Wednesday, July 9, 2014

ပြင်သစ်ကမ္ဘာလှည့် ခရီးသည်ကို သတ်ဖြတ်သူအား မလေးရှား သေဒဏ်ချမှတ်



ပြင်သစ် ကမ္ဘာလှည့် ခရီးသည်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားသည့်နောက် ဆိုင်ပိုင်ရှင် တစ်ဦးကို မလေးရှား တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

မလေးရှားနိုင်ငံရှိ အပန်းဖြေ ကျွန်းတစ်ခုဖြစ်သည့် တီယိုမန်တွင် အသက်(၃၀)အရွယ် စတက်ဖနီဖိုရေးသည် (၂၀၁၁)ခုနှစ်၊ မေလအတွင်းက ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် (၃)လမျှ အကြာတွင် ကျွန်းပေါ်ရှိ ဂူတစ်လုံးထဲတွင် သူမ၏ ရုပ်အလောင်းကို တစ်ဝက်တစ်ပျက် ကျပ်စည်းထုပ်ပိုးထားသည့် အနေအထားဖြင့် တူးဖော်တွေ့ရှိခဲ့သည်။မလေးရှားနိုင်ငံ အရှေ့ပိုင်း၊ ပါဟန်းပြည်နယ်၏ မြို့တော် ကူယန်တန်ရှိ တရားရုံးက အသက်(၃၉)နှစ်ရှိ အက်စ်နီအိုမာကို ဖိုရေးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဇူလိုင်လ (၉)ရက်နေ့က ချမှတ်သော စီရင်ချက်သည် အဆိုပါ ကျွန်းပေါ်တွင် ဗြိတိသျှ ခရီးသည် ဂါရတ်သ်ဟန်တလေ ပျောက်ဆုံးသွားပြီး ရက်ပိုင်းမျှ အကြာတွင် ဖြစ်သည်။ အိုမာသည် တီယိုမန် ကျွန်းပေါ်တွင် အမှတ်တရ ပစ္စည်းများ ရောင်းချသည့် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသည်။

သေဒဏ်စီရင်ချက်ကို အတည်ပြု ချမှတ်ပြီးနောက် တရားခွင်တွင် အိုမာ၏မိခင် အီရီနီမော်တဲလ်က ငိုကြွေးရင်း “ကျွန်မမှာ မျှော်လင့်စရာ ဘာမှမရှိတော့ဘူး။ ဒါအကုန်ပဲ။ ဘာကိုမှာ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး ဆိုတာ ကျွန်မသိတယ်”ဟု ပြောကြားခဲ့သည်။ သူမသည် ဖိုရေး၏ ဖခင်ဖြစ်သူ ဂျိုဝယ်လ်ဖိုရေးနှင့်အတူ တရားခွင်မှ ထွက်ခွာသွားခဲ့သည်။

တရားသူကြီး မာရီယာနာ ယာဟာက “ခုခံလျှောက်လှဲတဲ့ တရားပြိုင်ဘက်မှာ အပြစ်ရှိကြောင်း အကျွန်ုပ်အတည်ပြု ဆုံးဖြတ်တယ်။ ဒီအတွက် ပြစ်ဒဏ်ကလည်း တစ်ခုတည်းပဲ။ တရားခံကို ကြိုးဒဏ်ချမှတ်ပါတယ်”ဟု စီရင်ချက်ကို ဖတ်ကြားအတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဖိုရေးသည် အိုမာထံမှ အကျွမ်းဝင်ရန် ချဉ်းကပ်မှုကို ပစ်ပစ်ခါခါ ငြင်းပယ်သည့်နောက် အိုမာက သူမကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဟု စွပ်စွဲခံရသည်။ အဆိုပါမှုခင်းသည် ကမ္ဘာလှည့် ခရီးသည်များကို ရန်ပြုတိုက်ခိုက်မှုမျိုး အလွန်ဖြစ်ခဲသည့် မလေးရှားနိုင်ငံတွင် တုန်လှုပ်စရာ အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ အိုမာ၏ ရှေ့နေများက မိမိတို့သည် ပိုမိုအဆင့်မြင့်သော တရားရုံးတွင် ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားထားသည်။

_Ref: Channelnewsasia

7Day Daily

0 comments:

Post a Comment