Saturday, April 4, 2015

အပစ်အခတ် ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို တပ်မတော်သား ကိုယ်စားလှယ် အရေးကြီးအဆို တင်၍ ထောက်ခံ


ပြီးခဲ့သည့် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းကို လက်မှတ်ရေးထိုး နိုင်ခဲ့မှုကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၊(NCCT) တို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
၎င်းက "တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်"ဟု ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းကို လက်မှတ်ထိုးပြီး ၃ ရက်အကြာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။


ဗိုလ်မှူးချုပ်တင့်ဆန်းက ပြည်တွင်းပြည်ပတွင် အလွတ်သဘော ၂၂ ကြိမ်နှင့် တရားဝင် ခုနစ်ကြိမ် ဆွေးနွေးခဲ့သည့် ရလဒ်အရ မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခြင်းသည် NCA (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်)အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်နေပြီဟု ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အချိန်တိုကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်ရေးသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ အပါအဝင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ယင်းအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။  

“နှစ်ပေါင်းများစွာ ယခုကဲ့သို့ အပစ်အခတ် ရပ်စဲနိုင်ခဲပြီး ထာဝရငြိမ်းချမ်းရေးကို ဆက်လက် ဆောင်ရွက်နိုင်ဖို့လည်း ဆုတောင်းပါတယ်၊ သဘောတူညီမှုတွေလည်း ရေရှည်ဆက်တည်တံ့ နိုင်ဖို့ ဆန္ဒပြု ပါတယ်" ဟု ၎င်းက ဆိုသည်။

ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် ဆူပူအကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခများ ဖြင့် ဖြေရှင်း၍ မရနိုင်သည်ကို သင်ခန်းစာရရှိခဲ့ပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ် (၇၀) ပြည့် တပ်မတော်နေ့ အခမ်းအနား၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။
Mizzima

0 comments:

Post a Comment