Wednesday, July 2, 2014

ကိုလံဘီယာနှင့်ပွဲတွင် ရိုဒရီဂွတ်ဇ်ကို ဘရာဇီး ထိန်းချုပ်ထားနိုင်ရန် နေမာမျှော်လင့်



ကိုလံဘီယာနှင့် ကစားမည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို မလှုပ်နိုင်အောင် ထိန်းချုပ်ထားရန် ကြိုးစားရမည်ဟု ဘရာဇီး တိုက်စစ်မှူး နေမာက ဝန်ခံပြောကြားခဲ့သည်။

ကိုလံဘီယာ အသင်း၏ တောင်ပံတိုက်စစ်သမားသည် ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ခြေစွမ်းရနေပြီး ပွဲတိုင်းဂိုးသွင်းကာ စုစုပေါင်း (၅)ဂိုးထိ ရရှိထားသည်။ အိမ်ရှင်ဘရာဇီး အသင်း၏ ကြယ်ပွင့် ကစားသမား နေမာကမူ လက်ရှိအချိန်တွင် (၄)ဂိုး သွင်းယူထားပြီး ဖြစ်သည်။တောင်အမေရိက ထိပ်တန်းနှစ်သင်း ကွာတားဖိုင်နယ်၌ တွေ့ဆုံနေရာတွင် အသက်(၂၂)နှစ်အရွယ် မိုနာကို ကစားသမားသည် ဘရာဇီးအတွက် ထိုးနှက်မှုများ ပြုလုပ်လာနိုင်ကြောင်း မက်ဆီက အသိအမှတ် ပြုခဲ့သည်။ ဘာစီလိုနာ အသင်း၏ တိုက်စစ်မှူးက “ရိုဒရီဂွတ်ဇ်က တကယ့်ထိပ်တန်း ကစားသမား တစ်ယောက်မှန်း ကျွန်တော် သဘောပေါက်ပါတယ်။ ဒီပြိုင်ပွဲကြီး မတိုင်ခင် ကတည်းက သူ့အရည်အချင်းတွေကို ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလားမှာတော့ သူ့ပင်ကိုပါရမီက အပေါ်လွင်ဆုံး ဖြစ်လာပါတယ်”ဟု ဆိုသည်။

နေမာက “လူတွေက အသက်(၂၂)နှစ်လောက် ကစားသမားတွေဟာ ကိုယ့်အသင်းရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မလား ဆိုတာမျိုး မေးခွန်းထုတ်တတ်တယ်။ ဘောလုံးမှာ အသက်အရွယ်က အရေးမကြီးပါဘူး။ အတွေ့အကြုံကပဲ အထောက်အကူ ဖြစ်စေတာပါ။ ကျွန်တော်က အသက်(၂၂)နှစ်ပဲ ရှိသေးပေမယ့် ဘဝမှာ အများကြီး ဖြတ်သန်းသင်ယူခဲ့ပြီးပါပြီ။ အတွေ့အကြုံကောင်းတွေလည်း ရခဲ့ပါတယ်။ ရိုဒရီဂွတ်ဇ်ကလည်း အသက်ငယ်ပါသေးတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူလောက်ပဲ။ ဒါပေမဲ့ သူဟာ ထိပ်တန်း ကစားသမား တစ်ယောက်ဆိုတာ ပြခဲ့တယ်။ သူလုပ်ပြခဲ့သမျှအတွက်လည်း ကျွန်တော် ဂုဏ်ပြုချင်ပါတယ်”ဟု ဆိုသည်။

၎င်းက “ကိုလံဘီယာဟာ အသင်းကောင်း တစ်ခုပါ။ သူတို့က ကစားသမျှ ပွဲတိုင်းမှာ ခြေစွမ်းပြ အနိုင်ရထားတယ်။ ပွဲတိုင်းပွဲတိုင်း သူတို့ရဲ့ ခွန်အားနဲ့ လုံ့လကို အထက်သန်ဆုံး ပြသခဲ့တယ်။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ချိန်မှာတော့ ရိုဒရီဂွတ်ဇ်ရဲ့ စွမ်းရည်တွေကို ရပ်တန့်ပစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပြိုင်ဘက်ကို မလေးမစား ပြောတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာကို ကျော်ဖြတ်ပြီး ဘရာဇီးအသင်း နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ထားပါတယ်”ဟုလည်း ပြောကြားသွားသည်။

_GOA

7Day Daily

0 comments:

Post a Comment