Tuesday, April 7, 2015

ဗီဒီယို အကြိုခံစားခြင်း-ကမ်းခြေမှာ တွေ့တဲ့ခရု


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ ဟာသဇာတ်ကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါ တယ်။ ခရုတို့က ညီအစ်မနှစ်ယောက်ရှိပြီး ချောင်းသာကမ်းခြေမှာ နေပါတယ်။ ခရုက ကမ်းခြေမှာ ပုစွန်ကင်တွေလိုက်ရောင်းပါတယ်။ တိုးတက်ကတော့ ချောင်းသာကမ်းခြေမှာ ဘောကွင်း ငှားပါတယ်။ ခရုနဲ့ တိုးတက်က ဘဝတူတွေ ဖြစ်တာကြောင့် အရမ်းခင်သလို တစ်ယောက်ကိုတစ်ယောက်လည်း ကူညီကြပါတယ်။ခရုက မင်းသားနေတိုးကို အရမ်းကြိုက်ပါတယ်။ ကြိုက်တာကလည်း ရိုးရိုးတန်းတန်း မင်းသားတစ်ယောက်ကို ကြိုက်တာထက်ကို ပိုပါတယ်။ နေတိုးဇာတ်ကား ကြည့်နေရပြီဆိုရင် အကုန်လုံးမေ့နေတတ်ပါတယ်။ တစ်ရက်မှာလည်း သူ့အစ်မ အပြင်သွားနေချိန် အိမ်နောက်ဖေးမှာ တည်ထားတဲ့ ထမင်းအိုးကိုကြည့်ခိုင်းခဲ့တာ နေတိုးကား ကြည့်နေတာနဲ့ ထမင်းအိုးကို သတိမရဘဲ ဆန်ပြုတ်ဖြစ်သွားပါတယ်။

နောက်ပြီး ခရုက နေတိုးပုံတွေဝယ်ပြီး အိမ်တစ်ခု လုံးမှာကပ်ထားပါတယ်။ တချို့ပုံတွေ ဆိုရင်သူ့ရဲ့ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး နေတိုးရဲ့ ရင်ခွင်ထဲမှာ သူ့ပုံကို ကပ်ထားတာတွေလည်းရှိပါတယ်။ သူ့အစ်မကတော့ သူ့ညီမ ခရုရဲ့အကြောင်းကို သိနေတာကြောင့် မနိုင်လို့လွှတ်ပေးထားပါတယ်။

ချောင်းသာကမ်းခြေမှာ ဇာတ်ကားတွေ လာရိုက်သလို တစ်ရက်မှာတော့ ခရုကြိုက်တဲ့ နေတိုး ဇာတ်ကားလာရိုက်ပါတယ်။ ကမ်းခြေရောက်နေပေမယ့် လောဘကြီးပြီး ရိုက်နေတဲ့ ဒါရိုက်တာကြောင့် နေတိုးလည်း စိတ်ညစ်နေပါတယ်။ နောက်ပြီး ကမ်းခြေကို ထွက်ရင်လည်း ပရိသတ်တွေက သူ့ကိုမှတ်မိနေတာကြောင့် လွတ်လွတ်လပ်လပ်မနေရဘူးဖြစ်နေ ပါတယ်။ ကမ်းခြေကို ရှုတင်အဖွဲ့ ရောက်နေတယ်ဆိုတာ သိရတဲ့ အချိန်မှာတော့ နေတိုးပါ၊ မပါ ခရုသိချင်နေခဲ့ပါတယ်။ အဲဒါကြောင့်ပုစွန်ကင်ရောင်းရင်း ရိုက်ကွင်းရှိ နေတဲ့နေရာကို မယောင်မလည်နဲ့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့သူလျှောက်လာတာက ရိုက်ကွင်းနဲ့မလွတ်တာကြောင့် ရှုတင်မန်နေဂျာဟောက်တာကို ခံခဲ့ရပါတယ်။ဒါပေမဲ့လည်း ခရုကျေနပ်ခဲ့ပါ တယ်။ ဘာကြောင့်လဲဆိုတော့ သူအရမ်းကြိုက်တဲ့ နေတိုးကို အပြင်မှာ မြင်ခဲ့ရလို့ပါ။

ခရုရဲ့ သူငယ်ချင်းဘော ကွင်းငှားတဲ့ တိုးတက်ကို နေတိုးနဲ့ဆင်တယ်လို့ သူတို့ရပ်ကွက်ထဲက လူတွေက ပြောကြ ပါတယ်။ ခရု ကတော့ အဲဒါကိုလက်မခံပါဘူး။ ဒါပေမဲ့ အဲဒီ့သတင်းကိုနေတိုး ကြားတဲ့အချိန်မှာတော့ သူ့စိတ်ထဲမှာရှိတဲ့အတိုင်း နေချင်သလို လွတ်လွတ်လပ်လပ်နေနိုင်ဖို့ အခွင့်အရေး တစ်ခုရအောင် ဖန်တီးခဲ့ပါတယ်။

အဲဒါကတော့ ဘောကွင်းငှား တဲ့ တိုးတက်ကို သူအားနေတဲ့ အချိန်တွေမှာ လူချင်းလဲပြီး နေပေးဖို့ တောင်းဆိုခဲ့တာပါ။ တိုးတက်နေရာမှာ တိုးတက်ရဲ့ ပုံစံအ တိုင်းသွားနေတဲ့အချိန်မှာတော့ နေတိုးက သူနေချင်တဲ့ ပုံစံအတိုင်းလွတ် လွတ်လပ်လပ်နေခွင့်ရခဲ့ပါတယ်။ နောက်ပြီးတော့ သူ့ရိုက်ကွင်းမှာတုန်းက တွေ့ခဲ့တဲ့ ခရုကိုလည်း ပြန်ပြီးတွေ့ခဲ့ပါ တယ်။

ဒါပေမဲ့ ခရုကတော့ သူ့ကိုနေတိုးဆိုတာ ကိုမသိဘဲ တိုး တက်အနေနဲ့ပဲ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပါတယ်။ မင်းသား နေတိုး၊ဘောကွင်းငှားတဲ့ တိုးတက်နဲ့ပုစွန်ကင်ရောင်းတဲ့ ခရုတို့ရဲ့ ဇာတ်လမ်း ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ အောင်တိုင်း ကျော်ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမယ့် ကမ်းခြေမှာ တွေ့တဲ့ခရုဆိုတဲ့ ဇာတ်ကားမှာဆက်လက်ရှု စား ပေးပါ။ ဒီဇာတ်ကားမှာ နေတိုးနဲ့ တိုးတက်အဖြစ် နေတိုးက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး ခရုအဖြစ် ခင်ဝင့်ဝါက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ပြည်ဟိန်း သီဟရဲ့ ဇာတ်လမ်းကို စွမ်းပိုင် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူး ပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment