Thursday, April 9, 2015

သတင်းဂျာနယ်များကို မယုံကြည်ရန် မဘသတရားပွဲတွင် ဦးဝီရသူ ဟောပြော


ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းမတော်လမ်းတွင် ဧပြီ ၆ ရက်နေ့မှ စတင်ပြုလုပ်သော အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအသင်း၏ တရားပွဲသည် ဝေဖန်မှုများစွာ ထွက်ပေါ်လျှက်ရှိခဲ့ပြီး ဧပြီ ၈ ရက် ညမန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက တရားဟောပြောမှုတွင် သတင်းဂျာနယ်များကို မယုံကြည်ရန် ထည့်သွင်းဟောကြားသွားကြောင်း သိရသည် ။“ ဂျာနယ်တွေများ ထွက်လိုက်ကြတာ၊ရေးတော့လည်း ဘက်လိုက်ပြီး ရေးကြတယ်၊ ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ်ရေးကြတယ် ၊အဲဒါကြောင့် သတင်းစာတွေ ဂျာနယ်တွေကိုမယုံကြနဲ့” ဟုဆရာတော်က တရားနာသူ ပရိတ်သတ်အား ဟောပြောလိုက်သည်။

အဆိုပါ တရားပွဲ ညမတိုင်မီ ဧပြီ ၇ ရက်နေ့က တရားပွဲစီစဉ်သူအချို့နှင့် ဘာသာခြား ၀တ်ပြုကျောင်းတွင်း နေထိုင်သူတို့ အနည်းငယ် အချင်းများ ခဲ့ကြသောကြောင့် ပြည်တွင်းပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက် သတင်းယူခဲ့ကြကြောင်းသိရသည် ။

ဆရာတော်ဦးဝီရသူ ဟောကြားသော တရားပွဲစဉ်သို့ တရားနာပရိတ်သတ် လာရောက်မှုနည်းပါးခြင်း ၊ ဘာသာခြားဝတ်ပြုကျောင်းရှေ့တွင် တရားပွဲ ပြုလုပ်ခြင်း ၊ ယခင်ညများကဟောကြားသောတရားများတွင် လောကီရေးရာနှင့် ပတ်သက်သည့် ဟောပြောမှုများပါဝင်ခြင်းတို့ကြောင့် ဝေဖန်သံများ ထွက်ခဲ့ရကြောင်း လမ်းမတော်လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည် ။

“အရင်ကလည်း တရားပွဲလုပ်ပါတယ်၊ ဒါပေမယ့် ဗလီရှေ့အထိ မရောက်ဘူး၊ဒီတခါကျမှ ဗလီရှေ့အထိ ရောက်သွားတာ ပထမရက်က ဟောတဲ့ ဆရာတော်တွေရဲ့ တရားတွေကကောင်းတယ် အဲဒါကြောင့် ဒီနေ့ဆရာတော်ဦးဝီရသူ ဟောမယ့်နေ့မှာ တစ်စုံတစ်ခုဖြစ်မယ်ဆိုတဲ့ သတင်းတွေထွက်သွားတာ”ဟု အထက်ပါ တရားပွဲသို့ တရားနာ ကြွရောက်လာသူတစ်ဦးက ပြောသည် ။

ဆရာတော် ဦးဝီရသူ ဟောကြားသော တရားမှာ ဘုရားရွေးနည်းနိဿရည်း တရားတော်မြတ်ဖြစ်ပြီး တရားဟောပြောမှု ပြီးဆုံးသည်အထိ မည်သည့် ပြဿနာမှဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကေမျိုးနောင်
The Myanma Age

0 comments:

Post a Comment