Wednesday, April 1, 2015

ရခိုင်ပြည်နယ်၌ White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံရာ ပထမနေ့တွင် လာရောက်အပ်နှံသူ (၁၇၆၁) ဦး ရှိခဲ့

စစ်တွေမြို့နယ်အတွင်း White Card များ ပြန်လည်အပ်နှံ စာရင်းရေးသွင်းနေကြသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)

White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံခဲ့ရာ ဧပြီ ၁ ရက် ပထမနေ့တွင် ရခိုင်ပြည်နယ်၌ လာရောက်အပ်နှံသူ ၁၇၆၁ ဦးရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့၌ White Card များသည် တရားမ၀င်သော ကတ်များအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ အဆိုပါ White Card ကိုင်ဆောင်ထားသူများ အနေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ လက်ခံရေးစခန်းများသို့ လာရောက်အပ်နှံရမည်ဖြစ်ကြောင်း၊ ယင်းသို့ အပ်နှံသူများအား သင့်လျော်သော ကတ်တစ်ခုခုကို ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ ပြည်နယ်လ၀ကမှူး ဦးခင်စိုးက “ရခိုင်ပြည်နယ်အနှံ့ လက်ခံရေးစခန်းတွေဖွင့်ပြီး လက်ခံပေးနေပါတယ်။ ဒီမနက်မှ စလက်ခံပေးတာပါ။ အေးအေးချမ်းချမ်းပါပဲ။ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ လာရောက်အပ်နှံတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီတစ်သန်းကျော်ရှိကြောင်း သိရသော်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ အရေအတွက်မှာ လ၀ကစာရင်းများအရ ၆၆၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မြို့နယ်တချို့မှ ဘင်္ဂါလီများသာ နိုင်ငံသားစိစစ်ရေးအတွက် လာရောက်လျှောက်ထားသော်လည်း လုံးဝမလျှောက်သော မြို့နယ်အများအပြား ရှိသေးကြောင်း၊ အထူးသဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့ ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြေပုံမြို့နယ်တွင် နိုင်ငံသား ၉၇ ဦးနှင့် နိုင်ငံသားပြုခွင့်ရသူ ၃၆၀ ကို လက်မှတ်များပေးထားပြီးဖြစ်ကာ ထပ်ပြီးလျှောက်လွှာတွင်ပါသော အသက် ၁၈ နှစ်အထက် ၁၀၆ ဦးကိုလည်း လက်မှတ်များ ပေးထားပြီးဖြစ်ကြောင်း၊ ကျန်သော သားသမီးများကိုမူ ရေးဖြည့်တုန်း ရှိသေးကြောင်း၊ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့နယ်များမှ ၈၂၅ ဦး အမည်စာရင်း ပေးသွင်းထားကြောင်း၊ ယင်းအနက် လိုအပ်သော အထောက်အထားများယူကာ အမှုတွဲ တည်ဆောက်ပြီးသူ ၃၇၂ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လက်မှတ်လက်ခံရေးစခန်း ၇၁ ခု ဖွင့်လှစ်ကာ လက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း White Card များ ပြန်လည်အပ်နှံ စာရင်းရေးသွင်းနေသူ အချို့ကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ယာယီသက်သေခံ လက်မှတ်များကို ပြန်လည်လက်ခံရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့မှ ၀န်ထမ်းများ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များက လက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။ သက်တမ်းကုန်ဆုံးပြီး ပြန်လည်အပ်နှံရမည် ယာယီသက်သေခံ လက်မှတ်များကို မအပ်နှံဘဲ ဆက်လက်ကိုင်ဆောင်ပါက ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေပုဒ်မ ၂၂ နှင့် ငြိစွန်းမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ ငြိစွန်းပါက ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ (၂) ဖြင့် တရားစွဲဆိုနိုင်ပြီး ၆ (၃) နှင့် တရားစီရင်နိုင်ကြောင်း၊ ပြစ်မှုထင်ရှားလျှင် နှစ်နှစ်ထက်မပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ၊ အလုပ်မဲ့ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငွေ ၅၀၀ ထက်မပိုသော ပြစ်ဒဏ်ကို ဖြစ်စေ၊ ငွေဒဏ်၊ ထောင်ဒဏ် နှစ်ရပ်လုံးကို ချမှတ်နိုင်ကြောင်း သိရသည်။ ယာယီသက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့်ရက်ကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက် သတ်မှတ်ခဲ့ပြီး မေ ၃၁ ရက်တွင် နောက်ဆုံးထားအပ်နှံရန် နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၃ ရက်အထိ စုစုပေါင်း ၅၉၀,၀၁၆ ဦး ရှိသည်။

မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီများ၏ သက်တန်းကုန်ဆုံး ၀ှိုက်ကတ်များအား စတင်အပ်နှံသည့်နေ့တွင် ကတ်အရေအတွက် ၉၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူ အများဆုံးရှိနေသည့် မောင်တောခရိုင်အတွင်း ၀ှိုက်ကတ်လက်ခံရာ စုရပ်ပေါင်း ၁၁ ခုဖွင့်လှစ်ကာ လက်ခံနေခြင်းဖြစ်ပြီး စတင်လက်ခံသည့် ဧပြီ ၁ ရက်တွင် ဘင်္ဂါလီ ၉၁၆ ဦး၏ ၀ှိုက်ကတ်များအား လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment