Sunday, April 26, 2015

နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် (၃၂၀၀)ကျော်ထိ မြင့်တက်လာ


နီပေါနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်သည် (၃၂၀၀)ကျော်ထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ဧပြီ ၂၅ ရက်က လှုပ်ခတ်သွားသည့် ရစ်ခ်ျတာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးကြောင့် တိုက်တာ အဆောက်အအုံများ အက်ကွဲ ပြိုပျက်ခဲ့ပြီး လူအများအပြား သေကြေခဲ့ရာ ဧပြီ ၂၇ ရက် နံနက်ပိုင်းထိ စာရင်းအရ စုစုပေါင်း (၃၂၁၈)ဦးထိ အသေအပျောက် ရှိခဲ့ကြောင်း သိရသည်။ငလျင်ကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားခဲ့ရာ ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့များသည် ဝေးလံသီခေါင်သည့် ဒေသများမှ သတင်းများကို ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင် ကြားသိလာခဲ့ရသည်။ အထူးသဖြင့် တောင်ထူထပ်သော ဒေသများတွင် အခြေအနေဆိုးများ ဖြစ်ပေါ်ခဲ့ပြီး ယင်းကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရဆဲဟု ဆိုသည်။

ငလျင်လှုပ်ခတ်မှုကြောင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ရာ အစွန်အဖျား ဒေသများသို့ သွားရောက်ရန် အခက်အခဲများစွာ ရှိနေကြောင်း ဂေါ်ရခါးဒေသမှ အုပ်ချုပ်ရေးမှူး ပရာကက်ရှ် ဆူဘီဒီက ပြောကြားခဲ့သည်။ ဂေါ်ရခါးသည် ငလျင် ဗဟိုပြု လှုပ်ခတ်သွားသည့် နေရာလည်း ဖြစ်သည်။

“ရွာတွေတော်တော်များများ မြေပြိုတဲ့ဒဏ်ကို ခံခဲ့ရတယ်။ တချို့ လူ(၂၀၀)၊ (၃၀၀)ကနေ (၁၀၀၀)ထိ နေထိုင်တဲ့ ရွာတွေက ရွာလုံးကျွတ် ကျောက်တုံးတွေအောက် ရောက်သွားတယ်”ဟု World Vision ထောက်ပံ့ကူညီရေး အဖွဲ့မှ မတ်ဒါဗက်စ်က ပြောကြားခဲ့သည်။ “ဒေသ တော်တော်များများကို ရဟတ်ယာဉ်နဲ့ သွားမှပဲ အဆင်ပြေလိမ့်မယ်”ဟုလည်း ၎င်းက ဆိုသည်။

ငလျင်ကြီး၏ ဂယက်ကို မြို့တော် ခတ္တမန္ဒူမှအစ ရွာသိမ်ရွာငယ်များအဆုံး ဆိုးဆိုးရွားရွာ ကြုံတွေ့ ခံစားခဲ့ရပြီး ဧဝရတ်တောင်၏ တောင်နံရံအချို့လည်း ပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ ဧဝရတ်တောင် ပြိုကျမှုကြောင့် နိုင်ငံခြားသား တောင်တက်အဖွဲ့ တစ်ခု၏ အခြေစိုက် စခန်းတွင် လူ(၁၈)ဦး သေဆုံးခဲ့ပြီး (၆၁)ဦး ဒဏ်ရာများ ရရှိခဲ့သည်။

နီပေါရဲဌာနမှ ဒုတိယ စုံထောက်ချုပ် ကိုမယ်လ်ဆင်းဘမ်းက ဧပြီ ၂၇ ရက်တွင် အသေအပျောက် ပမာဏသည် (၃၂၁၈)ဦးထိ စာရင်း ရရှိထားပြီဟု ပြောကြားသွားသော်လည်း အခြားအသေးစိတ် အချက်အလက်များကိုမူ အသိမပေးခဲ့ချေ။

နီပေါငလျင်၏ဒဏ်ကို အိမ်နီးချင်း နိုင်ငံများလည်း ဆက်စပ်ခံစားခဲ့ရပြီး အိန္ဒိယတွင် (၆၁)ဦး သေဆုံးခဲ့သလို တိဘက်ဒေသတွင် လူ(၂၀) အသက်ဆုံးရှုံးကြောင်း တရုတ်အစိုးရက ကြေညာထားသည်။

_Ref: CBC
7Day Daily

0 comments:

Post a Comment