Monday, April 6, 2015

မိကျောင်းကို တုတ်ဖြင့်ဝင်ရိုက်ပြီး သမီး၏အသက်ကို ကယ်ဆယ်ခဲ့သည့် အိန္ဒိယ အမျိုးသမီး


အိန္ဒိယနိုင်ငံတွင် သမီးဖြစ်သူကို တိုက်ခိုက်သည့် မိကျောင်းအား အမျိုးသမီးတစ်ဦးက တုတ်ဖြင့်ဝင်ရိုက်ကာ သမီးကို ကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၃ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ သီကာရီယာ မူဘာရတ်ရွာရှိ မြစ်ကမ်းပါးတွင် အမျိုးသမီးငယ်တစ်ဦးသည် အဝတ်ထိုင်လျှော်နေခဲ့သည်။ ထိုစဉ် မြစ်ထဲမှ မိကျောင်းတစ်ကောင် ပေါ်လာပြီး သူမကို ကိုက်ဆွဲခဲ့ခြင်း ဖြစ်သည်။ မိကျောင်းက အမျိုးသမီး၏ ခြေထောက်ကို ကိုက်ထားပြီး မြစ်ထဲ ဆွဲချရန် ကြိုးစားခဲ့သည်။အနီးရှိ လူအများအနေဖြင့် အဆိုပါ အခြေအနေတွင် ရုတ်တရက် ငေးကြောင်နေသော်လည်း မိန်းကလေး၏ မိခင်က အဝတ်ဖွပ်သည့် သစ်သားတုတ်ကို ဆွဲယူကာ မိကျောင်းကို ရိုက်နှက်ခဲ့သည်။ မိခင် အမျိုးသမီး၏ ရဲရင့်သော လုပ်ရပ်ကြောင့် ရက်စက်ကြမ်းကြုတ်သည့် ရေနေတွားသွားသတ္တဝါသည် မိမိ၏ သားကောင်ကို လွှတ်ပြီး မြစ်ထဲသို့ ပြန်လည် ငုပ်လျှိုး ထွက်ပြေးသွားကြောင်း ဒေသဆိုင်ရာ သစ်တောရေးရာ အရာရှိ အေရှို ပန်ဒယာက ပြောကြားခဲ့သည်။

မိကျောင်းကိုက်ခံရသည့် မိန်းကလေးမှာ အသက်(၁၈)နှစ်အရွယ် ကန်တာ ဗန်ကာဆိုသူဖြစ်ပြီး ကြီးကြီးမားမား ဒဏ်ရာ မရဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ Times of India သတင်းစာက မိကျောင်း ကိုက်ခံရသည့် မိန်းကလေးမှာ ခြေထောက်တွင် ပတ်တီးစည်းလျက်ဖြင့် ဆေးရုံကုတင်တစ်ခုပေါ် လှဲလျောင်းနေသည့် ဓာတ်ပုံကို ဖော်ပြခဲ့ပြီး သူမ၏ နံဘေးတွင် မိခင်ဖြစ်သူ ဒီဝါလီက ထိုင်နေသည်ကို တွေ့ရသည်။

ယခုအခါ အာဏာပိုင်များက မြစ်ကမ်းအနီး သွားလာလှုပ်ရှားရာတွင် မိကျောင်းရန်ကို သတိပြုကြရန် ဒေသခံများအား လိုက်လံ သတိပေးထားသည်။ အိန္ဒိယ အရှေ့ပိုင်း၊ ဂူဂျာရတ် ပြည်နယ်ရှိ အဆိုပါ ဒေသတွင် ယခင်ကလည်း အလားတူ မိကျောင်းတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

_Ref: CNN
Trend Myanmar

0 comments:

Post a Comment