Wednesday, April 22, 2015

သံလွင်တွေ ရေတွေ ကုန်ပါမှ တွေ့ရမှာလား . . . (ကွယ်လွန်သွားပြီဖြစ်သော ညီငယ်နှစ်ယောက်အား ရည်ညွှန်းရေးသားသည်)


တရုတ်ပြည်နယ်စပ်၊ ကြယ်ဂေါင်နှင့် မြန်မာ ပြည်၏ရှမ်း/မြောက်နယ်နိမိတ်အဆုံး မူဆယ်မြို့ လယ်မှာ ဖြတ်သန်းစီးဆင်းနေသည်က ရွှေလီမြစ်။ ထိုစဉ်ကရွှေလီမြစ်ကူးတံတားသည် ယခုလို လှပ၊ ခိုင်ခန့်၊ ခန့်ထည်သော တံတားမဟုတ်သေး။ ကွန် ကရစ်သံဘောင်ဖြင့် ဘေလီတံတား၊ သံတံတားပေါ် မှ လမ်းသည်ကျဉ်းမြောင်းလှသည်ဖြစ်၍ ဗမာပြည် မှ အ၀င် တရုတ်ပြည်မှ အထွက်ကားများတစ်လှည့် စီ စောင့် စောင့်နေရသည်။
ထိုစဉ်က တရုတ်၊ မြန်မာနယ်စပ် (Border trade) ခေါ်နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစတင်ဖွင့် စအချိန်။ ရွှေလီမြစ်ကူးဘေလီတံတားပေါ်မှာကား နှစ်နိုင်ငံ၏နယ်စပ်ကုန်များတင်ဆောင်မောင်းနှင် လာသော စက်သံကြမ်းသည့်ထော်လာဂျီအသံများ တ၀ုန်းဝုန်း၊ တဒိုင်းဒိုင်း။ ကြယ်ဂေါင်ရွှေလီမြစ် ကူးတံတားမှသည်တရုတ်ပြည်နယ်စပ်အစသို့ ၀င်ပြီ ဖြစ်၍ တံတားပေါ်မှ ထော်လာဂျီကုန်ကားများအား ရှင်းလင်းနေသော တရုတ်ရဲများ၏ ၀ီစီသံများတညံ ညံ။ ထိုအချိန်ကမြန်မာပြည်ဘက်မှာရော တရုတ် ပြည်ဘက်မှာပါ တောင်များအား တဝေ့ဝေ့အုပ် ဆိုင်းနေသော တောင်ခိုး၊ တောင်ငွေ့နှင့် နှင်းမြူများ အုပ်ဆိုင်းနေသည်။
မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးရှေ့ ရုံးထဲမှ ကွန်ပျူတာဖြင့် ဓာတ်ပုံရိုက်ခံ တစ်ခါတည်းထွက်လာ သော နယ်စပ်ဖြတ်သန်းခွင့်ပတ်စ်ပို့ခ မြန်မာငွေ တစ်ထောင်ပေးကာတရုတ်ပြည် လူဝင်မှုကြီးကြပ် ရေးရုံးရှေ့သွားရသည်။ ယင်းမှာလည်း တရုတ်ယွမ် ငွေပေးခဲ့ရသေးသည်။ တရုတ်နယ်စပ်လူဝင်မှုကြီး ကြပ်ရေး တရုတ်ရဲမေသည်ဗမာပတ်စ်ပို့ ပုံနှင့် ရှေ့ရှိလူကိုယ်တိုင် မျက်နှာကို တိုက်ဆိုင်စစ်ဆေးကာ ဒုန်းခနဲတံဆိပ်ထုသည်။ တရုတ်ပြည်ထဲဝင်ခွင့်ရပြီ ပေါ့။ နေထိုင်မှုခွင့်ပြုရက်က ခုနှစ်ရက်။ကြယ်ဂေါင် မှ တရုတ်ပြည်ရွှေလီမြို့ထဲဝင်ရန် တရုတ်များမောင်း သော နောက်တွဲယာဉ်ကားလေးများစောင့်နေသည်။ ဆိုင်ကယ်အကြီးစားကိုနောက်ပိုင်းကားကိုယ်ထည် ချိတ်တွဲထားသော ကားဆိုင်ကယ်များလည်း ပါ သည်။ ရွှေလီ၊ ရွှေလီဟု ပါးစပ်မှခရီးသည်အော်ခေါ် နေသော်လည်းတကယ့်တရုတ်အခေါ်မှာ ““ယွေ့လီ”” ဟုသိရသည်။
ရွှေလီမြစ်ကူးဘေလီတံတားကို ဖြတ်ကျော်ပြီး သည်နှင့် ကျွန်တော်စီးလာသောကားသည် ရွှေလီ မြို့အ၀င်သို့စ၀င်ပြီ။ မြို့အ၀င်ကား ရှမ်းဘုန်းကြီး ကျောင်းများ၊ရှမ်းရွာများကို တွေ့ရသည်။ စင်စစ် ထိုသို့ ရှမ်းရွာများကျန်ရှိနေသည်မှာ မူလက မြန်မာ ပြည်သည် တရုတ်ပြည်ကြယ်ဂေါင်အထိ ပိုင်နက် နယ်မြေဖြစ်ခဲ့သည်။
နိုင်ငံရေးအစိုးရဦးနုလက်ထက် တရုတ်၊ မြန်မာ နယ်ခြားမျဉ်းသတ်မှတ်ရာမှာ ကြယ်ဂေါင်သည် တရုတ်ပိုက်နက်ထဲရောက်ရှိသွားသည်ဟု သိရသည်။ ကျွန်တော်တရုတ်ပြည် ရွှေလီသွားရောက်စဉ်မှာ တရုတ်၊ မြန်မာနယ်စပ်ကုန်သွယ်ရေး စတင်ချိန်ဖြစ် ရာ တရုတ်ပြည်ရွှေလီမှာ မြေများဖြို၊ ခေတ်မီသစ် လွင်သောတိုက်တာအဆောက်အဦးများ ဆောက် နေပြီ။ မြန်မာပြည်၊ မူဆယ်မှာလည်း အဆောက် အဦအသစ်များ ဆောက်နေသည်။ အရွယ်ရောက်စ အပျိုမနှစ်ယောက်တရုတ်နှင့်မြန်မာ အလှချင်းပြိုင် သလို အပြိုင်အဆိုင် သို့သော်ချမ်းသာသော ရွှေလီ အပျိုမသည် အပျိုဖော်ဝင်ကာ မြန်မာအပျိုမထက် သာလွန်စပြုနေပြီ။ မြန်မာထက်ပို၍လှနေပြီ။
တရုတ်ပြည်ရွှေလီမြို့သို့ ကျွန်တော်လာခြင်း ကား ၁၅ နှစ်၊ နှစ် နှစ်ဆယ်နီးပါးဝေးကွာခဲ့ရသော ညီနှစ်ယောက်နှင့် တွေ့ရန်။ ဘာ့ကြောင့် မိသားစု မှထိုညီနှစ်ယောက်နှင့် ၁၅ နှစ်၊ နှစ်၊ နှစ်ဆယ်နီးပါး ဝေးကွာခဲ့ပါသလဲ။ ကျွန်တော် ထိုဇာတ်လမ်းအစကို ပြောမှဇာတ်လမ်းအစကား...။
ဇာတ်လမ်းအစကား ဗ.က.ပပါတီနယ်မြေသို့ တောခိုပြီး ထောင်ငါးနှစ်ကျကာ ဖခင်စာရေးဆရာ သခင်မြသန်း ထောင်မှလွတ်တော့ ၁၉၇၄ ခုနှစ်၊ တောခိုချိန်၊ ၁၉၆၈မှပြန်လွတ်ချိန်၊ ၁၉၇၄ ခုနှစ်ဆို တော့ အဖေနှင့်ကျွန်တော်တို့ မိသားစု ၆ နှစ်မျှဝေး ကွာခဲ့သည်။
၁၉၇၆ ခုနှစ်မှာ အဖေနှလုံးရောဂါဖောက်ကာ မြောက်ဥက္ကလာပဆေးရုံတင်ရသည်။ ၁၉၇၆ ခုနှစ် မေလ ၃၁ ရက်နေ့ကား မြန်မာစာပေလောကမှစာရေးဆရာတစ်ယောက် လောကကြီးမှ အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။ အဖေသတိလစ်ကာ ကယောင် ကတမ်းဖြစ်နေချိန်မှာ (အဖေ့နောက်ဆုံးအချိန်မှန်း သိ၍)အဖေ့ရဲဘော်များ၊ မင်းသားကြီးဦးထွန်းဝေ၊ ဆရာရာဂျန်၊ လေထီးဗိုလ်အုန်းမောင်၊ NLDတတ် သိပညာရှင်(ဥပဒေ)အဖွဲ့မှ ၀တ်လုံဦးထွန်းတင်တို့အဖေ့ကုတင်အားပတ်ဝိုင်း၍ အလေးနီပြုခဲ့သည်။ သတိရတစ်ချက် မရတစ်ချက်နှင့် သတိရစဉ်မှာ ကျွန်တော့်ညီအောင်ကျော်စိုးအား လက်ယပ်ပြသူ့ အနားခေါ်ကာအဖေစကားတစ်ခွန်းပြောသည်။ စကားက အင်္ဂလိပ်လို You must be a good communist" တဲ့။ ညီသည်ထိုစဉ်က လမ်းသရဲစရိုက်များ လွှမ်းသောခေတ်ကာလဖြစ်ကာ လမ်းသရဲဆန်စွာ ဖြစ်နေသည်ကို အဖေစိတ်မချ၍ပြောခဲ့ခြင်း။
““ကိုကို၊ ဖေဖေ၊ စိုးစိုးကို ဘာပြောသွားတာလဲ””
““မင်းကို ကွန်မြူနစ်ကောင်းတစ်ယောက်ဖြစ်ရ မယ်””တဲ့။ အဖေ့ထိုစကားကား ကျွန်တော့်ညီ၏ အသွေးအသား နှလုံးသားထဲ ““နစ်””၀င်သွားခဲ့ပြီ။ ထို သို့ဖြင့်ညီအောင်ကျော်စိုး၊ ညီအောင်ကျော်မိုး၊ ညီမ အငယ်ဆုံးအပါအ၀င် မောင်နှမသုံးယောက်သည် လည်း ဖေဖေမှာခဲ့သလို ကွန်မြူနစ်များဖြစ်ကာ (ကျွန်တော်မသိအောင်)သူတို့ချိတ်နှင့် သူတို့တော ခိုသွားခဲ့ပြီ။ ကျွန်တော်တို့နှင့်လုံးဝ အဆက်အသွယ် မရှိတော့။ သူတို့တောခိုစဉ်မှာ ဗ.က.ပ ဥက်္ကဋ္ဌ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့ကျဆုံးကာ ပဲခူးရိုးမပြိုပျက်ပြီဖြစ်၍ မြောက်ပိုင်းပန်ဆန်းဗဟို ““၀”” နယ်မြေဖက်သို့ရောက်ခဲ့သည်။ ပန်ဆန်းဗဟိုအား ၀များအာဏာသိမ်းသည့်အခါသူတို့သည်လက်နက် လည်းမချ၊ အိမ်သို့လည်း ပြန်ရောက်မလာဘဲ တရုတ်ပြည်ရွှေလီမြို့မှာ တရုတ်အစိုးရ၏ ခွင့်ပြုချက် ဖြင့် ခိုလှုံနေထိုင်နေကြသည်။
ညီအကြီးအောင်ကျော်စိုး(ဗ.က.ပ ပါတီ တွင်းနာမည်ရဲဘော် စိုးထွန်းသည်) လားဟူသူမလေး တစ်ယောက်နှင့် အိမ်ထောင်ကျကာ သားလေးတစ် ယောက်ရနေပြီ။ညီအငယ်အောင်ကျော်မိုး(ပါတီ တွင်း နာမည်ရဲဘော်မိုးထွန်း)ကား လူပျိုလူလွတ်။ သူတို့၏ပါတီနာမည်မှာ သူတို့၏ မူရင်းနာမည်တစ် လုံးနှင့်““ထွန်း””ကိုယူထားခြင်းသည် သခင်သန်းထွန်း ၏ ““ထွန်း””ကိုတွဲဖက်ယူထားခြင်း၊ ပန်ဆန်ဗဟိုသည် ပဲခူးရိုးမလို မဟုတ်ဘဲ အေးချမ်းလှသော ဒေသဖြစ် ၍အရက်သောက်ခြင်းကို သံမဏိစည်းကမ်းလို မတားမြစ်တော့ဘဲ အထိုက်အလျောက် ခွင့်ပြုခဲ့ သည်။
ယင်းဒေသမှာ အရက်စွဲသွားသူ ကျွန်တော့်ညီ အကြီးအရက်ကို ရွှေလီမှာနေသည့်အချိန်ထိ (မိန်း မနှင့်လည်း ကွဲသွားပြီဖြစ်၍) ပို၍သောက်နေပြီ။ ဘာအလုပ်မှလည်းမလုပ်တတ်၊ မကိုင်တတ်။ တူအရီး သားအဖသုံးယောက်၏ စားဝတ်နေရေးကို အဓိကဖြေရှင်းနေသူက ညီအငယ်ရဲဘော်မိုးထွန်း (အောင်ကျော်မိုး)၊ သူသည်လူမျိုးစုဘာသာစကား ၆ မျိုးလောက်ကျွမ်းကျင်စွာပြောနိုင်သည်။ တရုတ် စကားပိုင်နိုင်ကျွမ်းကျင်မှုကြောင့် တရုတ်ဗမာ နယ် စပ်ကုန်သွယ်ရေးခွင့်ပြုချိန်မှစကာ မန်္တလေးမှ ဗမာကျောက်ကုန်သည်များ ရွှေလီမှာ ကျောက်အရောင်း အ၀ယ်ပြုကြပြီ။ ညီအောင်ကျော်မိုးသည် တရုတ်၊ ဗမာ ရောင်းလက် ၀ယ်လက်များကြား တရုတ်စကားမပေါက်သော ဗမာဝယ်လက်များအား တစ် ဖက်မှလည်း ကိုယ့်လူမျိုးအား ကူညီ။ တစ်ဖက်မှ လည်း တရုတ်ဝယ်လက်ရှာဖွေပေးကာ ပွဲညွန့်တိုက် ပေးသည်။ပွဲတိုက်၍ရသော ပွဲခဖြင့်သားအဖ၊ တူအရီးသုံးယောက်စားဝတ်နေရေး ရပ်တည်နေခြင်း။ ပွဲမဖြစ်သောနေ့များမှာကား ကျပ်ကျပ်တည်းတည်း၊ ကံတရားကားဆန်းကြယ်လှသည်။ ရန်ကုန်မှ နို့ညှာ ညီမ၏ယောက်ျား တရုတ်၊ ဗမာနယ်စပ်ကုန်သွယ် ရေးဈေးကွက်သို့ ဗမာ ““ဒေါင်းတောင်””များတက် ရောင်းသည်။တယ်လီယာခွေးငယ်များအား တရုတ် များကြိုက်လှသည်ဖြစ်ရာ ရန်ကုန်မှ ကျွန်တော့် ယောက်ဖြစ်သူသည် ခွေးလည်းကုန်ကူးသည်။ ဂဏန်းလည်းကုန်ကူးသည်။သည်မှာကာလကြာ ရှည်စွာ ကွဲကွာနေသော ညီဖြစ်သူကျောက်ပွဲစားနှင့် ယောက်ဖတို့ ဆန်းကြယ်လှသော ကံတရားဖြင့်ပြန် တွေ့ကြပြီ။
ယောက်ဖပြန်လာတော့ ညီအငယ်ဆုံးထံမှ စာတစ်စောင်ပါလာသည်။ စာ၏ ဆိုလိုရင်းကား အစ် ကိုကြီး၏ ညီအောင်ကျော်စိုး အဆုပ်တစ်ခြမ်းမရှိတော့လောက်အောင် အရက်သောက်နေကြောင်း၊ မိန်းမနှင့်ကွဲ သားတစ်ယောက်ဖြင့် နေ့အလင်း ညအလင်းအရက်သောက်ကြောင်း၊ ကိုကြီးနှင့်အထူး တွေ့ဆုံလိုပြီးဆုံးမစေလိုကြောင်း၊ ငွေကြေးအနည်း ငယ်လည်း ရှာဖွေပေးလာစေလိုကြောင်း။
ကျွန်တော်ဘာလုပ်မည်နည်း။ ကျွန်တော်သည် လည်း လမ်းဘေးမှာ စာအုပ်ရောင်းဝမ်းရေးရှာဖွေ နေရသူ၊ ထောင်သာသူမောင်နှမများလည်း ရန်ကုန် မှာသိပ်ရှိလှသည်မဟုတ်။ သူများတွေဘော်ဒါထ ရိတ်အဖြစ်သွားနေသော်လည်း ကျွန်တော့်မှာမူ အန်္တရာယ်ရှိနိုင်မည်လား။ ညီများက ဗ.က.ပ အစ်ကိုကဥပဒေအတွင်းမှလူ၊ သြ...ဘာပဲဖြစ်ဖြစ် ညီ အကြီးကောင် (အရက်စွဲသူ)၏ နောက်ဆုံးအချိန် လည်းဖြစ်နိုင်သည်ဖြစ်၍ ကျွန်တော်မသွားလျှင်တာဝန်မဲ့သလိုဖြစ်နေမလား။
ထိုသို့ဖြင့် ငွေကြေးအတန်အသင့်ကြွယ်ဝသူ တရားဝင် ငါးလုပ်ငန်းကုမ်္ပဏီတစ်ခုထူထောင်လုပ် ကိုင်နေသူ (ငယ်သူငယ်ချင်း)မှ တရုတ်ရွှေလီသို့ ငါး များရေခဲရိုက်ကားအစီးလိုက်ပို့ဆောင်မည်ဖြစ်ရာ စာနာတတ်သော ထိုသူငယ်ချင်းမှ ကျွန်တော့်အား လိုက်ချင်လိုက်ခဲ့ပါကြောင်း အစစအရာရာ စပွန်ဆာ လုပ်ခေါ်ယူသည်ဖြစ်၍ကျွန်တော် အထက်မှာဖော် ပြခဲ့သလို ညီများရှိရာ ရွှေလီသို့ရောက်ခဲ့ခြင်း။
သူငယ်ချင်း ငါးကုမ်္ပဏီပိုင်ရှင် M.D Fm၏ အဖြစ် ကျွန်တော်လိုက်ပါခွင့်ရခဲ့ရာ ရွှေလီသို့ ကျွန်တော်ခြေချခွင့်ရခဲ့ပြီ။ သူငယ်ချင်းအပါအ၀င်ကျွန်တော်တို့လေးယောက်တည်းခိုသည်မှာ ရွှေလီ ၏ အဆင့်မြင့်ခမ်းနားလှသော ဟိုတယ်။ ဟိုတယ် နံရံမှာ ချိတ်ဆွဲထားသော ဤဟိုတယ်မှာ တည်းခို ပြီးသင်၏သန့်ရှင်းသော ခန်္ဓာကိုယ်ကို သန့်ရှင်းစွာ ဖြင့် ပြန်လည်ထွက်ခွာသွားပါ။ံ.H.T.V သတိပေး ကြော်ငြာအင်္ဂလိပ်လိုရေးသားထားသည်ကို ကျွန်တော်ဖတ်ရသည်။
တရုတ်၊ ဗမာနယ်စပ်ကုန်သွယ်ရေးမှာ အချို့ သော အပျော်မယ် ဗမာအမျိုးသမီးများလည်း ဈေး ကွက်အသစ်ရနေပြီ။ ဗမာမှာနွယ်နီ၊ တရုတ်မှာ ရှယ်လီဆိုသလိုပေါ့။ဘာပဲဖြစ်ဖြစ် ကျွန်တော်ကား ယောက်ဖပေးလိုက်သော ညီများ၏ တရုတ်လိပ်စာ ကို မြန်မာများအားမေးကာ အဆောတလျင်ရှာဖွေခဲ့ သည်။
ဟော တွေ့ပါပြီ။
အနောက်တိုင်းဝတ်စုံတရုတ်သုံးယောက်နှင့် ဘောင်းဘီရှည်နယ်(လ်)တိုင်၊ ကုတ်အင်္ကျီဖြင့် အရပ် ရှည်သော ကွန်မြူနစ်လူထွက် ကျွန်တော့်ညီအငယ် အောင်ကျော်မိုးသူတို့အုပ်စု မတ်တပ်ရပ်စကားပြော နေရာမှ ကျွန်တော့်ကို ညီငယ်မြင်သွားသည့်အခါ ဧည့်သည်အုပ်စုကို ထားရစ်၍ ““ကိုကြီး””ဟု အံ့သြ ၀မ်းသာဆိုမြည်ကာပြေးဖက်လာသည်။ ညီအစ်ကို နှစ်ယောက်တင်းတင်းကျပ်ကျပ်ဖက်ထားမိကြသည်။ သြော် ကျွန်တော်တို့သည် ၁၅ နှစ်၊ အနှစ် နှစ်ဆယ် ကွဲကွာခဲ့ကြပါလား။
လူချင်းခွာလိုက်သည့်အခါ ညီငယ့်မျက်လုံးအိမ် မှာ မျက်ရည်များထိန်းမနိုင် သိမ်းမနိုင်စီးကျလျက် ကျွန်တော်သည်လည်း ကျအံ့ဆဲမျက်ရည်များကိုမနည်းထိန်းထားသော်လည်း မရ။ တရုတ် ကျောက် ကုန်သည် အုပ်စုက ကျွန်တော်တို့အား အံ့အားသင့် စွာငေးကြည့်နေသည်။ တရုတ်များအား ကျွန်တော့် ညီငယ်ကတရုတ်စကားဖြင့် ပြောလိုက်သည့်အခါ သူတို့လည်းတအား တသင့်နှင့် ပြုံးပြုံး၊ ပြုံးပြုံးဖြစ်ကာ စာနာစွာကြည့်နေသည်။
““စိုးစိုးရေ၊ ဒီမှာ ကိုကြီးလာတယ်ဟေ့။ မျိုးဆက် လေးပါခေါ်ခဲ့..””
မျိုးဆက်ဆိုသည်မှာ ၅ နှစ်သားအရွယ်ခန့် ကျွန်တော့်ညီအကြီးကောင်၏ သားငယ်လေး လော လောဆယ်မိခင်မဲ့နေရှာသူ။ ညီသည်ချက်ပြုတ်နေ ဟန်တူသည်။လက်ထဲမှာ အကြော်ဇွန်းကြီးတစ် ချောင်းကိုင်လျက်ထွက်လာသည်။ လူကလူမမာသည် လိုခပ်နဲ့နဲ့ သူ့ဆီကိုမူ ကျွန်တော်ကသွားလိုက်သည်။ သူ့ကိုဖက်သည့်အခါသူ့ခန်္ဓာကိုယ်သည် အရိုးကျ သလိုဖြစ်နေပါလား။ အရက်နံ့လေးတသင်းသင်းနှင့်။ ပြီးတော့ ခုမှတွေ့ရသော တူလေးအား ကောက်ချီ လိုက်သည်။ သူကမူဝကစ်ကစ်ကလေးနှင့် ပါးမို့မို့ များနီရဲလျက် (ဗမာနှင့်မတူသော) တိုင်းရင်းသား ကလေးငယ်လေးတစ်ဦးအသွင်။ သူ့ကိုနမ်းလိုက်သည့် အခါ အံ့သြပြူးကျယ်သောမျက်လုံးကလေးများ အ၀ိုင်းသား။
““ကိုကြီး မိုးမိုးပြန်လာခဲ့မယ်။အလုပ်ကိစ်္စပြီးတာ နဲ့ ချက်ချင်းပြန်လာမယ်..””
ညီငယ်က မပြီးပြတ်သေးသော အလုပ်ကိစ်္စ ဖြင့် တရုတ်ကုန်သည်အုပ်စုနှင့်ပါသွားသည်။ ကျွန်တော့် ညီများမှာ ညီအငယ်ကောင်က စကားသွက်သ လောက်ညီအကြီးကောင်ကမူ ကျွန်တော့်လိုစကား နည်းသည်။ စကားသိပ်မပြော။ သူတို့နေသော အိမ် သည် အိမ်ဟုပြောရမှာပင်ခက်သည်။ ၀ါးထရံကာ ထားကာယင်ပေါင်ဂျမ်း (တရုတ်လိုအခေါ်) ကတ်္တ ရာသုတ်ထားသော ပလပ်စတစ်စကို အမိုးမိုးထား သည်။ အခန်း ၆ ခန်းမျှပါရှိသော တဲတန်း။ မြေစိုက် တဲ၊ ၀ါးတိုင်၊၀ါးကွပ်ပစ်အိပ်ရာက ညီအကြီးကောင် သားအဖ နှစ်ယောက်အိပ်ရာ ဂွမ်းကပ်ခပ်စုပ်စုပ်ခင်း ထားသည်။ သူနိုင်ငံခြားသတင်းနားထောင်ဟန်တူ သော ကချီအိုဓာတ်ခဲ့ရေဒီယိုလေးတစ်လုံးနှင့် ပြီး တော့ ယောက်ဖယူလာပေးသော စာအုပ်ပုံ။
စကားနည်းသော ထိုညီအကြီးသည် စာတော့ အတော်ဖတ်သည်။ ကျွန်တော်က ကျွန်တော့်မှာပါ လာသော သူ့ညီမ အစ်မများပေးလိုက်သည့် ငါး ခြောက်ငါးခြမ်း၊စားစရာ အထုပ်များနှင့် ကျွန်တော် မန်္တလေးမှဝယ်လာသော ထိုးမုန့်နှင့်ကျွန်တော့်သူ ငယ်ချင်းငါးလုပ်ငန်းကုမ်္ပဏီ ပိုင်ရှင်ပေးလိုက်သော ငါးသေတ်္တာဗူးများနှင့်အခြားအသားဗူးများပေးလိုက် သည်။
““ပိန်လှချည်လား၊ ငါ့ညီရာ အရက်သောက်ရင် အသည်းကျွတ်တာတို့၊ အသည်းယောင်တာတို့က လူကိုဒုက်္ခပေးတတ်တယ်။ ပြီးတော့ မင်းအဆုပ်တစ် ခြမ်းကလည်းမကောင်းဘူးဆို။ သားလေးမျက်နှာ ငဲ့ပါကွာ..””
ညီငယ်ကား မပြောမဆိုငိုချသည်။
““သားလေး မှာ အမေလည်းမဲ့သွားပြီကိုကြီး။ တရုတ်ပြည်အတွင်း ပိုင်းမှာ နောက်အိမ်ထောင်နဲ့။ စိုးစိုးကသေမှာပါကိုကြီးရာ။ သားလေးကို ရန်ကုန်အစ်ကိုကြီးတို့လက်ထဲ အမြန်ပို့ချင်တယ်။ သူ့ အနာဂတ်အတွက်..””
ဖခင်ငိုတော့ သားငယ်လေးပါ မျက်ရည်များ ၀ဲလာသည်။ ကျွန်တော် ကျွန်တော့်ရင်ခွင်ထဲ တူ လေးအား ပွေ့ဖက်ဆွဲသွင်းလိုက်သည်။ လမုန့်တစ်ခု ပေးလိုက်သည်။တူလေးသည် ““လ””မုန့်ကို မစား သေးဘဲ ခွက်တစ်ခွက်ယူကာတဲပြင်ထွက်သွားသည်။ ကျွန်တော်ကြည့်လိုက်သည့်အခါ တစ်ဖက်အခန်းမှတရုတ်လည်ချောင်းလှီးသတ်နေ၍ ကြက်လည်ပင်း မှ ကျလာသော သွေးများကို သူ့ခွက်လေးဖြင့် ““ထိုး”” ခံသည်။ သူရယူလာသော ကြက်သွေးသည် သူ့ အခန်းထဲပြန်ရောက်သည့်အခါ ““အတုံး””သဖွယ် ခဲသွားပြီ။ ညီက ဂက်(စ်)မီးဖိုပြန်မြှင့်ကာ ကြက်သွေး တုံးကိုလှီး၍ ပဲသီးကြော်ထဲထည့်နေသည်။ သြကျွန်တော်မရောက်လျှင် သူတို့၏နံနက်စာပဲသီး ကြော်ပါလား။
““ခုတစ်လော ကိုကြီးညီ မိုးမိုးလည်း အလုပ်သိပ် မကောင်းဘူး ကိုကြီး။ မန်္တလေးကျောက်ကုန်သည် တွေ အလာနည်းနေတယ်””
““ငါ့မှာ ဟိုက ဒီကစုဆောင်းပြီးယူလာတဲ့ ဗမာ ငွေငါးသောင်းတော့ပါတယ်။ မင်းတရုတ်ဆေးရုံတက် ပါလား..””
ညီကခေါင်းခါသည်။ ““ဒီမှာ တရုတ်ဆေးရုံက တစ်ခါတည်း သူတို့ယွမ်ငွေကို ရောဂါကုသချက်ကို တွက်ချက်ပြီး တစ်ခါတည်းပေးရတယ်။ နောက် ခုတရုတ်ယွမ်ငွေဈေးကမြင့်တယ်။ ဗမာငွေဈေးကနိမ့် တယ်။ ဒီငါးသောင်း တရုတ်ငွေလဲလိုက်ရင် တရုတ် ငွေ ထောင်ဂဏန်း အနည်းအကျဉ်းပဲရနိုင်တယ်။ထားလိုက်ပါကိုကြီးရာ။ စိုးစိုးကသေမဲ့လူက သေမှာပါပဲ။ ငွေလဲလို့ ဗမာငွေရရင် ဈေးနည်းတဲ့ သက်သာတဲ့ဆေးဝယ်သောက်လိုက်မယ်။ စိုးစိုး စိုးရိမ် တာကမျိုးဆက်လေး (သူ့သား)ရဲ့ ကလေးအနာဂတ် အရေးကြီးတာပါ။ ရန်ကုန် ကိုကြီးတို့လက်ထဲ သူ့ကို ပို့ချင်တယ်။ ဒါငါတို့ ဗမာပြည်ပါလား။ ဒါ ငါ့အဖိုးနဲ့ ငါ့ညီအစ်ကိုမောင်နှမ ဦးလေး အဒေါ်တွေပါလား ဆိုတဲ့ အသိကလေးကို ရစေချင်တယ်..””
ကျွန်တော့်ရင်ခွင်ထဲမှ ကျွန်တော့်သွေးသား ဗမာတစ်ဝက် တိုင်းရင်းသူသွေးတစ်ဝက်ပါသော (ဗမာနှင့် သိပ်မတူသော) တူလေးကိုငုံ့ကြည့်လိုက် သည်။ သူ့အဖေက သူ့သားကို (တရုတ်) စကားဖြင့် ပြောသည်။ အဓိပ်္ပာယ်က ဒါသားရဲ့ဘကြီး အဖေ့ အစ်ကိုနဲ့သားရန်ကုန် ဗမာပြည်လိုက်သွားရမယ်ဆို သည့် အဓိပ်္ပာယ်။
ကလေးက သူ့အဖေကိုကြည့်ကာ မျက်ရည်ဝဲ စွာ ခေါင်းခါသည်။ ထိုအချိန်မှာ စောစောက အပြင် ထွက်သွားသော ညီငယ်အောင်ကျော်မိုး ပြန်ရောက် လာသည်။
““စိုးစိုး ငါကိုကြီးကို ရွှေလီမြို့ထဲ ခေါ်သွားဦး မယ်။ ကိုကြီးကို ၀က်ပေါင်ခြောက်ကင်နဲ့ ဘီယာ တိုက်ပြီး အပြင်မှာပဲ ကျွေးလိုက်မယ်။ ငါစောစော က တရုတ်တွေဆီက ငွေ နည်းနည်းဖန်လာတာ။ သားမျိုးဆက် ““ဦးဖေ””တို့နဲ့လိုက်ခဲ့ပါလား..””
ကလေးက ခေါင်းခါသည်။ ညီအကြီးစိုးစိုးက ဘာမှမပြောဘဲ ငေးရီသော အကြည့်ဖြင့် ကျွန်တော့် အားကြည့်နေသည်။ ဘီယာနှစ်လုံးချ ၀က်ပေါင် ခြောက်ကင် ချိ(စ်) ဒိန်ခဲဖြင့် ညီအစ်ကိုနှစ်ယောက် ရှေ့မှာဖန်ခွက်နှစ်လုံး စားပွဲထိုးတရုတ်မလေးများက ဖြူအိပြည့်ဖြိုးသော ခြေသလုံးသားအထက် ဒူးဆစ် လောက်အထိသော စကတ်ဂါဝန်အတိုလေးများဖြင့် ဘီယာသောက်ရင်းမှ စကားစမြည်ပြောရာ ကျွန် တော်လာရောက်ခဲ့ရပုံ အခြေအနေ ညီအားတင်ပြ သည်။ ပိုက်ဆံသိပ်မပါပုံနှင့် ရန်ကုန်မှာလည်း ကျပ် တည်းလှပုံအခြေအနေ။
““အမှန်က သူ့သားလေးကို ငဲ့ရင် သူအရက် လျှော့သောက်သင့်တယ်။ သူ့ရင်ထဲက သူ့မိန်းမကို ထာဝရဖယ်ရှားပစ်နိုင်မယ်။ မိုးမိုးလည်း အိမ်ထောင် ပြုချင်ပြီကိုကြီး။ ကောင်မလေးကရန်ကုန်တောင် ဥက်္ကလာပက။ သူတို့သားအဖသံယောဇဉ်နဲ့ မိုးမိုး ကောင်မလေးကို ညှိလို့မရဘူး။ ရောဂါသည် အစ်ကို ကိုခေါ်ထားမှာ သူလက်မခံဘူး။ ဒါနဲ့ အချေအတင် စကားများ တင်းမာပြီး ခုတော့ကင်းကွာသွားပြီ””
ထိုညက ကျွန်တော်တည်းသော အဆင့်မြင့် ဟိုတယ်ဒန်းလော့မွေ့ရာပေါ်မှာ ကျွန်တော်အိပ်မရ။ ကျွန်တော့်မျက်လုံးအထက်မှာ မှိုပွင့်သဏ္ဌာန်ချထား သော အကောင်းစားခြင်ထောင် ခြေရင်းမှာ တီဗွီ ရေပူရေအေး၊ ရေချိုးကန်၊ ရေခဲသေတ်္တာ၊ တစ်ညလုံး ပေါက်အိပ်မပျော်သော ကျွန်တော်မြင်နေသည်က ညီနှစ်ယောက်နှင့် လူမမယ် တူလေးတို့နေသော မြေ စိုက်ထဲတန်းလျား။အကြီးညီသားအဖက ၀ါးကွပ်ပျစ် ဂွမ်းကပ်အစုပ်အပေါ်မှာ။ ညီက မြေကြီးပေါ်တာ လပတ်ခင်းချအိပ်လျက်နေကြပုံများ ကျွန်တော်က ကျွန်တော်ကတော့ လေအေးစက်ညှင်းညှင်းလေး မှာ ချိုမြသော အမွှေးနံ့သင်းသင်းလေးနှင့် ညီအငယ် စကားကို ကျွန်တော်ကြားနေသည်။ ““တစ်ခါတစ် လေ ကိုကြီးညီက ““ကြောင်””ပြီး တရုတ်ဘက်ခြမ်း ရွှေလီတံတားထပ်ကနေ အော်နေတယ်။ ဟေ့ ဗမာပြည်ရေ ငါ့သားလေးကို ဗမာပြည်က ငါ့ကိုကြီး ငါ့မကြီးတို့ဆီပို့ပေးပါကွာ။ အေးကွာ။ ငါမကြားရတာ ကြာပြီဖြစ်တဲ့ မင်းတို့မူဆယ်ဘက်ခြမ်းတောင်ပေါ် စေတီဆွဲလွဲလေးတွေက သာယာလိုက်တာတဲ့။
ပြီးတော့ စိုင်းထီးဆိုင်ရဲ့ သံလွင်ချောင်းခြား သီချင်းကို ဆိုတော့တာပဲ။ သီချင်းထဲက ““သံလွင် ရေတွေ ကုန်ပါမှ တွေ့ရမှာလား””ကို အထပ်ထပ် ဆိုတယ်။ သြော် ညီရယ် အစ်ကိုတို့ တစ်တွေ သံ လွင်ရေတွေကုန်ပါမှ တွေ့ရမှာလား။

စည်သူမြသန်း
Hot News Journal

0 comments:

Post a Comment