Monday, December 1, 2014

အီရတ်စစ်တပ်တွင် အမှန်တကယ် မရှိဘဲ လစာပေးထားရသည့် စစ်သည် ၅၀၀၀၀ ရှိနေကြောင်း တွေ့ရှိ



အီရတ် စစ်တပ်အတွင်းရှိ ခြစားမှုများကို စုံစမ်းစစ်ဆေးမှု တစ်ခုအတွင်း အမှန်တကယ် မရှိသည့် စစ်သည် ၅၀၀၀၀ အတွက် လစာသတ်မှတ်ထားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

အဆိုပါ စစ်သား ၅၀၀၀၀ ကို တစ္ဆေစစ်သားများဟု မီဒီယာများက သုံးနှုန်းခေါ်ဝေါ်ကြသည်။ ယင်းတို့သည် အီရတ်စစ်တပ်အတွင်း လုံးဝမရှိခဲ့ခြင်း၊ သို့မဟုတ် တာဝန်ဆက်လက် ထမ်းဆောင်ခြင်း မရှိသူများ ဖြစ်သော်လည်း လုပ်ခလစာ တွက်ချက်မှုများတွင် အမည်ထည့်သွင်း ဖော်ပြထားသည်။အီရတ်ဝန်ကြီးချုပ်ရုံးက အဆိုပါ ကိစ္စကို အတည်ပြု ကြေညာပြီးနောက် နိုင်ငံတော် အသုံးစရိတ် အနက်မှ ၎င်းတစ္ဆေစစ်သား ၅၀၀၀၀ ကျော်ကို လစာပေးချေနေရမှုအား ရပ်တန့်တော့မည်ဟု ဖော်ပြခဲ့သည်။

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့ကို တားဆီးတိုက်ခိုက်ရာတွင် အီရတ်စစ်တပ် အနေဖြင့် ရုန်းကန်နေရသည့် အဓိက အကြောင်းရင်းသည် ခြစားမှုများကြောင့်ဟု ဝေဖန်မှုများ ရှိနေစဉ် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ဝန်ကြီးချုပ်ဟာ တစ္ဆေစစ်သားတွေ ကိစ္စကို အလေးအနက် ကိုင်တွယ်ခဲ့တယ်။ ဒီလို မသမာမှုတွေကို တိုက်ဖျက်ခဲ့တယ်။ ပြဿနာကို အရင်းအမြစ်ထိ ဖော်ထုတ်ပြီး အဖြေရှာခဲ့တယ်”ဟု ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရာဖစ်ဂျာကူဘီက ဆိုသည်။

အမှန်တကယ် မရှိသည့် စစ်သည်များ၏ လုပ်ခလစာများကို ထုတ်ယူပြီးနောက် ယင်းတို့သည် အကျင့်ပျက် စစ်ဘက်အရာရှိများထံ ရောက်ရှိသွားသည်ဟု ယူဆရကြောင်းလည်း သိရသည်။

အီရတ်စစ်ဘက် အရာရှိ တစ်ဦးက အဆိုပါ တစ္ဆေစစ်သည် ၅၀၀၀၀ ၏ အမည်များတွင် ယခင်ကတည်းက သေဆုံးခဲ့ပြီးဖြစ်သော၊ သို့မဟုတ် မကြာသေးမီ အတောအတွင်း တိုက်ပွဲကျသွားသော စစ်သည်များ၏ အမည်များလည်း ပါဝင်နေကြောင်း AFPသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းကို IS တပ်ဖွဲ့များက လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ပြီး နယ်မြေ အများအပြားကို သိမ်းယူခဲ့ရာ အီရတ်စစ်တပ်၏ အရည်အသွေး ညံ့ဖျင်းမှုများ ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။

_Ref: BBC

7Day Daily

0 comments:

Post a Comment