ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်အနိုင်ယူခဲ့ကြသည်။ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးများကလည်း မိမိ တို့ထက် လက်နက်၊ ခဲယမ်း၊ ပစ်္စည်းပစ်္စယ သာလွန် တောင့်တင်းပြည့်စုံလှသော တရုတ်ဖြူ(KMT) များကို အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့သည်။ ထို့ အတူ ကျွန်တော်တို့ခေတ်မှာလည်း ပြည်ပသြဇာခံ ဗကပများကိုလည်းကောင်း၊ ပြည်တွင်းသောင်းကျန်း သူ၊ဖြူနီ ကြောင်ကြားများကိုလည်းကောင်း ချေမှုန်း တိုက်ခိုက်နေခဲ့ကြရသည်။

ဗကပများပဲခူးရိုးမတွင် အခြေပြုနေစဉ်ကဆို လျှင် ဒီနေ့ ရန်ကုန်-မန်္တလေး အဝေးပြေးလမ်းမကြီး ဖောက်လုပ်ထားသည့်နေရာများသို့ သွားဖို့စိတ်ကူး ထဲပင် မထည့်ရဲပေ။နေ့စဉ် တအုန်းအုန်းမိုင်းကွဲ နေသည့် လက်ရှိမီးရထားလမ်းနှင့် ယခင်ကားလမ်းမ ကြီးကိုသာ ကြောက်ကြောက်ရွံ့ရွံ့ အသက်ကိုစွန့်၍ အသုံးပြုသွားလာနေကြရသည်။ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် မိမိတို့ တပ်မတော်သားများက တံတားတိုင်း၊ တောအုပ် တိုင်း၊ရထားလမ်းကားလမ်းတစ်လျှောက် နေပူမိုးရွာ မရှောင် နေ့ည ဆင်းဆင်းရဲရဲနှင့် ကင်းစောင့်နေခဲ့ ကြရသည်။ ဒီလိုလုံခြုံရေးတွေကြားက လူစီးရထားတွေ အပစ်အခတ်ခံရ၍ နေ့ပိုင်းမှာသွားလာခုတ် မောင်းခဲ့ကြရ သည်။ နာမည်ကျော်ရွှေမန်းမေတို့၊ ဒဂုန်မေတို့ဆိုရင် ရန်ကုန်-မန်္တလေးခရီး တစ်ရက်တည်းနှင့် မရောက်။ပျဉ်းမနားမှာပဲ ညအိပ်ကြရသည်။ ဘယ်လောက် ပြည်သူတွေဒုက်္ခရောက်ခဲ့ရသနည်း။ ယနေ့ ဗကပ တွေလည်း ပြည်တွင်းမှာမနေနိုင်၍ တစ်ဖက်နိုင်ငံ နယ်စပ် ရောက်ကုန်ပြီ။ ပြည်သူတွေလည်း စိတ် အေးလက်အေးနှင့် ပဲခူးရိုးမအခြေကပ်ဖောက်ထာ သည့် ရန်ကုန်-မန်္တလေး အမြန်လမ်းမကြီးအတိုင်း နေ့ညသွားလာနိုင်ကြပြီ။ ဒါဟာ တို့တပ်မတော် ရဲ့ကျေးဇူးကြောင့်ပဲ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ စာမျက်နှာ (၂၅)မှ

ဒီ ရန်ကုန်-မန်္တလေးကားလမ်း၊ ရထားလမ်း တစ်လျှောက်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်း စိမ်လုံခြုံဖို့အတွက် လုံခြုံရေး ဆောင်ရွက်ရင်းအသက်စွန့်ခဲ့ရသူတွေ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ် ခဲ့ရသူတွေအများကြီးပါ။ အထူးသဖြင့် ပြည်သူတွေ အတွက် လျှပ်စစ်ဓာတ်အား ပို့ပေးနေတဲ့ မဟာ ဓာတ်အားလိုင်းတစ်လျှောက် လုံခြုံရေးလုပ်ကြရသည့် ရဲဘော်လေးတွေ ပိုခံရပါတယ်။ မကွေးတုန်းက ကျွန်တော်ကိုင်ခဲ့တဲ့ ခလရ(၂၆)က တပ်ခွဲဆိုလျှင် တစ် နှစ်လောက်အတွင်း တစ်ဝက်လောက် သေသူသေ ပြတ်သူပြတ် ဒဏ်ရာရသူရ အတော်ဝမ်းနည်းစရာ ကောင်းပါတယ်။ အားလုံး တောင်ငူ-သံတောင်ဓာတ်အားလိုင်းစောင့်ရင်း ကရင်သောင်းကျန်းသူ တွေရဲ့မိုင်းဒဏ် အများဆုံးခံကြရတာပါ။ ယခု ငြိမ်း ချမ်းရေးရသလောက် ဖြစ်ပြီဆိုတော့ အတိုင်းမသိဝမ်းသာကြည်နူးမှုဖြစ်ရပါတယ်။ ဒါတွေကြည့်ရင် တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ် လောက်သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့ကြတယ်ဆိုတာသိနိုင်ပါတယ်။ အကယ်၍ တပ်မတော်သာ မရှိရင် တပ်မတော်အင်အားမတောင့်ရင် ဘာတွေဖြစ်နိုင်လဲ စဉ်းစားကြည့်ကြဖို့လိုပါတယ်။

ယနေ့မြန်မာ့တပ်မတော်

ကျွန်တော်တို့ခေတ်နဲ့ ရှေးခေတ်တပ်မတော် အကြောင်း တစေ့တစောင်း ပြည်သူတွေသိဖို့ တင်ပြ ပြီးပါပြီ။ ယနေ့ မြန်မာ့တပ်မတော်အကြောင်းကိုအနည်းငယ်တင်ပြပါမယ်။ တပ်မတော်အကြောင်း အကောင်းမမြင်သူတွေ၊ စစ်ခွေးလို့တောင် အလွန် ရိုင်းရိုင်းစိုင်းစိုင်း၊ ပိုးစိုးပက်စက် ပြောလိုသူတွေသိဖို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ယနေ့တပ်မတော်ဟာ နိုင်ငံတောရဲ့ မြေပြင်၊ ရေ ပြင်၊ ဝေဟင်နဲ့ တိုင်းရင်းသား ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ပြည်သူလူထုနှင့် လက်တွဲကာ ကြိုးကြိုးစားစား ဆောင်ရွက်နေပါတယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ဖို့ တည်ရှိနေတာလည်း ဖြစ်သည်။မည်သည့်အဖွဲ့အစည်းတစ်ခုတည်းအတွက်မှမဟုတ် သလို မည်သူတစ်ဦးတစ်ယောက်တည်းအတွက်လည်းမဟုတ်ပါ။ သူ့အတွက်လည်း လုံးဝမဟုတ်ပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။

ကမ်္ဘာပေါ်မှာ အရေးအခင်းတွေ မကြာခဏ၊ နေရာအနှံ့ဖြစ်ပွားလေ့ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကရေနံအများအပြားထွက်နိုင်ဖွယ်ရှိတဲ့ စိန့် မာတင်ကျွန်း (St. MARTIN's ISLAND) မြန်မာ အခေါ်အုန်းကျွန်းနှင့်ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် တွင်လည်း နယ်စပ်ဒေသမှာ ပစ်ခတ်မှုများထပ်မံဖြစ် ပွားခဲ့သဖြင့် အခြားနိုင်ငံကို ကျူးကျော်ရန်မဟုတ်သော်လည်း ကိုယ့်နိုင်ငံကိုကာကွယ်နိုင်ရန် တပ်မတော် အင်အား တောင့်ဖို့လိုပါတယ်။ တပ်မတော်အင်အားတိုးဖို့ဆိုတာ ““စစ်ရောက်မှ မျှားချွန်၊ မိုးလွန်မှ ထွန်ချ””ဆိုသလိုမျိုးထလုပ်လို့မရပါ။ လူရှိတိုင်း စစ်သားဖြစ်သည်မဟုတ်ပါ။ လေ့ကျင့်မှုအတွေ့အကြုံ ပြည့်စုံပါမှ စစ်သား ကောင်းတစ်ယောက်ဖြစ်မှာပါ။ ဒါ့ကြောင့် အချိန်ယူပြင်ဆင်ထားရပါတယ်။ ““လသာတုန်း ဗိုင်းငင်””ထားရ ပါတယ်။ ယနေ့ အရှေ့မြောက်ဒေသမှာ ဖြစ်ခဲ့သည့် လောက်ကိုင်နယ်မြေ ဖုန်ကျားရှင် ကိစ်္စဆိုလျှင် ပြဿနာကြီးပါတယ်။ တစ်ဖက်နိုင်ငံနှင့်လည်း ပတ်သက်နေ၍ လုပ်ရကိုင်ရ သိပ်မလွယ်လှပါ။ မိမိတပ်မတော်အင်အားတောင့်သဖြင့် ချက်ချင်းနှိမ် နှင်းနိုင်ခဲ့တာပါ။ပြည်သူလူထု၏ အားပေးထောက် ခံမှုကလည်း တပ်မတော်သားတွေအတွက် အင်အား တွေ အများကြီး တိုးပွားစေပါသည်။ ယင်းကဲ့သို့ နောက်ထပ် ဘယ်နှစ်ကြိမ်ဖြစ်ဦးမလဲဆိုသည်ကို ဘယ်သူမှမပြောနိုင်ပါ။ ဒီထက်မက နိုင်ငံနှင့်ချီသည့် ကိစ်္စမျိုးတောင်ဖြစ်နိုင်တော့ တပ်မတော်အင်အား တောင့်အောင်ကြိုတင်လုပ်ထားရမှာဖြစ်ပါတယ်။ ဒီတာဝန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က ဘယ်လောက်လုပ်နေ တယ်ဆိုသည်ကို ယနေ့တပ်မတော်နေ့ အခမ်း အနားမှာ ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။

တပ်မတော်အကြောင်း အမြင်မစောင်းစေချင်

တပ်မတော်သားအားလုံးက သူ့တာဝန်ကိုကျေ ပွန်အောင် ဆောင်ရွက်နေကြတယ်။ ဆောင်ရွက် ချက်များကိုလည်း တပ်မတော်နေ့စစ်ရေးပြ အခမ်း အနားတွင်ထင်ရှားစွာ တွေ့မြင်ကြရပါတယ်။ တပ်မ တော်၏သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း တွင်ကောင်းစွာတွေ့နိုင်တယ်။ နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ထိပါးလာလျှင် ချက်ချင်းတွန်းလှန် ချေမှုန်းနိုင်သည့် အနေအထားတွင်ရှိနေပါတယ်။ပြည် တွင်းပြည်ပမည်သည့်ရန်သူကိုမျှ မှုစရာမလို။ တပ် မတော်အပေါ် အကောင်းမမြင်သူ လူတချို့ကလွဲ၍ တိုင်းရင်းသားအားလုံးက တပ်မတော်နှင့်အတူရှိ သည်။တပ်မတော်ကိုထောက်ခံကြသည်။ တကယ် ဆိုတော့လည်း ဒီတပ်မတော်သားတွေဟာ အားလုံး သော ပြည်သူပြည်သားတွေရဲ့ သားသမီးများပင် မဟုတ်ပါလား။

ကျွန်တော့်အမြင်

ယနေ့တပ်မတော်ရဲ့ အဓိကတာဝန်မှာ နိုင်ငံ တော်ကာကွယ်ရေးပင်ဖြစ်သည်။ သို့သော် မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏အမျိုးသား နိုင်ငံရေးကိုလည်းလိုအပ်လျှင်ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်အောင် ထမ်းရွက်နိုင်ရန် ပြည်သူလူထု၏လှိုက်လှိုက်လှဲလှဲကူညီထောက်ပံ့မှုရရှိဖို့လိုပါတယ်။ ပြည်သူလူထုထောက်ခံမှုမရလျှင်ရည်မှန်းချက်တာဝန် ကို ဘယ်တော့မှ ကျေပွန်အောင် ဆောင်ရွက်နိုင် မှာမဟုတ်။ထို့အတူ တပ်မတော် ပူးပေါင်းပါဝင်မှု မရှိသော နိုင်ငံရေးလှုပ်ရှားမှုသည်လည်း ဘယ်တော့ မှအောင်မြင်မှုရမည်မထင်။ အထူးသဖြင့် မိမိတို့လို နိုင်ငံငယ်လေးများအဖို့တပ်မတော်၏အခန်းကဏ္ဍ သည် အလွန်အရေးကြီးပါတယ်။တပ်မတော်အင်အား တိုးတက်အောင် လုပ်ဆောင်ကြရပါမယ်။ တပ်မတော် အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်။ တိုင်းပြည် အင်အားရှိမှ ပြည်တွင်းပြည်ပအန်္တရာယ် ရန်စွယ်ဟူ သမျှကို ကောင်းစွာတွန်းလှန်တိုက်ခိုက်နိုင်မည်ဖြစ် ကြောင်းကျွန်တော့်အမြင်ကိုတင်ပြလိုက်ရပါတယ်။

ဘယ်သူနှင့်မှမတူ တမူထူးသည့်ဗိုလ်ချုပ်မှူးကြီး

နောက်ဆုံးအနေနဲ့ ဒီနေ့တပ်မတော်ကြီးကို ဦး စီးခေါင်းဆောင်နေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြောင်း အနည်းငယ်တင်ပြလိုပါတယ်။ တကယ်တော့ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကျွန်တော် တစ်ကြိမ် တစ်ခါမှ မဆုံဘူးခဲ့ပါ။ ဒါပေမဲ့ ကျွန်တော်အပါအ၀င်တပ်မတော်အရာရှိကြီးအချို့ကို (၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် လေး လေးစားစားနှင့် ဖိတ်ကြားခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်ကတပ်မတော်ကရော အစိုးရအဖွဲ့ဝင် ၀န်ကြီးအဖြစ်ကပါ ဖြုတ်ထုတ်ခံထားရသူ၊ စစ်အစိုးရ ကရော အရပ်ဘက်ဆန့်ကျင်ဘက်အင်အားစုကပါ မကောင်းသတင်းတွေအပြောခံနေရသူ၊ ဒီလိုလူမျိုး ကိုပါ တကူးတကဖိတ်ပါတယ်။ တပ်မတော် အထူး လေယာဉ်နဲ့ကြိုတယ်။ ပြန်ပို့သည်။ ကောင်းကောင်းမွန်မွန်ဧည့်ဝတ်ပြုသည်။ ကျွန်တော်တို့အငြိမ်းစား အရာရှိကြီးတွေအပေါ် ဧည့်ဝတ်ကျေပွန်မှု၊ ရိုသေ ဂါရ၀တရားရှေ့ထားမှုနဲ့ ပြုစုယုယမှုတို့က ပြောလို့ပင်ကုန်နိုင်မည်မထင်ပါ။ ရာထူးအဆင့်အတန်း ရော သြဇာအာဏာပါဝါ ကြီးများလှသူတစ်ဦးဖြစ် ပေမဲ့ ကျွန်တော်တို့ကို သူနဲ့ သူ့ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် တပ်မတော် ကြည်း၊ ရေ၊ လေ အရာရှိကြီးများနှင့် ဇနီးများက တရိုတသေ လေးလေး စားစား ဇေယျာသီရိခန်းမကြီးထဲမှာ လက်အုပ်ချီကာရှိခိုးဂါရ၀ပြုကြပါသည်။ ဘယ်သူနှင့်မှမတူ၊ ဘယ် တုန်းကမှ မလုပ်ဖူး မကြားဖူးသည့် ထူးခြားသည့် လုပ်ရပ်ဖြစ်ပါတယ်။ သူ့လုပ်ဆောင်ချက်က လူ သာဓုခေါ်နတ်သာဓုခေါ် ကြားကြရသူအဖို့ အလွန် စိတ်ကြည်နူးမှုရကြပါတယ်။ အလွန်အတုယူဖွယ် ကောင်းသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ ဘယ် တော့မှလည်းမေ့နိုင်တော့မည် မဟုတ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးနှင့်တကွ တပ်မတော်သားအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံတော်သူ နိုင်ငံတော်သား အားလုံး၊ ကမ်္ဘာသူကမ်္ဘာသားအားလုံး ကျန်းမာချမ်း သာကြပါစေ။ မြန်မာ့တပ်မတော်ကြီး တစ်နေ့တခြား အင်အားတိုးပွားပြီး အဓိကရည်ရွယ်ချက်ဖြစ်သည့် အမိနိုင်ငံတော်ကိုအောင်အောင်မြင်မြင် ကာကွယ် စောင့်ရှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်တင်ပြလိုက်ရပါတယ်။

ဗိုလ်ထွန်းကြည်
Hot News Jpurnal

0 comments:

Post a Comment