Tuesday, July 1, 2014

အလုပ်ရှင် အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်ပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်ဟုဆို


ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ခလစာ အပါအဝင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး စက်မှုဇုန်များလည်း တိုးလာနေရာ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်ပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။မန္တလေးမြို့တော်ရှိ Great wall ဟိုတယ်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အလုပ်ရှင် အလုပ်သမားများကြား ဖြစ်ပွားခဲ့သည့် အမှုများတွင် လုပ်ခလစာနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရမှု အများဆုံးဖြစ်ပြီး အလုပ်သမား ဥပဒေနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမားများ သိရှိနားလည်ရန် လိုအပ်ကြောင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ထပ်မံပြောကြားသည်။

“အလုပ်သမားတွေ လုပ်ဆောင်နေရတဲ့ အလုပ်နဲ့ သင့်တင့်မျှတတဲ့ အနည်းဆုံး လုပ်ခကြေးငွေ ထွက်ပေါ်လာရင်တော့ ဒီအလုပ်သမား အလုပ်ရှင် ပြဿနာတွေ နည်းပါး ပျောက်ကွယ်သွားမယ်လို့ ထင်ပါတယ်။ အခုလည်း အနည်းဆုံး လုပ်ခကြေးငွေစာရင်း ကောက်ခံဖို့အတွက် အဖွဲ့တွေလည်း ဖွဲ့နေပါပြီ” ဟု အောင်စိန် ချည်မျှင်နှင့် အထည်စက်ရုံတွင် ဖွဲ့စည်းထားသည့် တံခွန်(၁) အလုပ်သမားအဖွဲ့ တာဝန်ရှိသူ ဦးကျော်ကျော်ထွန်းက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် အခြားလုပ်ငန်းများမှ အလုပ်ရှင် အလုပ်သမားများကြား ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၂၁၉၅ ခုထိ ရှိခဲ့ပြီး မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များက ညှိနှိုင်းဖျန်ဖြေပေးခဲ့ပြီး ခုံသမာဓိက ၁၆၄ မှု ဖြေရှင်းပေးရပြီး ကောင်စီအဆင့် ဖြေရှင်းပေးခဲ့ရသည့် အမှုပေါင်း ၈၆ မှု ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

“နောက်ဆို Free Trade Area တွေ ဖြစ်လာတဲ့အချိန် လွတ်လပ်စွာ ကူးလူးဆက်ဆံမှုတွေ ရှိလာမယ်။ ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်ချင်ရင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေ၊ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ မဖြစ်ပွားဖို့ လိုပါတယ်” ဟု မန္တလေးစက်မှုဇုန် အတွင်းရှိ မေမေဂျယ်လီစက်ရုံ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ပေါင်း ၃၂၅ ဖွဲ့၊ တိုင်းဒေသကြီး ဖျန်ဖြေရေး ခုံသမာဓိ ၁၄ ဖွဲ့နှင့် နေပြည်တော်ကောင်စီတွင် ခုံသမာဓိကောင်စီ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့တို့ဖြင့် ဖွဲ့စည်းပေးထားပြီး အလုပ်ရှင် အလုပ်သမား ပြဿနာများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနပေါင်းစုံမှ တာဝန်ရှိသူများပေါင်းကာ ညှိနှိုင်း ဖျန်ဖြေပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment