Friday, April 3, 2015

လိုချင်တာက ဒီမိုကရေစီ…လုပ်နေတာက ဂျလေဘီ… ဖြစ်ချင်တာက စင်္ကာပူတိုက်(Type)….ဖြစ်နေတာက မင်းမဲ့စရိုက်…………။ ။


ဂျာနယ်တွေမှာ လီကွမ်ယုအကြောင်း ရေးလို့ကောင်းနေတုန်းပဲ။ တစ်ကော်လံ နှစ်ထောင်စားတွေရော၊တစ်မျက်နှာ တစ်သောင်းစားတွေရော၊ ခန်းဆက် ဆောင်းပါးရှည်တွေရော မျိုးစုံပဲ။ အီဆွတ်ရဲ့ တစ်ထောင့်တစ်ည ပုံပြင်များက အရှုံးပေးရလောက်တယ်။ဘုန်းတော်ဘွဲ့၊ပတ်ပျိုး၊ယိုးဒယားတွေ ရေးသားခဲ့တဲ့ မြ၀တီမင်းကြီးဦးစတို့ သြချရလောက်တယ်။ကောဏ္ဍညလို ပုဏ္ဏားမျိုးတော့ သနားတယ် ပြောမလားမှတ်ရတယ်။ လီကွမ်ယု ၀မ်းထဲမှာ အူဘယ်နှခွေရှိတယ်ဆိုတာကအစ သိသိနိုင်ကြလွန်းတယ်။လီကွမ်ယု တစ်နေ့ အိမ်သာဘယ်နှခါတက်ခဲ့တယ်၊မသေခင်အထိ အီးဘယ်နှတုံး ဆိုတာတောင် ထည့်လို့ရရင် ထည့်ချင် ကြတဲ့ပုံ။ နာမည်မကျော်တဲ့ အဆိုတော်တွေ ဘယ်သူ့ အထိမ်းအမှတ်၊ဘယ်ဝှါအလွမ်းပြေ ဆိုပြီး ပြန်ဆိုတေးတွေနဲ့ လုပ်စားနေကြသလို တိုင်းသိ၊ပြည်သိ၊ ကမ္ဘာသိတွေ မြန်မြန်နဲ့ များများ သေပါစေ ဆုတောင်းနေသလား မှတ်ရတယ်လို့ ဒီလိုတော့လည်း မစွပ်စွဲချင်ပါဘူး။

စင်္ကာပူလို ကျွန်းသေးသေးလေးကို မလေးရှားလက်အောက်ခံဘ၀နေ ကမ္ဘာ့ထိပ်တန်း နိုင်ငံစာရင်းဝင်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကမ္ဘာကျော်လီကွမ်ယုအကြောင်းက ဘယ်သူမဆို အတုယူဖွယ် ကောင်းလောက်အောင်လည်း ဖြစ်နေတာကို။တစ်ဘက်က တွေးကြည့်ပြန်ရင်လည်း စာဖတ်နေသူကြီးနဲ့ လက်ရှိသမ္မတတို့ကို ထိကပါးရိကပါး Indirectမြားတွေ လွှတ်နေသလား မှတ်ရတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။လီကွမ်ယုဟာ စံနမူနာပြ လူပုဂ္ဂိုလ်ဆိုတာတော့ မငြင်းလိုပါဘူး။တစ်ခုပဲ လီကွမ်ယု ဘယ်လို တော်ကြောင်း၊ဘယ်လို ထက်ကြောင်း၊ဘယ်လိုခေါင်းဆောင်မှု ကောင်းကြောင်း ပြောမဆုံးပေါင် တောသုံးတောင်နဲ့ ချီးမွမ်းခန်းဖွင့်လို့မပြီးနိုင်တဲ့ ဆရာ့ဆရာတွေက လီကွမ်ယုရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ၊ခေါင်းမာတဲ့ ဆုံးဖြတ်ချက်တွေ၊ လူ့အခွင့်အရေးထက် တည်ငြိမ်အေးချမ်းရေးကို အလေးပေးတာတွေ၊ စင်္ကာပူနိုင်ငံသားတွေရဲ့ နောက်လိုက်ကောင်းပီသတာတွေကျ မြွက်ဟဖို့ အားစေးမိနေသလား မှတ်ရတယ်။ဖတ်မိသမျှ ဆောင်းပါးတွေမှာ သာမန်ကာလျှံကာ လောက်ပဲ ပါတာတွေ့ရတယ်။

ဥပမာပြောရရင် တီယင်မင်အရေးအခင်းတုန်းက တိန့်ရှောင်ဖိန်ကြီးက ဒီလိုမိန့်တယ်။ ကျောင်းသားနှစ်သိန်းဆိုရင်လည်း သတ်သင့်ရင်သတ်ရမယ်။ဒီလိုမှမလုပ်ရင် တရုတ်နိုင်ငံဟာ နှစ်ပေါင်းတစ်ရာလောက် ဒုက္ခရောက်သွားနိုင်တယ်တဲ့။အဲ့သလို ပြောဆိုလိုက်တာကို လီကွမ်ယုကြီးက တိန့်စကားကို သူနားလည်ပေးနိုင်ပါတယ်လို့ ပြောခဲ့တယ်ဗျ။အဲ့ဒါမျိုးကို ဘယ်ဆောင်းပါးဆရာကမှ ကိုးကားဖော်ပြတာ မတွေ့ရသလောက်ပဲ။နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လီကွမ်ယုကို အနောက်နိုင်ငံတွေက မကြာခဏ ဝေဖန်ကြပေမယ့် လွတ်လပ်မှုသည် ငြိမ်ဝပ်မှု ကောင်းသည့် တိုင်းပြည်၌သာ ရှိနိုင်သည်။ မင်းမဲ့စရိုက်(သို့) ပဋိပက္ခ အဆက် မပြတ်ဖြစ်နေပါက မရနိုင်..ဆိုတဲ့ သူ့မူဝါဒကို တရားသေဆုပ်ကိုင်ပြီး ခေါင်းမာမာနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့တာကိုတော့ ထည့်ပြောဖို့ မေ့လျှော့နေလေရဲ့။

အဲ့ဒီအယူအဆအတိုင်းပဲ နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောက်ယှက်လာတဲ့ မည်သူ့ကိုမဆို တရားရုံးထုတ်စစ်ဆေးခြင်းမပြုဘဲ ဖမ်းဆီးထိန်းသိမ်းတာဟာ တရားမျှတယ်လို့ခံယူပြီး ပြောသလိုလုပ်၊လုပ်သလို ပြောခဲ့တဲ့ လီကွမ်ယုရဲ့ တင်းမာပြတ်သားမှုကိုလည်း ထုတ်နှုတ်ကိုးကားတာ ဘယ်ဂျာနယ်မှာမှ မတွေ့ရ သလောက်ပါပဲ။လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးအတွက် လူ့အသိုင်းအ၀ိုင်းရဲ့ အစိတ် အပိုင်းတစ်ခုက မနှစ်မြို့တာတွေကို ကျွန်ုပ်တို့ လုပ်ကိုင်ကြရတဲ့ အချိန်အခါ ရှိလာမယ်ဆိုတာကိုလည်း ချီးမွမ်းထောမနာပြု စာစုတွေမှာ ကျောက်ခဲရေညှစ်တာမှ အရေထွက်ချင် ထွက်ပါလိမ့်မယ်။ချစ်တီးခေါင်း သန်းရှာတာမှ တွေ့ချင်တွေ့ရပါလိမ့်မယ်။ မြန်မာပြည်ထုတ် ဂျာနယ်များမှ တစ်လုံးတစ်ပါဒမှ မတွေ့ရကြောင်းပါ။

နောက် မီဒီယာတွေနဲ့ လီကွမ်ယုအကြောင်း။မြန်မာပြည်မှာ သမ္မတကအစ ပြာတာအဆုံး အသုံးတစ်စက်မှ မကျသလိုလို မှန်တာက၁ရာနှုန်း၊မှားတာက တစ်ပုဒ်လုံးဆိုသလို အစိုးရလုပ်သမျှ အပုပ်ချဝေဖန် ပုတ်ခတ်တတ်ပေမယ့် အစိုးရက သည်းခံနေတဲ့အချိန်မှာ မဆင်မခြင် ဖိရေး။ပြီးရင် ကိုယ့်ဘက်က လွန်/မလွန် မတွေးဘဲ တရားစွဲခံရင်တော့ နှုတ်ခမ်းမှာ တိတ်ကပ်ပြီး မီဒီယာဖိနှိပ်မှုရပ်..လို့ လုပ်တတ်ကြတဲ့ ဆရာ့ဆရာများက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မခံတာလား၊ အမြင်လျှမ်းပြီး အပြင်ပန်းပဲ ရေးတာလားတော့ မပြောတတ်ဘူးဗျ။ လီကွမ်ယုဟာ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအရဖြစ်စေ၊မူဝါဒကို စော်ကားလာရင်ဖြစ်စေ ဆတ်ဆတ်ထိမခံဘဲ မီဒီယာတွေကို တရားစွဲတတ်တယ်ဆိုကိုတော့ ထိန်ချန်ထားပြန်သဗျ။မီဒီယာတွေ တရားတဘောင်ရှုံးလို့ ဂင်းနစ်မှတ်တမ်းတင်ရင်တောင် မှတ်တမ်းဝင်လောက်တဲ့ လျှော်ကြေးငွေတွေ ပေးခဲ့ရတယ်ဆိုတာလည်း ပြူးပြဲရှာတဲ့သူသာ မူးလဲမှာ စိုးရပါရဲ့။

နောက် ပြည်သူတွေနဲ့ပတ်သက်လို့ ကောင်းသောအစိုးရရှိဖို့ ကောင်းသောလူတွေ လိုအပ်တယ်ဆိုတဲ့ မိန့်မှာစကားပါ။ဒါဟာ အစိုးရအဖွဲ့ကိုရော ပြည်သူတွေပါ ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကောင်းသောအစိုးရ မရှိဘူးလို့ မီဒီယာတချို့က တောက်လျှောက်ထောက်ပြနေကြတယ်။ ကောင်းပါပြီ။ ခင်ဗျားတို့ ကျွန်တော်တို့ကရော ကောင်းသော ပြည်သူတွေပါလား။ ထောက်ပြဝေဖန်နေကြတဲ့ ပုဂ္ဂိုလ်များကရော အင်မတန် သမာသမတ်ကျတဲ့ ကလောင်ရှင်တွေပါလား။ ပြန်စဉ်းစားရမယ့် အပိုင်းတွေ ရှိနေပါတယ်။

ချစ်သူကိုတော့ သာစေ၊ မုန်းသူကိုတော့ နာစေ..ဆိုတာ ပြည်သူလူထုကို အသိပညာ ဗဟုသုတတွေ ဖြန့်ဖြူးနေတဲ့ မီဒီယာတွေမှာ ရှိနေသင့်ပါသလား။ ကြားနေမဟုတ်ဘဲ တစ်ဘက်ရပ်(သို့)တစ်ဘက်သတ် မီဒီယာဆိုတာ ရှိသင့်ပါသလား။ ပြန်မေးခွန်းထုတ် ရမယ့် အပိုင်းတွေ ရှိလာပါတယ်။ကျွန်တော်တို့ လေ့လာမိသလောက်တော့ မီဒီယာ တော်တော်များများဟာ ကိုယ်လိုရာဆွဲရေးနေကြတာ၊ကိုယ်လိုတာပဲ ကွက်ဖော်ပြ နေကြတာ များပါတယ်။ဖြတ်ညှပ်ကပ်ဆိုတာ မီဒီယာအတတ်လို့ ဆိုစမှတ်ပြုရမယ့် အခြေအနေ ဆိုက်ရောက်နေပါတယ်။

ကျောင်းသားအရေးအခင်းမှာပဲ ကြည့်ပါ။ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ ထိန်းသိမ်းရ ခက်ခဲအောင်၊ဘေးကြပ်နံကြပ်ဖြစ်အောင် စက္ကန့်မခြား သတင်းတွေတင်ပေးပြီး လောင်တဲ့မီး ပိုကြီးအောင် ဖူးဖူးမှုတ်ကြတယ်။ ကျောင်းသား မဟုတ်တဲ့အိုကြီးအိုမတွေကို ကြာကလပ်နဲ့ဆွမ်းတော်မတင်ရုံတမယ် ကျောင်းသား

ခေါင်းဆောင်ပါလို့ သိဒ္ဓိတင်ပေးကြတယ်။ ကျောင်းသားတွေဘက်က အမှားကို လုံးလုံး လျားလျား ထိန်ချန်ထားပြီး အစိုးရဘက်က ဖြိုခွင်းတော့ အကြမ်းဖက်တယ် ဆိုကြ တယ်။ ဥပဒေချိုးဖောက်ပြီး နိုင်ငံတော်အလံ ဖြုတ်ချတဲ့သူတွေ၊နိုင်ငံဆူဆူပူပူဖြစ်အောင် လုပ်တဲ့သူတွေကိုကျတော့ သူရဲကောင်းသဖွယ် ပုံဖော်ပေးပြီး တရားစွဲဆိုတဲ့ အစိုးရနဲ့ ဥပဒေကြောင်းအရ ထိန်းသိမ်းတဲ့ ၀န်ထမ်းတွေကိုတော့ တရားခံသဖွယ် ပုံဖော်ပေး ကြတယ်။ အမှန်တကယ်က ၀ိုင်းထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ တာဝန်ယူတတ်မှု၊တာဝန်သိမှုတွေ မြင့်မားလာအောင် တစ်ဘက်တစ်လမ်းက ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ မင်းမဲ့စရိုက်ကို သရုပ်ခွဲပြရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ အမျိုးသားရေးကို ယှဉ်တွဲတွေးတတ်အောင် ဆွဲဆောင်ပေးရမှာ ဖြစ်ပါတယ်။

မီဒီယာတွေအနေနဲ့ အစိုးရကို စဉ်ဆက်မပြတ် ဝေဖန်ရေးတွေ လုပ်နေသလို၊ အတိုက်အခံတွေအပေါ်မှာလည်း မာမာချာချာ ဝေဖန်ပေးရမှာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက် ဆေးရိုးလှမ်းနေတဲ့ ပြည်သူတချို့ကိုလည်းတင်းတင်းမာမာ

ဝေဖန်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အကြပ်အတည်း မျိုးတွေဖြစ်မလာအောင် ချော့သင့်က ချော့ရမှာ ဖြစ်ပါတယ်။ ခြောက်သင့်က ခြောက်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိမယ်ဆို လက်သင့်ရာ စားတော်မခေါ်ဘဲ အမုန်းခံ ပြောရဲဆိုရဲ ထောက်ပြရဲရမှာ ဖြစ်ပါတယ်။ဂျာနယ်ရောင်းအားတက်ရေးထက် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ကြီးတဲ့အမှုငယ်အောင်၊ငယ်တဲ့အမှု ပပျောက်အောင် လုပ်ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။အဲ့ဒါမှ မဏ္ဍိုင်ပီသပါလိမ့်မယ်။မဏ္ဍိုင် ကြံ့ခိုင်ပါ လိမ့်မယ်။

ဒါပေမယ့် မီဒီယာတော်တော်များများမှာ ခုလုပ်နေတာတွေက ဥပဒေမဲ့ လုပ်နေသူတွေ ပိုဥပဒေမဲ့ချင်လာအောင်၊စည်းကမ်းဖောက်နေသူတွေ ပိုစည်းကမ်းဖောက်ချင် လာအောင်၊အစိုးရကို မုန်းတီးနေသူတွေ ပိုမုန်းတီးလာအောင် ရည်ရွယ်ချက်ရှိရှိ ၀ါဒဖြန့်ပေးနေသလို ဖြစ်နေပါတယ်။သူများကိုသာ ဝေဖန်ရေးတွေ၊လေကန်ရေးတွေ

ပြောင်ကျကျ လုပ်နေပေမယ့် ကိုယ့်ကိုယ်ကို ဝေဖန်ရေးကတော့ ဆိတ်သုဉ်းနေဆဲ ပဲ ဖြစ်ပါတယ်။

လီကွမ်ယုကို သဘောကျတယ်ဆို လီကွမ်ယုရဲ့ အယူအဆတွေကိုလည်း မခြွင်းမချန် ဖော်ပြရမှာဖြစ်ပါတယ်။စင်္ကာပူကို သဘောကျတယ်ဆို စင်္ကာပူနိုင်ငံသားတွေအပေါ် လီကွမ်ယုက တင်းကြပ်တဲ့ မူဝါဒနဲ့ စည်းကမ်းတွေ ချမှတ်ထားပြီး အဲ့ဒီအောက်မှာ ကြည်ဖြူကျေနပ်စွာ လိုက်နာနေထိုင်တဲ့ ပြည်သူတွေရဲ့ စရိုက်လက္ခဏာတွေကိုလည်း ဖော်ပြရဲရမှာ ဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ ကြက်ဥတစ်လုံးမှာ အကာနဲ့အနှစ်ကိုပယ်ပြီး ပန်းရောင်ပြေးနေတဲ့ အခွံလေးက လှလိုက်တာ ဆိုရင်တော့ ဘာသဘောလဲ မေးရပါလိမ့်မယ်။

ဒါနဲ့ပတ်သက်ပြီးဆက်စပ်တွေးလိုက်မိပါတယ်။ထိုင်းစစ်တပ်အာဏာသိမ်းစက

ပြည်သူတွေ ပန်းကုံးစွပ်ကြိုဆိုတာကို မီဒီယာတွေမှာ တစ်ခမ်းတနား ဖော်ပြကြတယ်။ လမ်းပေါ်ထွက် ဆူပူသူတွေကို ပစ်သတ်တော့ ထည့်ဖို့မေ့လျှော့သွားကြတယ်။ လိုအပ်ရင်မီဒီယာသမားတွေကို သေဒဏ်ပေးပစ်မယ်ဆိုတော့ ဖောင့်ဆိုဒ်သေးသေးနဲ့

ကျောဖုံးမှာ မတတ်သာလို့ ထည့်ရေးတာ တစ်စောင်လား တွေ့မိလိုက်ပါတယ်။

လိုချင်တာက ဒီမိုကရေစီ…လုပ်နေတာက ဂျလေဘီ။ဖြစ်ချင်တာက စင်္ကာပူတိုက် (Type)….ဖြစ်နေတာက မင်းမဲ့စရိုက်ဆိုရင်တော့ မကိုက်သေးဘူး ဆရာတို့ရေ..လို့ ဆိုလိုက်ပါရစေ..။

Aung Zay

0 comments:

Post a Comment